တောင်ကိုရီးယား အနေဖြင့် ရန်လိုသော မူဝါဒနှင့် လိုတစ်မျိုး၊ မလိုတစ်မျိုး လုပ်ဆောင်မှုမရှိလျှင် ဆွေးနွေးပွဲပြန်စရန်အသင့်ရှိဟု မြောက်ကိုရီးယားပြော

တောင်ကိုရီးယား အနေဖြင့် ရန်လိုသော မူဝါဒနှင့် လိုတစ်မျိုး၊ မလိုတစ်မျိုး လုပ်ဆောင်မှုမရှိလျှင် ဆွေးနွေးပွဲပြန်စရန်အသင့်ရှိဟု မြောက်ကိုရီးယားပြော

တောင်ကိုရီးယားနိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံအပေါ် ရန်လိုသောမူဝါဒနှင့် လိုတစ်မျိုး၊မလိုတစ်မျိုး လုပ်ဆောင်မှုမရှိလျှင် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အသင့်ရှိကြောင်း   မြောက်ကိုရီးယား အစိုးရက ပြောသည်။

ကိုရီးယားနှစ်နိုင်ငံကြား ငြိမ်းချမ်းရေး ရရှိစေမည့်နည်းလမ်း တစ်ခုအဖြစ် ၁၉၅ဝ-၁၉၅၃ ကိုရီးယားစစ်ပွဲကို အဆုံးသတ်ရေး အတွက် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်၏ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် မြောက်ကိုရီးယား နိုင်ငံရေးတွင်  အာဏာရှိသူ တစ်ဦးဖြစ်သည့် ကင်ယိုဂျုံက စက်တင်ဘာ ၂၄ ရက်တွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။

ထို့ပြင်    မြောက်ကိုရီးယားနိုင်ငံက ခြောက်လအတွင်း   ပထမဆုံးဖြစ်သည့် ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများ လုပ်ဆောင်သည့်နည်းတူ တောင်ကိုရီးယားနိုင်ငံက ပထမဆုံးအဖြစ် ရေငုပ်သင်္ဘော အခြေပြုဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို လုပ်ဆောင်ပြီးနောက် ကင်ယိုဂျုံ၏ အဆိုပြုမှု ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံက   မြောက်ကိုရီးယားအပေါ် ရန်စသည့် အချိန်တိုင်း မြောက်ကိုရီးယား၏ လုပ်ဆောင်မှုမှန်သမျှကို လိုတစ်မျိုး၊ မလိုတစ်မျိုး အပြစ်တင်ဝေဖန်သည့် အချိန်တိုင်း အတိတ်မှ ရုန်းထွက်ကာ စကားလုံးများနှင့် လုပ်ဆောင်ချက်များ၏ ရိုးသားမှုကိုပြသပြီး ရန်လိုမှုကို လက်လွှတ်လိုက်ပါက   မြောက်ကိုရီးယားနိုင်ငံက နီးကပ်သော ဆက်သွယ်ရေးကို ပြန်လည် စတင်ကာ ဆက်ဆံရေး ပြန်လည်ထူထောင်ရန်နှင့် တိုးတက်စေရန်တို့အတွက် အကျိုးရှိသော ဆွေးနွေးပွဲများကို ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း   ကင်ယိုဂျုံက ပြောထားသည်။

အလားတူ နှစ်နိုင်ငံကြား စစ်ပွဲပြီးဆုံးကြောင်း ကြေညာချက် ရရှိရေးအတွက် တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားမှုရှိရမည်ဖြစ်ပြီး တစ်ဖက်သားအပေါ် ကိုယ်တစ်ဦးတည်း၏ ထင်မြင်ယူဆချက်ကိုသာ   ကိုင်စွဲထားမှု၊ ပြင်းထန်သော ရန်လိုသည့်မူဝါဒများ ချမှတ်မှုနှင့် ညီမျှမှုမရှိသော  လိုတစ်မျိုး၊ မလိုတစ်မျိုးဖြစ်သည့် စံနှုန်းများ ထားရှိမှုကို ဦးစွာစွန့်လွှတ်ရမည်ဖြစ်ကြောင်း ကင်ယိုဂျုံကဆက်ပြောသည်။

ကိုရီးယားနှစ်နိုင်ငံကြားစစ်ပွဲသည် စစ်ပြေငြိမ်းရေး စာချုပ်ဖြင့်သာ   အဆုံးသတ်ထားသည့်အတွက် အမှန်တကယ် စစ်ပွဲပြီးဆုံးမှု မရှိသေးပေ။

ကိုရီးယားနှစ်နိုင်ငံစလုံးက ကိုရီးယား ကျွန်းဆွယ်ငြိမ်းချမ်းရေး အတွက် စစ်ပွဲပြီးဆုံးကြောင်း  ကြေညာချက် ထုတ်ပြန်လိုသော်လည်း တောင်ကိုရီးယားဘက်တွင်  အမေရိကန်နိုင်ငံ ပါဝင်နေမှုက ငြိမ်းချမ်းရေးရရှိရေး အတွက် အဟန့်အတားဖြစ်နေကြောင်း ကျွမ်းကျင်သူ အချို့ကပြောထားသည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နိုင်ငံတို့အနေဖြင့် ၂ဝ၁၈ ခုနှစ် အမေရိကန် သမ္မတဒေါ်နယ်ထရမ့် လက်ထက်တွင် စစ်ပွဲပြီးဆုံးကြောင်း ကြေညာချက် ထုတ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းခဲ့သော်လည်း အမေရိကန်က မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို ဖြေလျှော့မှု မပေးနိုင်ခြင်းကြောင့် ကိုရီးယား ကျွန်းဆွယ်ငြိမ်းချမ်းရေးမှာ သောင်မတင်ရေမကျ ဖြစ်နေကြောင်း သိရသည်။