တောင်ကိုရီးယား ရေငုပ်သင်္ဘော အခြေပြုအမြင့်ပျံ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်

တောင်ကိုရီးယား နိုင်ငံက ရေငုပ်သင်္ဘောအခြေပြု အမြင့်ပျံဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို စက်တင်ဘာ ၁၅ ရက်တွင် အောင်မြင်စွာ ပြုလုပ်နိုင်ကြောင်း သိရသည်။

ထို့ကြောင့်    တောင်ကိုရီးယားနိုင်ငံသည် နျူကလီးယား လက်နက်များ မပါဝင်ဘဲ ထိုကဲ့သို့သော နည်းလမ်းဖြင့်   အမြင့်ပျံ ဒုံးကျည်များကို ပစ်ခတ်နိုင်သည့် ပထမဆုံးနိုင်ငံဖြစ်လာသည်။

အလားတူ တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နှင့်  အိန္ဒိယနိုင်ငံတို့ပြီးနောက်    ရေငုပ် သင်္ဘောအခြေပြု အမြင့်ပျံ ဒုံးကျည်ပစ်ခတ်နိုင်သော    သတ္တမမြောက်နိုင်ငံ ဖြစ်လာသည်။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံ၏ ယင်းကဲ့သို့ အောင်မြင်စွာ စမ်းသပ်ပစ်ခတ်နိုင်မှုသည် မြောက်ကိုရီးယားနိုင်ငံက အမြင့်ပျံ ဒုံးကျည်နှစ်စင်းကို   အရှေ့ပိုင်းကမ်းလွန် ဒေသသို့ ပစ်ခတ်သည့်နေ့နှင့် ထပ်တူကျနေသည်။ မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်အကုန်ပိုင်းတွင် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်ဖွယ်ရှိသော အမျိုးအစားအသစ် အနိမ့်ပျံ ဒုံးကျည်နှစ်စင်းကိုစမ်းသပ်ပစ်ခတ်ပြီးနောက် စက်တင်ဘာ ၁၅ ရက်တွင် အမြင့်ပျံဒုံးကျည်နှစ်စင်းကို စမ်းသပ်ပစ်ခတ်ခြင်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံက လုပ်ဆောင်သည့်    ရေငုပ်သင်္ဘောအခြေပြု အမြင့်ပျံဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို သမ္မတမွန်ဂျေးအင် ကိုယ်တိုင် တက်ရောက်ကြည့်ရှုကြောင်း သမ္မတရုံးက ထုတ်ပြန်ထားသည်။

အဆိုပါအမြင့်ပျံဒုံးကျည်စမ်းသပ် ပစ်ခတ်သည့် ရေငုပ်သင်္ဘောမှာ ပြီးခဲ့သည့်လတွင် တပ်တော်ဝင်ခဲ့သည့် တန်ချိန် ၃ဝဝဝ ရှိ ဒိုဆန်အန်ချန်းဟို    ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောဖြစ်သည်။

ယခုကဲ့သို့    ရေငုပ်သင်္ဘော အခြေပြု အမြင့်ပျံဒုံးကျည်များကို ပိုင်ဆိုင်နိုင်ခြင်းသည်ဘက်ပေါင်းစုံမှ ရောက်လာမည့် အန္တရာယ် များကို ထူးခြားပြောင်မြောက်စွာ ဟန့်တားနိုင်မည်ဖြစ်သည့ ်အပြင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေး စွမ်းအင် တည်ဆောက်မှုနှင့် ကိုရီးယားကျွန်းဆွယ်တွင်    ငြိမ်းချမ်းရေး တည်ဆောက်မှုတို့အတွက် အရေးကြီးသော  အခန်းကဏ္ဍမှ ပါဝင်လာမည်ဟု မျှော်လင့်ရကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် တောင်ကိုရီးယား တပ်မတော်အနေဖြင့် မဝေးတော့သော အနာဂတ်တွင် ဖြန့်ကြက်အသုံးပြုနိုင်တော့မည့် အသံထက်မြန် အနိမ့်ပျံဒုံးကျည်များနှင့် ပိုမိုကြီးမားသော ဒုံးကျည်ထိပ်ဖူးကို တပ်ဆင်ကာ   တန်ပြန်တိုက်ခိုက်နိုင်စွမ်း မြင့်မားသည့်    အမြင့်ပျံ ဒုံးကျည်အသစ် တစ်မျိုးအပါအဝင် ဒုံးကျည်အမျိုးအစား အသစ်များကို တီထွင်ထုတ်လုပ်နေကြောင်း   သမ္မတရုံးက ထုတ်ပြန်ထားသည်။

အလားတူ တောင်ကိုရီးယား တပ်မတော်သည်    အာကာသယာဉ်များ အတွက်အသုံးပြုမည့် လောင်စာခဲသုံး တွန်းကန်အား စနစ်စမ်းသပ်မှုကိုလည်း   ဇူလိုင်လတွင် အောင်မြင်စွာ လုပ်ဆောင်ထားနိုင်ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

Ref: CNA