တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာများသို့ အောက်ဆီဂျင်အိုးများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂၂

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ကိုဗစ်စင်တာ များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ဇူလိုင် ၂၁ ရက်နှင့် ယနေ့တို့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိ အထွေထွေရောဂါကုဆေးရုံကြီး(ကုတင်-၁၀၀၀) သို့ အောက်ဆီဂျင်အိုး ၄၉ လုံး၊ ပုဗ္ဗသီရိမြို့နယ်ရှိ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ကုတင်-၃၀၀)သို့ အောက်ဆီဂျင်အိုး ၄၅ လုံးနှင့် ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ဆေးရုံ (ကုတင်-၅၀)သို့ အောက်ဆီဂျင်အိုး ၅ လုံးတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဖျာပုံမြို့၊ ဓနုဖြူမြို့၊ မြန်အောင်မြို့၊ ပန်းတနော်မြို့နှင့် လေးမျက်နှာမြို့တို့ရှိ ပြည်သူ့ ဆေးရုံများသို့ အောက်ဆီဂျင်အိုး ၂၄၀ လုံးတို့ကို အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၊ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၆၀ လုံးနှင့် လက်ပံတန်းမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး ၈၀ လုံးတို့ကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော် သားများက လည်းကောင်း အသီးသီးသွား ရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ် ချက်များ မရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင်လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။