တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၈

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက အောက်ဆီဂျင်အိုး အလုံး ၅၀ အားလည်းကောင်း၊ ကချင်ပြည်နယ်၊ မိုးမိတ်မြို့ ပြည်သူ့ဆေးရုံရှိ ကိုဗစ်စင်တာသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ မိုးမိတ်တပ်နယ်မှ တပ်မတော်သားများက အောက်ဆီဂျင် ၂၀ လုံးအား လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံသို့ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများက Oxygen concentrator ၂ လုံး၊ Oxygen clinder ၄၀ လီတာအိုး ၁၀ လုံးအား လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့ပြည်သူ့ဆေးရုံသို့ အနောက် တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အောက်ဆီဂျင်အိုး ၁၃၀ လုံးအားလည်းကောင်း၊ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီ ဂျင်အိုး ၁၃ လုံးနှင့် အမ်းမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၄၇ လုံးတို့ကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက အောက်ဆီဂျင်အိုး ၇၀ လုံး ကိုလည်းကောင်း အသီးသီးသွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ် ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ အများပိုင်ကုမ္ပဏီ(ဂန္တမာ)Oxygen Plant ၌ အောက်ဆီဂျင် ထုတ်လုပ်လည်ပတ်နေမှုမျးကို ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် တာဝန်ရှိသူများက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၁)ရှိ ယူနီတီအောက်ဆီဂျင် စက်ရုံ၌ Shwe Byain Phyu Co.Ltd မှ လှူဒါန်းသည့် Liquid Oxygen များကို အောက်ဆီဂျင်အိုးများအတွင်းဖြည့်သွင်း၍ ပြည်သူလူထုထံသို့ ပေးအပ်လှူဒါန်းနေမှု များကို ရန်ကုန်တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဌ ဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက လည်ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ မိဘဂုဏ်အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုများကို စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ ဉက္ကဌ ဦးမောင်မောင်လင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိသူများကလည်းကောင်း သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည် များညှိနှိုင်း ဆောင်ရွက်ပေးသည်။

၎င်းအပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုထိ ရောက်စွာဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကျန်းမာ ရေးဆိုင်ရာပစ္စည်းများကို တင်သွင်းခွင့်ပြုထားရာ ပုဂ္ဂလိကကုမ္ပဏီများမှ တင်သွင်း လာသည့် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၇၈၂ လုံးသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းရွေဟော်မြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့၊ မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားသို့ လည်းကောင်း၊ စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြည်ပမှမှာယူထားသည့် အောက်ဆီဂျင် ၅၀ လုံး သည် ထားဝယ်မြို့သို့လည်းကောင်း၊ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၃၂၆ လုံးသည် မြဝတီမြို့သို့လည်းကောင်း အသီးသီးရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ဆက်လက် ပို့ဆောင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အောက်ဆီဂျင်ထုတ်လုပ်၊   ဖြန့်ဖြူး၊ လှူဒါန်းနေမှု အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦး၏   ပြောကြားချက်ကို ယခုလိုပဲ ကြားသိရပါတယ်-

ဒီနေ့ကျွန်တော်တို့ ရွှေဗျိုင်းဖြူကုမ္ပဏီ လီမိတက်ကနေပြီးတော့  အများပြည်သူ အတွက် ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ပြည်သူလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုအနေနဲ့ တစ်ဖက်တစ်လမ်းက လိုအပ်တဲ့ အောက်ဆီဂျင်ကို ပေးဝေလှူဒါန်းခြင်းဖြစ်ပါတယ်။ ပေးဝေလှူဒါန်းတာမှာ ရွှေဗျိုင်းဖြူကုမ္ပဏီလီမိတက်နဲ့အတူ အလှူရှင်များစွာ လှူဒါန်းတဲ့အလှူလည်းဖြစ်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လိုအပ်တဲ့အောက်ဆီဂျင်ကို ပထမအကြိမ်  ကနဦးအလှူရှင် ခုနစ်ဦးကနေပြီးတော့မှ  စုစုပေါင်းအလုံးရေ ၂၆ လုံးကို လုပ်ဆောင်ပြီးတဲ့နောက်မှာ နောက်ထပ်လည်း ဒီလိုပဲ အလှူရှင်တွေ ထပ်ထပ်တိုးလာတဲ့အခါမှာ အလှူရှင်အားလုံးဟာ ၂၄ ဦးရှိပြီးတော့ ဒုတိယအကြိမ် ခုလ ၁၅ ရက်နေ့မှာပဲ နောက်ထပ် ၄၄ လုံး စုစုပေါင်းအလုံး ၇၀ ရှိ အောက်ဆီဂျင်ပမာဏကို ထိုင်းနိုင်ငံနဲ့ ကျွန်တော်တို့ ဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့နေရာမှာ ကနဦးအနေနဲ့ ကျွန်တော်တို့ကုမ္ပဏီဘက်ကနေပြီးတော့ မန္တလာမင်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး ထိုင်းနိုင်ငံ ဗန်ကောက်ကနေ မှာယူရရှိပြီးဖြစ်ပါတယ်။

