တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသား အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဧပြီ ၂၁ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ရှိ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရုံးချုပ်၌ ကျင်းပရန်စီစဉ်

ဇူးရစ်၊ ဘောလုံး

တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဧပြီ ၂၁ ရက်တွင်  ဆွစ်ဇာလန်နိုင်ငံ  ဇူးရစ်မြို့ရှိ  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရုံးချုပ်၌ ကျင်းပရန်စီစဉ်ထားကြောင်း သိရ သည်။

တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်အတွင်းက ကျင်းပရမည်ဖြစ်သော်လည်း COVID-19 ရောဂါအခြေ အနေကြောင့် တစ်နှစ်ရွှေ့ဆိုင်းခဲ့ရပြီး ဇူလိုင် ၂ ရက်မှ သြဂုတ် ၈ ရက်အထိ ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပမည်ဖြစ်သည်။

တိုကျိုအိုလံပစ်ပြိုင်ပွဲ၌ အမျိုးသားဘောလုံး ပြိုင်ပွဲကို ယူ-၂၄ ပြိုင်ပွဲအဖြစ် သတ်မှတ်ထားသော်လည်း ပြိုင်ပွဲဝင်အသင်းတိုင်းတွင် အသက်ကျော်လွန်သည့် ကစားသမား သုံးဦးစီပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ အမျိုးသားဘောလုံးပြိုင်ပွဲကို အသက်ကန့်သတ်ထားသော်လည်း အမျိုးသမီးဘောလုံးပြိုင်ပွဲကို အသက်ကန့် သတ်ထားခြင်းမရှိဘဲ လက်ရွေးစင် အဆင့်အသင်းကြီးများဖြင့် ကျင်းပမည်ဖြစ်သည်။

တိုကျိုအိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၁၆ သင်းဖြင့်ကျင်းပမည်ဖြစ်ပြီး လက်ရှိတွင် ခြေစစ်ပွဲအောင်မြင်ထားသည့် အသင်းများအဖြစ်  အိမ်ရှင်ဂျပန်အသင်း၊ ဥရောပဇုန်မှ ပြင်သစ်၊ စပိန်၊ ဂျာမနီနှင့် ရိုမေးနီးယားအသင်း၊ အာဖရိကဇုန်မှ အီဂျစ်၊ အိုင်ဗရီကို့စ်၊ တောင်အာ ဖရိကအသင်း၊ အာရှဇုန်မှ သြစတြေးလျ၊ ဆော်ဒီ၊ တောင်ကိုရီးယားအသင်း၊ တောင်အမေရိကဇုန်မှ အာဂျင်တီးနားနှင့်  ဘရာဇီးအသင်း၊ သမုဒ္ဒရာပိုင်းဇုန်မှ နယူးဇီလန်အသင်းတို့က ခြေစစ်ပွဲအောင်မြင်ထားပြီး  ကွန်ကာကပ်ဖ်ဇုန် အသင်းနှစ်သင်းမှာ လက်ရှိအချိန်ထိ မသိရှိရသေးဘဲ ခြေစစ်ပွဲကစားရမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲ၌   လေးသင်းပါ အုပ်စုလေးခုခွဲကာ အုပ်စုပထမနှင့် ဒုတိယရရှိသည့် အသင်းများက ကွာတားဖိုင်နယ်အဆင့်သို့  တက် ရောက်မည်ဖြစ်သည်။

အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ အိမ်ရှင်ဂျပန် အသင်း၊  ဥရောပဇုန်မှ  ဗြိတိန်၊ နယ်သာလန်နှင့် ဆွီဒင်အသင်း၊ သမုဒ္ဒရာပိုင်းဇုန်မှ နယူးဇီလန်အသင်း၊ အာဖရိကဇုန်မှ  ဇမ်ဘီယာအသင်း၊ ကွန်ကာကပ်ဖ် ဇုန်မှ ကနေဒါနှင့် အမေရိကန်အသင်း၊ အာရှဇုန်မှ သြစတြေးလျအသင်းတို့က ခြေစစ်ပွဲအောင်မြင်ထားသော်လည်း ကျန်တစ် သင်းကို မသိရသေးဘဲ အဆိုပါ တစ်သင်းသည် အာဖရိကဇုန်နှင့် တောင်အမေရိကဇုန်တို့မှ အသင်းနှစ်သင်းက  ရှုံးထွက်အဆင့်ပွဲစဉ် ကစားပြီး ဝင်ခွင့်ရရှိမည်ဖြစ်သည်။

ပြီးခဲ့သည့်အိုလံပစ်ပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ၌ ဘရာဇီးလက်ရွေးစင်အသင်းက ချန်ပီယံဆုရရှိထားပြီး အမျိုးသမီးဘောလုံးပြိုင်ပွဲ၌ ဂျာမနီအသင်းက ချန်ပီယံဆုရရှိထားသော်လည်း ဂျာမနီလက်ရွေးစင် အမျိုးသမီး အသင်းအနေဖြင့်  ခြေစစ်ပွဲမအောင်မြင်သဖြင့်   ချန်ပီယံကာကွယ်ခွင့်လွဲချော်ခဲ့ရကြောင်း သိရသည်။

Ref;FIFA.Com