တရုတ်က ၂၀၂၁ ခုနှစ်အတွင်း အာကာသယာဉ် လွှတ်တင်မှုများကို စံချိန်တင်ပြုလုပ်မည်

 

ပေကျင်း၊ အာကာသ

တရုတ်အာကာသသိပ္ပံနှင့် နည်းပညာ ကော်ပိုရေးရှင်းအနေဖြင့် ၂၀၂၁ ခုနှစ်တွင် အာကာသယာဉ် လွှတ်တင်မှုကို စံချိန်တင် ပြုလုပ်မည်ဖြစ်ပြီး လွှတ်တင်မှုစုစုပေါင်း ၄၀ ကျော်ရှိမည်ဖြစ်ကြောင်း   ထုတ်ပြန်လိုက်သည်။

ယခုနှစ်အတွင်း တရုတ်အာကာသဌာန၏ အဓိကရည်မှန်းချက်မှာ တရုတ်နိုင်ငံပိုင် အာကာသစခန်း တည်ဆောက်ရေးဖြစ်ပြီး အရေးကြီးသော အဆင့်သို့ရောက်ရှိမည် ဖြစ်ကြောင်း    အဆိုပါကော်ပိုရေးရှင်း ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်တွင် လူနေထိုင်နိုင်သော အာကာသစခန်းအတွက်   ပင်မအာကာသ စခန်းငယ်ကို လွှတ်တင်ရန်စီစဉ်ထားသည်။

ယင်းနောက် လွှတ်တင်မည့်အာကာသ ယာဉ်များမှာ တီယန်ကျိုး-၂ ကုန်တင် အာကာသယာဉ်နှင့် ရှန်းကျိုး-၁၂ လူ လိုက်ပါသောအာကာသယာဉ်တို့ဖြစ်သည်။

တရုတ်၏ အင်္ဂါဂြိုဟ်လေ့လာရေးယာဉ်ဖြစ်သော တီယန်ဝမ်း-၁ မှာ ယခုနှစ်အတွင်း ထိုဂြိုဟ်ကို လှည့်ပတ်မှု၊ ဆင်းသက်မှုနှင့် လေ့လာစူးစမ်းမှုများကိုလုပ်ဆောင်မည်ဖြစ်သည်။

ထို့ပြင် တရုတ်နိုင်ငံသည် လူလိုက်ပါသော လလေ့လာရေးခရီးစဉ်အတွက် သုတေသန ပြုမှုများကိုလည်း ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကာ အရပ်ဘက်လေကြောင်း နှင့် အခြားသော နယ်ပယ်များတွင် အသုံးဝင်မည့် Beidou လမ်းညွှန်ဂြိုဟ်တုစနစ်  အသုံးပြုမှုကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်သည်။

Ref: China Daily