တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးက ဗီဇပြောင်းဗိုင်းရပ်ကူးစက်မှုကို ကာကွယ်ပေးနိုင်ဟုဆို

 

ရှန်ဟိုင်း၊ ကျန်းမာရေး

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ ကျန်းမာရေး ဝန်ထမ်းများကို ယခုသီတင်းပတ်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများထိုးနှံပေးစဉ် ပြည်တွင်းဖြစ်ကာကွယ်ဆေးသည် လက်ရှိဖြစ်ပွားနေသည့် ဗီဇပြောင်း ဗိုင်းရပ်ကူးစက်မှုကို  ကာကွယ်ပေးနိုင်ကြောင်း ဆေးဝါးထုတ်လုပ်သူများကပြောသည်။

တရုတ်နိုင်ငံ၌ မကြာမီကျရောက်မည့် နှစ်သစ်ကူးပွဲတော်မတိုင်မီ ပြည်သူသန်း ပေါင်းများစွာကို ကာကွယ်ဆေးများထိုးပေးနိုင်ရန် ကြိုးပမ်းနေစဉ် တာဝန်ရှိသူများက ဆီနိုဖမ်းကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြည်တွင်းတွင်အခြေအနေ အရ အသုံးပြုခွင့်ပေးထားသည်။

ဗီဇပြောင်းဗိုင်းရပ်သည် အလွန်လျင်မြန်စွာ ပျံ့နှံ့သော်လည်း ၎င်းတို့၏ကာကွယ်ဆေးများက ထိရောက်စွာ ကာကွယ်ပေးနိုင်မည် ဟုယုံကြည်ကြောင်း  ဆီနိုဖမ်းကုမ္ပဏီမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်သည့် ယန်း ရှောင်မင်းက ဇန်နဝါရီ ၄ ရက်တွင်ပြောသည်။

ဆီနိုဖမ်းကုမ္ပဏီထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးသည် အာနိသင်ထိရောက်မှု  ၇၉ ရာခိုင်နှုန်း ရှိကြောင်းနှင့် သီတင်းပတ် နှစ်ပတ် သို့မဟုတ် လေးပတ်ခြား၍ နှစ်ကြိမ်ထိုးပေးရန်လိုအပ်ကြောင်း အဆိုပါ ကုမ္ပဏီ ကထုတ်ပြန်ထားသည်။

တရုတ်တာဝန်ရှိသူများသည် လူအများကြားတွင် သွားလာနေရသည့် ရောဂါကူးစက် ပျံ့နှံ့မှုအတွက် အဓိကကျသော အုပ်စုကို ကာကွယ်ဆေးများ  ဦးစွာထိုးပေးနေခြင်း ဖြစ်သည်။

Ref:TST