နောက်ထပ်နောက်ထပ်လည်း လှူဒါန်းမှုအတွက် အလှူရှင်အများကြီးရှိသလို    မြန်မာနိုင်ငံရဲ့လိုအပ်တဲ့ တိုင်းဒေသကြီးတွေဖြစ်တဲ့ အထူးအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့လိုအပ်တဲ့ တိုင်းဒေသကြီးမှာလည်း   ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်ပေးဖို့  ရှိပါတယ်။ အလှူရှင်တွေရဲ့   ရည်ရွယ်ချက်ကတော့ ပြည်သူ့ဆေးရုံတွေ၊ ကိုဗစ်စင်တာတွေမှာရှိတဲ့ ပြည်သူလူထုဝန်ဆောင်မှုလုပ်ငန်းတွေအားလုံးကို တစ်ဖက်တစ်လမ်းကနေ ပြည်သူလူထုအတွက်၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေဖို့အတွက် ကျွန်တော်တို့ကူညီဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ကျွန်တော်မှာယူတဲ့  ထိုင်းနိုင်ငံက အောက်ဆီဂျင်အနေနဲ့ကတော့  Medical Industrial Liquid Oxygen အမျိုးအစားဖြစ်ပါတယ်။ ဒီနေ့ မှာတော့ Unity Oxygen Plants  ကနေမှတစ်ဆင့် ပြည်သူလူထုလိုအပ်တဲ့ဟာတွေကို ပေးလှူခြင်းဖြစ်ပါတယ်။

ဒီကနေမှတစ်ဆင့် ကိုဗစ်စင်တာတွေ၊ ဆေးရုံတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ တခြားသောဝန်ဆောင်မှုတွေ လုပ်နေတဲ့သူတွေလက်ထဲကို တတ်နိုင်သမျှ လက်ထဲရောက်အောင် ဖြန့်ဖြူးဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။   ဦးစားပေးအနေနဲ့ကတော့  ကိုဗစ်စင်တာတွေ၊ ဆေးရုံတွေ၊ ကျန်းမာရေးအသင်းအဖွဲ့တွေ၊   လူမှုရေးအသင်းအဖွဲ့တွေကို ဦးစားပေးဆောင်ရွက်ပေးပါတယ်။ ပြည်သူလူထုကို ကိုဗစ်ရောဂါ စည်းကမ်းချက်များနှင့်အညီ ရောဂါပြန့်ပွားမှု မဖြစ်အောင်  တိုကင်စနစ်နဲ့ ၁၀ လုံးဆို ၁၀ လုံးပမာဏကို ကျွန်တော်တို့အထဲကို သွင်းပြီးဖြည့်သွင်းခြင်းများလုပ်ပြီး သူတို့ကို ပြန်ပေးဝေခြင်းလုပ်ပါတယ်။ အခြားသော အလှူရှင်တွေရဲ့မွန်မြတ်တဲ့   အလှူဒါန ဇီဝိတဒါနတွေမှာ ပင်ပန်းတယ်လို့မရှိဘဲနဲ့ လုပ်ဆောင်ပေးရတာကို ကျွန်တော့်အနေနဲ့ ပြည်သူလူထုနဲ့အတူ ထပ်တူဝမ်းသာပီတိဖြစ်ရပါတယ်ဟု   ရွှေဗျိုင်းဖြူကုမ္ပဏီမှ မန်နေဂျာ ဦးကျော်မျိုးအောင်က ပြောသည်။