ထန်းသီးရောင်းချသည့် မိသားစုများ အဆင်ပြေလျက်ရှိ

ပုသိမ် ဖေဖော်ဝါရီ  ၇

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်မြို့ အမှတ်(၄)ရပ်ကွက် ဘူတာလမ်း၌   ရာသီပေါ် ထန်းသီးရောင်းချသည့်  မိသားစုများ ပုံမှန်ဝင်ငွေရရှိ၍ အဆင်ပြေလျက် ရှိကြောင်း  သိရသည်။

''ထန်းသီးရောင်းလာတာ ခုနစ်နှစ်ရှိပါပြီ။ ထန်းပင်ပိုင်ရှင်ထံကနေ ထန်းသီးတစ်လုံးကို ငွေကျပ် ၅ဝ နဲ့ ဝယ်ယူရပါတယ်။

ထန်းသီးအဆန် ၅ ဆန်ပါ တစ်လုံးကို ငွေကျပ်  ၅ဝဝ  နဲ့ပြန်လည်ရောင်းချရပါတယ်။ ရာသီပေါ်ထန်းသီးကို  တစ်နေ့ရောင်းရငွေကျပ် ၁၅ဝဝဝ မှ ၂၅ဝဝဝ အထိရရှိပါတယ်''ဟု ထန်းသီးရောင်းချသူ ကိုချစ်ကပြောသည်။

ထန်းသီးကို အောက်တိုဘာမှ မေလအထိ ခူးဆွတ်ရောင်းချရပြီး နောက်နှစ်အတွက် ထပ်မံဝယ်ယူရန် ကြိုတင်စာချုပ် ချုပ်ထားရကာ စာချုပ်ဖြင့်မဝယ်နိုင်သူများက အလုံးအရေအတွက်ဖြင့် ဝယ်ယူရောင်းချရကြောင်း၊ ငွေကြေးတတ်နိုင်သူများအနေဖြင့် အပင်လိုက်စာချုပ်ချုပ်ဝယ်ယူမှုများရှိကြောင်းသတင်းရရှိသည်။