တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း  

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း  

နေပြည်တော်၊ ဩဂုတ်- ၁

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၅၀ လုံးအားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အထွေထွေရောဂါ ကုပြည်သူ့ဆေးရုံကြီးသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၉၀ လုံးလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ Oxygen Concentrator ၂ လုံးနှင့် Mask ၂၀၀၀ ခုတို့အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့ပြည်သူ့ဆေးရုံသို့ ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး ၂၅ လုံးအားလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသီးသီး သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်း လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ပြည်သူ့ဆေးရုံကြီး အတွက် ဇူလိုင် ၃၁ ရက် နေ့လယ်ပိုင်းတွင် မူဆယ်မြို့၊ ရွှေနန်းတော်ကျောက်မျက် ရတနာပြခန်း ဝန်းအတွင်း၌ တရုတ်ယဉ်ကျေးမှုသာရေးနာရေးအသင်းလူငယ်အဖွဲ့မှ ငွေကျပ် ၈၅၃ သိန်းကျော်တန်ဖိုးရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် ဆေးရုံသုံးပစ္စည်းများဖြင့်သည့် Oxygen Concentrator ၂ စုံ၊ PPE ၁၅၀၀ စုံ၊ Mask ၂၅၀၀၀ ခု၊ N95 Mask ၂၄၀၀ ခု၊ Oxygen Cylinder ၇၀ စုံ၊ Oxygen regulator ၄၀ စုံ၊ Oxygen Mask ၁၅၀ စုံ၊ Oxygen cathter ၁၀၀၀ စုံ၊ Medical Head ၂၅၀၀ စုံ၊ Medical ventilator ၂ စုံ၊ Medical monitor ၁၀ စုံ၊ Injection pump ၂ စုံ၊ Electrocardiograph (ECG) ၂ စုံ၊ Alcohol 18 kg ဆံ့ ၃၈ ပုံး၊ ပိုးသတ်ဆေး ၁၀ လီတာဆံ့ ၂၀ ပုံးနှင့်  တရုတ်တိုင်းရင်းဆေး (Lianhua Qingwen Jiaonang ) ၁၆၀၀ ဖာတို့အား  ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာ ဟန်နိုင်စိုးက လက်ခံရယူခဲ့သည်။ 

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိကြောင်းနှင့် ယနေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးရှိ Oxygen Plant ၌ အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဝေမှုများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။