တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဩဂုတ်- ၁၀
    
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တို့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ တာချီလိတ်မြို့နယ်၊ တာလေမြို့နှင့် မိုင်းယန်း မြို့နယ်များအတွင်းရှိ  သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း ၃၃၀၂ ဦးအား လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ထားဝယ်မြို့နယ်၊ ပုလောမြို့နယ်နှင့် ကျွန်းစုမြို့နယ်များမှ အသက် ၆၅ နှစ် နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူစုစုပေါင်း ၂၇၂၂ ဦးတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၉ မြို့နယ် တို့မှ အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့်  ဒေသခံပြည်သူများ စုစုပေါင်း ၂၁၅၁ ဦးတို့အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်မှ အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံ ပြည်သူ စုစုပေါင်း ၁၀၅၇၈ ဦးတို့အားလည်းကောင်း၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ မြို့နယ်ပေါင်း ၁၂ မြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း ၄၅၁၁ ဦးတို့အား လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်(၇)ခုရှိ မြို့နယ်များမှ ထေရ်ကြီး ဝါကြီး ဆရာတော်ကြီးများ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူ စုစုပေါင်း ၁၀၃၉၂ ဦးတို့အားလည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန် များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။