တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နေပြည်တော်၊ စက်တင်ဘာ - ၁၄

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေး စခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၅)နှစ်မှ (၁၂)နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ၌ ဒေသခံပြည်သူ ၂၅၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၃၁၁၁၂ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၃)မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၇၁၄ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇) ခရိုင်တို့၌ ဒေသခံပြည်သူ ၁၃၅၀၆ ဦးနှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဒေသခံပြည်သူ ၁၀၈ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ထို့အတူ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၂၇၀၁ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် (၅)မြို့နယ်တို့၌ ကျောင်းသား၊ ကျောင်းသူ ၃၂၁၈ ဦးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၇)ခရိုင်တို့၌ ကျောင်းသား၊ ကျောင်းသူ ၈၈၈ ဦး တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန် အတွက် Mask များကို ပြည်သူများလက်ဝယ်အရောက် တိုင်းစစ်ဌာနချုပ် အသီးသီးမှ တာဝန်ရှိသူများက အခမဲ့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ရှိ မြို့နယ်(၈)မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်များအတွင်းရှိ မြို့နယ်(၄၅) မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ပန်းတနော်မြို့တို့ရှိ ဈေးများ၊ လမ်းများ၊ မြို့အဝင်ဂိတ်များနှင့် လူစည်ကားရာနေရာများတွင် နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ များနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် အသိပညာပေး ဆောင်ရွက်ခြင်း၊ ဈေးဝယ်စင်တာများ၊ ဆိပ်ကမ်းများနှင့် လူသွားလူလာများပြားသည့် နေရာများတွင် LED ကြော်ငြာ ဘုတ်များဖြင့် ကိုဗစ်- ၁၉ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ Mask တပ်ဆင်၍ သွားလာ ကြရန်လှုံဆော်ခြင်းနှင့် Mask များအား ဒေသခံပြည်သူများ လက်ဝယ် အရောက် အခမဲ့ ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။