တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း  

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း  

နေပြည်တော်၊ ဩဂုတ်- ၂၄

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ဓနုဖြူမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ၆၈ လုံးကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးသို့ မိဘဂုဏ် အောက်ဆီဂျင်စက်ရုံမှ ထုတ်လုပ်သည့်   အောက်ဆီဂျင် အိုး ၁၀၅ လုံးကို လည်းကောင်း တိုင်းစစ်ဌာနချုပ် အသီးသီးမှ နယ်မြေခံ တပ်မတော် သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက အသီးသီး သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ဩဂုတ် ၂၃ ရက်နှင့် ယနေ့တို့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်ရေပြာ သောက်ရေသန့်စက်ရုံဝန်းအတွင်း အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုနှင့် အဆိုပါ ရေသန့်စက်ရုံမှ ရေသန့် ထုတ်လုပ်မှုအခြေအနေများအား နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး၊ မိတ္ထီလာတပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံနှင့် ပျော်ဘွယ် မြို့နယ်တို့၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်နေမှုနှင့် တရုတ်နိုင်ငံမှ မှာယူထား သော Oxygen Plant တစ်စုံရောက်ရှိနေမှုတို့အား သက်ဆိုင်ရာ တပ်နယ်များမှ တာဝန်ရှိသူများကလည်းကောင်း အသီးသီး သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည် များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
၎င်းအပြင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့(က)ရပ်ကွက်အတွင်း အောက်ဆီဂျင် စက်ရုံဆောက်လုပ်မည့်မြေနေရာအား ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ လှိုင်းဘွဲတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ များက အပင်ကြီးများခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များရှင်းလင်းခြင်း တို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။