တရုတ်က ခါးပတ်ကွင်းနှင့်လမ်းကြောင်း ကနဦးစီမံကိန်းတွင် ကျောက်မီးသွေး စီမံကိန်းများကို လုပ်ဆောင်ခွင့်မပြု

တရုတ်က ခါးပတ်ကွင်းနှင့်လမ်းကြောင်း ကနဦးစီမံကိန်းတွင် ကျောက်မီးသွေး စီမံကိန်းများကို လုပ်ဆောင်ခွင့်မပြု

ပေကျင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး

တရုတ်အစိုးရကဖော်ဆောင်နေသော ခါးပတ်ကွင်းနှင့်လမ်းကြောင်း အမည်ရှိ ကနဦး စီမံကိန်းတွင် ကျောက်မီးသွေးစွမ်းအင်သုံး စီမံကိန်းများကို လုပ်ဆောင်ခွင့်မပြုကြောင်း နှင့် ဘဏ္ဍာငွေမချပေးကြောင်း အပြည်ပြည်ဆိုင်ရာ အစိမ်းရောင်ဘဏ္ဍာငွေအဖွဲ့က ထုတ်ပြန်သည်။

တရုတ်အစိုးရ၏ ယခုကဲ့သို့လုပ်ဆောင်မှုသည် အဆိုပါစီမံကိန်းကြီး စတင်လုပ်ဆောင် သည့် ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးဖြစ်ကြောင်း ထိုအကြံပေးအဖွဲ့၏ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံသူများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့များက လူလုပ်ရာသီဥတု ပြောင်းလဲမှုနှင့်ပတ်သက်၍ စိစစ်မှုများ တိုးမြင့်လာစဉ် ထိုကဲ့သို့သော  သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းသည့် ကျောက်မီးသွေး စွမ်းအင်သုံးစီမံကိန်းများအတွက် တရုတ်က ဘဏ္ဍာငွေ မထောက်ပံ့ခြင်းလည်းဖြစ်သည်။

ကမ္ဘာပေါ်တွင် ယနေ့တည်ဆောက် အသုံးပြုနေသော ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ အားလုံးအနက် ၇၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံ၏ဘဏ္ဍာ ငွေထောက်ပံ့မှုများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏နောက်တွင် ဂျပန်နှင့် တောင်ကိုရီးယားတို့က ကျောက်မီးသွေး စွမ်းအင်သုံး စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ထားသူများဖြစ်သည်။ ခါးပတ်ကွင်းနှင့် လမ်းကြောင်းဟုအမည် ပေးထားသည့် အဆိုပါစီမံကိန်းသည် နိုင်ငံပေါင်း ၁၄၀ ကျော်ကိုဖြတ်သန်းမည့် စီးပွားရေးနှင့်ကုန်သွယ်ရေးစင်္ကြံဖြစ်ပြီး ယခုနှစ်၏ ပထမနှစ်ဝက် အတွင်း တရုတ်နိုင်ငံက ထိုနိုင်ငံများသို့ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် အမေရိကန် ဒေါ်လာ ၁၉ ဒသမ ၃ ဘီလီယံ ထောက်ပံ့ပေးထားသည်။

ထိုသို့ထောက်ပံ့မှုသည် ပြီးခဲ့သည့်နှစ်ထက် ၂၉ ရာခိုင်နှုန်းကျဆင်းသည့်အတွက် တရုတ်နိုင်ငံသည် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများကို သဘာဝပတ်ဝန်းကျင်ရေရှည် တည်တံ့ရေးအပေါ် ဦးတည်လုပ်ဆောင်လာသည်ကိုတွေ့ရကြောင်း အကြံပေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင်  ယခုကဲ့သို့   ကျောက်မီးသွေး စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှထွက်ရှိ မည့် လျှပ်စစ်စွမ်းအင်များကို ဖြတ်ချလိုက်ခြင်းက ပဲရစ်ရာသီဥတု သဘောတူညီချက်ပါ အချက်များ ရရှိစေရေးအတွက်  အဓိကကျသော အကြောင်းရင်းဖြစ်ကြောင်း   သိရသည်။

Ref: Bloomberg