တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေလှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၈

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန် များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ် ရာများ၊ လားရှိုးမြို့ ချစ်ခြင်းမေတ္တာဂေဟာရှိ ကလေးများနှင့် ခါနန်(AG) လူမျိုးပေါင်းစုံ အလင်းအိမ်ဂေဟာရှိ ကလေးများအတွက် ဆန်၊ ဆီ၊ အဝတ်အထည်များနှင့် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ ပြည်သူ့ဆေးရုံနှင့် လွိုင်လင်မြို့၊ နည်းပညာတက္ကသိုလ်(ပင်လုံ)တို့ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ၈ လုံးနှင့် ပုသိမ်မြို့ အထွေထွေရောဂါကု ဆေးရုံကြီး(ခုတင်-၅၀၀) သို့ Oxygen Flow Meter ၁၀၀ ခုနှင့် အောက်ဆီဂျင်အိုး ၁၀၀ လုံးတို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ်အောက်ဆီဂျင် စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးနှင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ အောက်ဆီဂျင်အိုး ၂၅၀ လုံး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ Oxygen Concentrator ၅ လုံး၊ PPE ဝတ်စုံ ၃၀၀ စုံနှင့် ပဲခူးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေး လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ အသင်းအဖွဲ့ဝင်များ စည်ပင်သာယာရေးအဖွဲ့များနှင့် စေတနာ့ဝန်ထမ်းပရဟိတ အသင်းအဖွဲ့များအား ဆန်၊ ပဲနှင့် စားသောက်ဖွယ်ရာများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက အသီးသီးသွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည် နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဖြူးနေမှုကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။