တောင်ငူမြို့ရှိ နဂါးရုံဇီးတောစာသင်တိုက်၊ ဦးစီးပဓာနနာယက တိုင်းသံဃနာယက သြဝါဒါစရိယဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပဏ္ဍဝ၏ အန္တိမအဂ္ဂိဈာပန၊ သာဓုကီဠနပူဇာသဘင် အခမ်းအနားကျင်းပ

နေပြည်တော်  သြဂုတ် ၁၈

သာသနာ့တာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်တော်မူရင်း သြဂုတ် ၁၆ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ နဂါးရုံဇီးတောစာသင်တိုက်၏ ဦးစီးပဓာနနာယက တိုင်းသံဃနာယက သြဝါဒါစရိယ ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ပဏ္ဍ၀ သက်တော် ၈၈ နှစ်၊ သိက္ခာတော် ၆၈ ဝါ၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင် အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် အဆိုပါစာသင်တိုက်၌ ပြုလုပ်ရာ တောင်ငူမြို့၊ ကြာနီကန် ပရိယတ္တိစာသင် တိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသူရိယ အမှူးပြုသော သံဃာတော်များ  ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခိုင်ချိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များ၊ ဒေသခံပြည်သူများ၊ ဒါယကာ၊ ဒါယိကာမများနှင့် ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဦးစွာ   တက်ရောက်လာကြသူများက ဆရာတော်ကြီး၏    ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် ကြာနီကန်ပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များအား သင်္ကန်း၊  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ အလှူငွေများနှင့်  လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော် ကို နဂါးရုံဇီးတောစာသင်တိုက်မှ လောင်တိုက်သို့ ပင့်ဆောင်ကာ အန္တိမအဂ္ဂိဈာပန၊ သာဓုကီဠနပူဇာသဘင်ကို   ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။   

 (၁၀၀)