တိုက်စစ်မှူးမက်ဆီ ဘာစီလိုနာအသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသမား သွင်းဂိုးအများဆုံး ကစားသမား ဂိုးဖန်တီးမှု အများဆုံးကစားသမားနှင့် ဆုဖလားအများဆုံးရရှိသည့် ကစားသမားအဖြစ် စံချိန် သစ်တင်

ဘာစီလိုနာ၊ ဘောလုံး

ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီသည် မတ် ၂၂ ရက်နံနက်ပိုင်းက ကစားသည့် ဆိုစီဒက်အသင်း နှင့်ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပြီးနောက် ဘာစီလိုနာ အသင်းသမိုင်းတစ်လျှောက် ပွဲအများဆုံးကစားသမား၊ သွင်းဂိုးအများဆုံးကစားသမား၊ ဂိုးဖန်တီးမှု အများဆုံးကစားသမားနှင့် ဆုဖလားအများဆုံးရရှိသည့် ကစား သမားအဖြစ်   စံချိန်သစ်တင်နိုင်ခဲ့ကြောင်း သိရသည်။

စပိန်လာလီဂါပွဲစဉ်တွင် ဘာစီလိုနာအသင်းက ဆိုစီဒက်အသင်းကို အဝေးကွင်း၌  ၆ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိပြီး မက်ဆီသည် အသင်းအတွက် သွင်းဂိုးနှစ်ဂိုးသွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှုနှစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါပွဲစဉ် ၏ အကောင်းဆုံးကစားသမား အဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။

မက်ဆီသည် ၂၀၀၄ ခုနှစ်မှစ၍ ဘာစီလိုနာ အသင်းအတွက် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ စတင်ခဲ့ပြီး နောက် စုစုပေါင်းပြိုင်ပွဲစုံ ၇၆၈ ပွဲ အထိရှိလာခဲ့သည်။ ထို့ကြောင့် ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက် ပြိုင်ပွဲစုံပွဲ အများဆုံးကစားထားသော ကစားသမားအဖြစ် စံချိန်တင်ထားခဲ့သည့် ကွင်းလယ်ကစားသမား  ဇာဗီ၏ ၇၆၇ ပွဲစံချိန်ကို တစ်ပွဲအသာဖြင့်ကျော်ဖြတ်ပြီး အသင်း၏ ပွဲအများဆုံး ကစားထားသည့် ကစား သမားအဖြစ် စံချိန်သစ်တင် နိုင်ခဲ့ခြင်းဖြစ်သည်။

အလားတူ  မက်ဆီသည်  ဘာစီလိုနာအသင်း သမိုင်းတစ်လျှောက် ၂၀၀၄ ခုနှစ်မှစ၍ ပါဝင်ကစားခဲ့ ပြီးနောက် ကလပ်အသင်းတစ်သင်းတည်း၌ သွင်းဂိုးအများဆုံးကစားသမားအဖြစ် ယခုဘောလုံးရာသီတွင် ဆန်းတို့စ် အသင်း ဂန္ထဝင်ကစားသမားဖြစ်သည့် ပီလီ၏ စံချိန်ကို ကျော်ဖြတ်ထားသူဖြစ်သည်။

မက်ဆီသည် ဘာစီလိုနာအသင်းနှင့်အတူ ဆိုစီဒက် အသင်းနှင့်ပွဲစဉ်အပြီးတွင် စုစုပေါင်း ၇၆၈ ပွဲပါဝင် ကစား ခဲ့ကာ သွင်းဂိုး ၆၇၃ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်တွင်လည်း ထာဝရသွင်း ဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။

မက်ဆီသည် ဘာစီလိုနာအသင်းနှင့်အတူ ချန်ပီယံ လိဂ်ဖလား၊ စပိန်လာလီဂါဖလား၊ စပိန်ကိုပါဒယ်ရေး ဖလား၊ စပိန်စူပါဖလား၊  ဥရောပစူပါဖလား စသည့် ဆုဖလားပေါင်း ၃၄ လုံးအထိရရှိခဲ့ပြီး အသင်းသမိုင်း တစ်လျှောက်တွင်လည်း ဆုဖလားအများဆုံးရရှိထားသည့် ကစားသမားအဖြစ် စံချိန်ကောင်းတစ်ရပ်တင် ထားနိုင်ခဲ့သည်။

Ref;BBC Sports