တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများနှင့် ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

နေပြည်တော်၊ ဩဂုတ်- ၂၇

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ၈ လုံးနှင့် ဝါးခယ်မမြို့၊ မြို့နယ်ပြည်သူ့ ဆေးရုံ(ခုတင်-၅၀၀)သို့ ၃၆ သိန်းကျပ်တန်ဖိုးရှိ Oxygen Concentrator ၂ လုံးနှင့် ၂၅ သိန်းကျပ်တန်ဖိုးရှိဆေးဝါးများကိုလည်းကောင်း၊ မြင်းခြံခရိုင်၊ ဇဂျမ်းကျေးရွာအုပ်စု၊ ဇဂျမ်းတိုက်နယ်ဆေးရုံသို့ Oxygen Concentrator ၂ လုံးကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက အသီးသီး သွားရောက် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီဂျင် လိုအပ်ချက်များ မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး တွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စစ်တောတပ်နယ်ရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ် နေမှုအခြေအနေများအားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီးအတွင်းရှိ ရွှေဗျိုင်းဖြူကုမ္ပဏီမှ လှူဒါန်းသော Liquid Oxygen Tank တည်ဆောက်ပြီးစီးမှု၊ အောက်ဆီဂျင်အိုးများဖြည့်သွင်းနေမှုနှင့် လူနာများသို့အောက်ဆီဂျင်ပို့လွှတ်ပေးနေမှု အခြေအနေများနှင့် အိုးဘိုတောင် ရပ်ကွက်ရှိ အောက်ဆီဂျင်ထုတ်လုပ်ရေးစက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်မှု အခြေ အနေများအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ သီလဝ (၂)ရပ်ကွက်နှင့် သာစည်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကြာကန်ဘုန်းကြီးကျောင်း အတွင်းတို့၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည့်မြေနေရာများအားလည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အသီးသီး သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည် များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။