တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဩဂုတ်- ၂၂

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ် အတွင်းမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၂၁၈၇ ဦးတို့အား လည်းကောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၃ မြို့နယ်အတွင်းမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများနှင့် ပြည်သူစုစုပေါင်း ၂၄၅ ဦးတို့အား လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၆)ခု တို့မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များနှင့် ပြည်သူစုစုပေါင်း -၃၄၅၁ ဦးတို့အား လည်းကောင်း တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းနှင့် ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။