တရုတ်နိုင်ငံ၏ ရေငုပ်သင်္ဘောအသစ်က အမေရိကန်တစ်နိုင်ငံလုံးကို တိုက်ခိုက်နိုင်သည့် ဒုံးကျည်များ တပ်ဆင်ထား

ပေကျင်း၊ စစ်ရေး

တရုတ်ရေတပ်က Type 094A အမည်ရှိ ရေငုပ်သင်္ဘောအသစ်တစ်စင်းကို တပ်တော်သွင်းလိုက်ကြောင်းနှင့် အဆိုပါ ရေငုပ်သင်္ဘောတွင် အမေရိကန်တစ်နိုင်ငံလုံးကို တိုက်ခိုက်နိုင်သည့် ဒုံးကျည်များ တပ်ဆင်ထား ကြောင်းသိရသည်။

အဆိုပါ ရေငုပ်သင်္ဘောသည် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောဖြစ်ပြီး ကီလိုမီတာ ၁၀၀၀၀ (မိုင် ၆၂၀၀ ကျော်) အကွာအဝေးရှိပစ်မှတ်များကို ပစ်ခတ်နိုင်စွမ်းရှိသော အမြင့်ပျံပဲ့ထိန်းဒုံးကျည်များကို တပ်ဆင်ထား ခြင်းဖြစ်သည်။

ယခုတပ်တော်သွင်းလိုက်သည့် ရေငုပ်သင်္ဘောသည် Type 094A ရေငုပ်သင်္ဘောကို အဆင့်မြှင့်တင်ထားခြင်း ဖြစ်ပြီးအထူးသဖြင့် အသံဆူညံမှုပြဿနာကို ဖြေရှင်းထားကြောင်း စစ်ဘက်သတင်း အရင်းအမြစ်တစ်ခုကို ကိုးကား၍ SCMP သတင်းဌာနက ဖော်ပြသည်။

အဆင့်မြှင့်တင်ထားသော ရေငုပ်သင်္ဘောအနေဖြင့် ပိုမိုစွမ်းအားကြီးမားသည့် JL-3 ဒုံးကျည်များကို တင် ဆောင်ပစ်ခတ် နိုင်မည်ဖြစ်ကြောင်း အဆိုပါ သတင်းအရင်းအမြစ်က မေ ၂ ရက်တွင် ပြောသည်။

ထိုရေငုပ်သင်္ဘောကို အဆင့်မြှင့်တင်ခြင်းမလုပ်မီက ယင်းရေငုပ်သင်္ဘောမှပစ်ခတ်နိုင်သည့်ဒုံးကျည်မှာ JL-2 ဒုံးကျည်ဖြစ်ပြီး အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းကိုသာ တိုက်ခိုက်နိုင်ကြောင်းနှင့် ယခုအဆင့်မြှင့်တင်ပြီး သည့်အခါတွင်မူ အမေရိကန် တစ်နိုင်ငံလုံးကို လွှမ်းခြုံပစ်ခတ်နိုင်ပြီဖြစ်ကြောင်း အဆိုပါ သတင်းအရင်း အမြစ်က ဆက်ပြောသည်။

ထိုကဲ့သို့သော ရေငုပ်သင်္ဘောကို ပိုင်ဆိုင်ခြင်းသည် အမေရိကန်အနေဖြင့် နျူကလီးယားဖြင့် ပစ်ခတ်တိုက်ခိုက် ခံရပါက အချိန်တိုအတွင်း လက်တုံ့ပြန် တိုက်ခိုက်နိုင်သည့်စွမ်းရည်ကို မြှင့်တင်နိုင်ခြင်းဖြစ်ကြောင်း စစ်ဘက်မှ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောသည်။

အဆိုပါ ရေငုပ်သင်္ဘောကို ပြီးခဲ့သည့် သီတင်းပတ်တွင်ကျရောက်သော တရုတ်ရေတပ်၏ ၇၂ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ထုတ်ဖော်ပြသ တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံအနေဖြင့် Type 094 နှင့် Type 094A ရေငုပ်သင်္ဘောခြောက်စင်း ကိုပိုင်ဆိုင်ထားကာ အဆိုပါစစ်ရေယာဉ်တစ်စင်းစီက JL-3 ဒုံးကျည် ၁၆ စင်းကို တင်ဆောင်ပစ်ခတ်နိုင် ကြောင်းသိရသည်။

Ref: Sputnik