တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၂၀

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ၈ လုံးကို လည်းကောင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့် အောက်ဆီဂျင်အိုး ၁၀၅ လုံးကို လည်း ကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ မကွေးမြို့၊ သုဂတိရှင် နာရေးကူညီမှုအသင်းရှိ အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိသော အောက်ဆီဂျင်အိုး ၂၀ လုံးနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ စေတုတ္တရာမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံမှ ထွက်ရှိသော အောက်ဆီဂျင်အိုး ၃၀ လုံးတို့ကိုလည်းကောင်း တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံတပ်မတော်သား၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက အသီးသီးသွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ်လှူဒါန်း လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ရှိ ကျုံကူးတိုက်နယ်ဆေးရုံသို့ နိုင်ငံတော်သမ္မတ(အငြိမ်းစား) ဦးသိန်းစိန်နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း မိသားစုက PPE ဝတ်စုံ ၃၀ စုံနှင့် Mask ၃၀ ဘူးတို့ကို လည်းကောင်း၊ ရေကြည်မြို့ ပြည်သူ့ဆေးရုံသို့ စေတနာရှင်အလှူရှင်များက Oxygen Concentrator ၁ လုံး၊ Flow Meter ၁ ခု၊ အောက်ဆီဂျင်အိုး ၉ လုံးနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန်အတွက် အလှူငွေ ကျပ် ၂၅ သိန်းကိုလည်းကောင်း၊ ပုသိမ်မြို့ရှိ တပ်မတော်ဆေးရုံသို့ စေတနာရှင် အလှူရှင်များက Oxygen Concentrator ၁ လုံးနှင့် ဆေးဝါးများကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံ၌ အရေးပေါ် လူနာများအတွက် လိုအပ်သော အောက်ဆီဂျင်ထောက်ပံ့မှုပေးနိုင်စေရန် ကျိုင်းတုံမြို့၊ သီလဓမ္မတောရကုန်းသာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကောဝိဒ (ဝစီပိတ်ဆရာတော်)၏ ဦးဆောင် အလှူငွေထည့်ဝင်မှုနှင့် စေတနာရှင်အလှူရှင်များ၏ စုပေါင်းအလှူငွေများဖြင့် လှူဒါန်း ထားသည့် အောက်ဆီဂျင် Plant ထားရှိထုတ်လုပ်နေမှုအခြေအနေများကို လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ စာနာစိတ်ထားပေးဆပ် သူများလူမှုကူညီထောက်ပံ့ရေးပရဟတိအသင်းမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်းအတွင်းသို့ လှူဒါန်းထားသည့် သင်္ဃန်းကျွန်းမြို့နယ်၊ စည်ပင်သာယာရေး ကော်မတီဝင်းအတွင်းရှိ Oxygen Plant တပ်ဆင်နေမှုများကို လည်းကောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အသီးသီး သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။