တရုတ်က နိုင်ငံပေါင်းစုံ ပါဝင်သော ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ရေး လေ့ကျင့်ခန်းဖြင့် ကာကွယ်ရေး သံခင်းတမန်ခင်းကို ပြသ

 

တရုတ်က နိုင်ငံပေါင်းစုံ ပါဝင်သော ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ရေး လေ့ကျင့်ခန်းဖြင့် ကာကွယ်ရေး သံခင်းတမန်ခင်းကို ပြသ

    တရုတ်နိုင်ငံက နိုင်ငံပေါင်းစုံပါဝင်သော ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်ခြင်းဖြင့် ကာကွယ်ရေး သံခင်းတမန်ခင်းကို ပြသလိုက်ကြောင်း သိရသည်။

အဆိုပါစစ်ရေး လေ့ကျင့်ခန်းကို တရုတ် နိုင်ငံအလယ်ပိုင်း ဟေနန်ပြည်နယ် ချွေ့ရှန်းစီရင်စုရှိ တရုတ်တပ်မတော် သင်တန်းကျောင်း တစ်ခု၌ ၁ဝ ရက်ကြာ လုပ်ဆောင်ခြင်းဖြစ်ကာ စက်တင်ဘာ ၁၅ ရက်တွင် ပြီးဆုံးသွားပြီဖြစ်သည်။

Shared  Destiny  2021 အမည်ရှိ ထိုစစ်ရေးလေ့ကျင့်ခန်းတွင် တရုတ်၊ ပါကစ္စ တန်၊  မွန်ဂိုလီးယားနှင့်  ထိုင်းနိုင်ငံတို့မှ တပ်ဖွဲ့ဝင် စုစုပေါင်း ၁ဝဝဝ ခန့် ပါဝင်လေ့ကျင့်သည်။

ယင်းကဲ့သို့သော စစ်ရေးလေ့ကျင့်ခန်းကို ပြုလုပ်နိုင်ခြင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာ အခင်းအကျင်းကို ခိုင်မာစွာ ကာကွယ်မည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ပိုမိုထင်ရှားစေကြောင်း ငြိမ်းချမ်းမှု ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်သူ အရာရှိကြီးတစ်ဦးဖြစ်သည့်   လူကျားရှင်းက  ပြောသည်။

ယခုစစ်ရေးလေ့ကျင့်ခန်းကို ၂ဝ၁၆ ခုနှစ်တွင် မာလီနိုင်ငံ၌ ဖြစ်ပွားသော ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားတို့ကြား  တိုက်ပွဲဖြစ်ပွားမှု အပေါ်အခြေခံကာ သဏ္ဌာန်တူ လုပ်ဆောင်ခြင်း ဖြစ်သည်။

ထို့ပြင် ၂ဝ၁၆ ခုနှစ်မှာပင် တောင်ဆူဒန်နိုင်ငံ၌ ဖြစ်ပွားသော ဒေသတွင်း အဖွဲ့အစည်းများကြား တိုက်ခိုက်မှုအတွင်း ပိတ်မိနေသည့် အရပ်သားများကို ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့များက ကာကွယ်သည့် အခြေအနေ ကိုလည်း တုပကာ ယခု လေ့ကျင့်ခန်းတွင် ထည့်သွင်းလေ့ကျင့်သည်။

အလားတူ ယခုစစ်ရေးလေ့ကျင့်ခန်းတွင် တရုတ်စစ်ဘက်က စက်ရုပ်စစ်လက်နက် ပစ္စည်းအများအပြားကို ထည့်သွင်း အသုံးပြုသွားသည်ကိုလည်း တွေ့ရသည်။ ဖြစ်စဉ် အခြေအနေတစ်ခုတွင် မောင်းသူမဲ့လေယာဉ်များက မြေပြင်ရှိဗုံးများကို ထောက်လှမ်းရှာဖွေပြီး တွေ့ရှိသောဗုံးများကို စက်ရုပ်များဖြင့် အသက်မဲ့ပြုလုပ်မှု ပါဝင်သည်။

ယခုကဲ့သို့   တရုတ်တပ်မတော်၏ စစ်လက်နက်ပစ္စည်းများကို ပြည်ပတပ်ဖွဲ့များက အသုံးပြုခြင်းသည် ပိုမိုတိုးတက်လာ သော စစ်ရေးအရ အပြန်အလှန် အကျိုးပြုမှုကို   ဖော်ပြနေခြင်းဖြစ်ကြောင်းနှင့် ပြည်ပတပ်မတော်များသို့ တရုတ်နိုင်ငံက စစ်လက်နက်ပစ္စည်းများ ရောင်းချနိုင်ရန် ဈေးကွက်မြှင့်တင်ခြင်းဖြစ်ကြောင်း သုတေသီ တစ်ဦးဖြစ်သည့် ဒေါက်တာကောလင်းခိုကပြောသည်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံအနက် တရုတ်နိုင်ငံက ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့ဝင် အများဆုံး စေလွှတ်ထားနိုင်သည်။   ထို့ပြင်  ပြီးခဲ့သည့် နှစ်တွင် လုပ်ဆောင်သော     ကုလသမဂ္ဂ၏ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းများအတွက်  အသုံးစရိတ် စုစုပေါင်း၏  ၁၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ထည့်ဝင်ထားခြင်းဖြစ်ကာ  ငွေကြေးအားဖြင့်  ဒုတိယအများဆုံး ထည့်ဝင်ထား နိုင်ကြောင်း သိရသည်။