တရုတ်နိုင်ငံ၏ အကြီးဆုံးလေကြောင်းပြပွဲ ကျူဟိုင်းမြို့၌ ကျင်းပ

တရုတ်နိုင်ငံ၏ အကြီးဆုံးလေကြောင်းပြပွဲ ကျူဟိုင်းမြို့၌ ကျင်းပ

တရုတ်နိုင်ငံ၏ အကြီးဆုံး လေကြောင်းပြပွဲကို   နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမြို့ ဖြစ်သော ကျူဟိုင်းမြို့၌ စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ လေကြောင်းပြပွဲသည်  တရုတ်နိုင်ငံ၏   ခေတ်မီပြီး နောက်ဆုံးပေါ်ဖြစ်သော လေကြောင်းလက်နက်များကို ထုတ်ဖော်ပြသသည့် ပွဲလည်းဖြစ်ပြီး မောင်းသူမဲ့ ကင်းထောက်လေယာဉ်  အများအပြားကို ထည့်သွင်းပြသသည်ကို တွေ့ရသည်။

အလားတူ လေတပ်က ရောင်စုံမီးခိုးများ ထုတ်လွှင့်ပြီး  လေယာဉ်များဖြင့် အလှပြပျံသန်းပြကာ  ပြပွဲသို့ တက်ရောက်လာသူများကလည်း ခင်းကျင်းပြသထားသော ဂျက်လေယာဉ်အသစ်များ၊ မောင်းသူမဲ့ လေယာဉ်အသစ်များနှင့်   တိုက်ခိုက်ရေး ရဟတ်ယာဉ်အသစ်များကို   လှည့်လည်ကြည့်ရှုသည်။

ခင်းကျင်းပြသသည့်   ပြည်တွင်းဖြစ် လေယာဉ်များတွင် CH-6  အမျိုးအစား မောင်းသူမဲ့လေယာဉ်  ရှေ့ပြေးပုံစံတစ်ခုလည်း ပါဝင်သည်။

ထိုလေယာဉ်သည်   တောင်ပံ အလျား ၂ဝ ဒသမ ၅ မီတာရှိကာ ကင်းထောက် လုပ်ငန်းအတွက်  အဓိက ရည်ရွယ်တည်ဆောက် ထားသော်လည်း  တိုက်ခိုက်ရေး လုပ်ငန်းများအတွက်   လက်နက်များကိုလည်း သယ်ဆောင်နိုင်မည်ဖြစ်သည်။

သာမန်အားဖြင့်  မီတာ ၁ဝဝဝဝ တွင် ပျံသန်းနိုင်စေရန် တီထွင်ထားသော   ထိုမောင်းသူမဲ့ လေယာဉ်သည်   လိုအပ်ပါက မီတာ ၁၅ဝဝဝ အမြင့်မှ ပျံသန်းနိုင်မည်ဖြစ်ကာ ယခင်ပုံစံများထက် ပိုမိုဝေးကွာသည့် နေရာသို့ သွားရောက်တာဝန် ထမ်းဆောင်နိုင်စွမ်း ရှိမည်ဖြစ်သည့်အပြင်  ၎င်းအတွက် အချိန်ကန့်သတ်ချက်ရှိမည် မဟုတ်ကြောင်း ထိုလေယာဉ်ကို ဖန်တီးထားသော ကုမ္ပဏီမှ မန်နေဂျာကပြောသည်။

တပ်တော်ဝင်ထားပြီးဖြစ်ကာ ပြပွဲတွင် ပါဝင်ပြသသည့် နောက်ထပ် လေယာဉ်နှစ်မျိုးမှာ WZ-7အမျိုးအစား အမြင့်ပျံ မောင်းသူမဲ့ လေယာဉ်နှင့် J-16D တိုက်လေယာဉ်တို့ ဖြစ်သည်။ WZ-7 ကို   နယ်စပ်ဒေသ ကင်းထောက်မှုနှင့် ပင်လယ်ပြင် ကင်းလှည့်ခြင်းတို့အတွက် ရည်ရွယ် အသုံးပြုနေခြင်း ဖြစ်ကာ J-16D  ကိုမူ   အီလက်ထရွန်နစ် စစ်ဆင်ရေးအတွက် အသုံးပြုခြင်းဖြစ်သည်။

အဆိုပါ  လေယာဉ် နှစ်မျိုးစလုံးသည် ထိုင်ဝမ်ရေလက်ကြားနှင့်  တောင်တရုတ် ပင်လယ်တို့တွင်  အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း စစ်ရေးသုံးသပ်သူ   ဆောင်ကျောင်းဖျင်က ပြောသည်။

ကျူဟိုင်းလေကြောင်းပြပွဲကို ပုံမှန်အားဖြင့် နှစ်နှစ်လျှင် တစ်ကြိမ် ကျင်းပနေခြင်းဖြစ်ကာ ပြီးခဲ့သည့်နှစ်တွင်  ကျင်းပရန် လျာထားခဲ့သော်လည်း  ကမ္ဘာ့ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ပြီး  ယခုနှစ်မှ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။