တောင်ငူမြို့၊ ရန်ကုန်- မန္တလေး ကားလမ်းဟောင်း ဗိုလ်မှူးဖိုးကွန်း လမ်းထောင့်၌ ဗုံးအတု တစ်လုံးတွေ့ရှိ

တောင်ငူမြို့၊ ရန်ကုန်- မန္တလေး ကားလမ်းဟောင်း ဗိုလ်မှူးဖိုးကွန်း လမ်းထောင့်၌ ဗုံးအတု တစ်လုံးတွေ့ရှိ

နေပြည်တော် ၊  မတ် - ၆
    
 နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အများပြည်သူတို့၏ လုံခြုံရေးနှင့် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးတို့အတွက် နယ်မြေခံတပ်မတော်သားများ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နေ့ညမပြတ် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည်။
    
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိစဉ်  ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရန်ကုန်- မန္တလေး ကားလမ်းဟောင်း ဗိုလ်မှူးဖိုးကွန်း လမ်းထောင့်၊ မင်းကြီးညို ရုပ်ထုအနီး ခရိုင်စာရင်းစစ်ရုံး၏ အနောက်ဘက် ကျူံးဘေးလမ်းသွယ် ထရန်စဖော်မာရှေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသန္တရ ဗုံးဟုယူဆရသော အရာဝတ္ထုတစ်ခုအား တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ ကွန်ကြူပိုက် ၅ မူးလုံး အလျား ၆ လက်မခန့်ရှိ ပိုက် ၆ လုံးအား နှိုးစက် နာရီအသေးဖြင့်တွဲလျက် ချိန်ကိုက်ဗုံး ပုံစံကဲ့သို့ပြုလုပ်ထားသော ဗုံးအတုတစ်လုံးဖြစ်ကြောင်း သိရှိရပြီး အဆိုပါ ဗုံးအတုအား ရှင်းလင်းဖျက်ဆီးခဲ့သည်။
    
ဒေသတည်ငြိမ်အေးချမ်းရေးကို မလိုလားသော အဖျက်အမှောင့်ပြုလုပ်လိုသူ လူတစ်စုက အေးချမ်းစွာနေထိုင်သော ဒေသခံပြည်သူလူထုအား အထိတ်တလန့် ဖြစ်ပွား စေရန်ရည်ရွယ်၍ ယခုကဲ့သို့ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြားမြို့နယ်များတွင်လည်း ယင်းကဲ့သို့ အထိတ်တလန့်ဖြစ်စေရန်ရည်ရွယ်၍ ပြုမူဆောင်ရွက်ခြင်းမျိုးများ ပြုလုပ်နိုင်သဖြင့် မိဘပြည်သူများအနေဖြင့် ဂရုပြုနေထိုင်ရန်လိုအပ်ကြောင်းနှင့် မသင်္ကာဖွယ်ရာများ တွေ့ရှိရပါကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ အချိန်နှင့်တပြေးညီ အသိပေးအကြောင်း ကြားရန် လိုအပ်ကြောင်း သတင်းရရှိသည်။