ထားဝယ်မြို့၊ တိုင်းရင်းသား ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ယာဉ်မောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေး (အမျိုးသမီးဝန်ထမ်း)တို့အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထားဝယ်ဒေသအတွင်း အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်နေသူများအား ဖမ်းဆီးရမိ

ထားဝယ်မြို့၊ တိုင်းရင်းသား ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ယာဉ်မောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေး (အမျိုးသမီးဝန်ထမ်း)တို့အား လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ထားဝယ်ဒေသအတွင်း အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်နေသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ- ၂၅

   အကြမ်းဖက် အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရ စက်ရုံ၊ အလုပ်ရုံ များအား မီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီး မှုများ ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင် ထားဝယ်မြို့၊ ကြက်စားပြင် ရပ်ကွက်၊ ကျက်သရေလမ်းနေ တရားခံ နိုင်ဦး(၅၁ နှစ်)အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ မင်းရပ်ကူးတို့လမ်းနေ ဆက်ဦး(၄၃ နှစ်)နှင့် ဂန္ဓမာလမ်းနေ ထွန်းဝေ (၅၄ နှစ်)တို့အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

  ဖမ်းဆီးရမိတရားခံ နိုင်ဦး၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁၉ ရက်တွင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဂန္ဓမာလမ်းနေ လေးလေးနွယ်(၄၂ နှစ်)အား လည်းကောင်း၊ စက်တင်ဘာလ ၂၁ ရက်တွင် (၂)လမ်းနေ အောင်သူလတ် (၃၄ နှစ်) အားလည်းကောင်း၊ စက်တင်ဘာလ ၂၂ ရက်တွင် ဆန်းချည်ရပ်ကွက်နေ ယွန်းကလျာဦး (၂၇ နှစ်)နှင့် ဘုမ္မော်ရပ်ကွက်နေ နှင်းနန္ဒာအောင် (၃၀ နှစ်)တို့အားလည်းကောင်း၊ စက်တင်ဘာလ ၂၄ ရက်တွင် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ အောင်ဆွေဒဂုံ လမ်းနေ သက်ပိုင်ဦး (၂၈ နှစ်)အား ထပ်မံဖမ်းဆီး ရမိခဲ့သည်။

  ဖမ်းဆီးရမိတရားခံ သက်ပိုင်ဦး၏ ထွက်ဆိုချက်အရ ရေဖြူမြို့နယ်၊ ကျောက်ထောင့် ကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုအောင်းနေသည့် စိုင်းမင်းသူ(၃၈ နှစ်)၊ အတာစိုး(၃၉ နှစ်)၊ ဝင်းကျော်(၃၅ နှစ်)၊ အောင်နိုင်ထွန်း(၅၂ နှစ်)၊ ကိုဦး(၃၇ နှစ်)၊ မြတ်စိုး(၄၇ နှစ်)၊ အောင်ဖြိုး(၃၃ နှစ်)၊ ဝင်းအောင်(၃၇ နှစ်)၊ တင်ထွန်း(၄၈ နှစ်)တို့ ၉ ဦးအား ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

  ဖမ်းဆီးရမိတရားခံ စိုင်းမင်သူ၏ ထွက်ဆိုချက်အရ ထားဝယ်မြို့၊ ဝဲကျွန်းထိန်သစ်ရပ်ကွက်နေ ထွန်းထွန်းဦး(၃၈ နှစ်)နှင့် မင်းဆက်မှူး(၂၁ နှစ်)တို့      ၂ ဦးအား လက်လုပ်သေနတ်အတို ၁ လက်၊ ၉လုံးကျည် ၂ တောင့်၊ ဆိုင်ကယ် ၁ စီး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ထွန်းထွန်းဦး၏ ထွက်ဆိုချက်အရ ထားဝယ်မြို့၊ အိုးလုပ် ရပ်ကွက်နေ ရာဇာထွန်း(၂၄ နှစ်)၊ မျိုးကျော်(၂၂ နှစ်)၊ ကျော်မင်းဦး(၂၂ နှစ်)နှင့် ကျော်စွာလင်း (၄၆ နှစ်)တို့ ၄ ဦးအား ပွိုင့်-၂၂ သေနတ်အရှည် ၃ လက်၊ ပွိုင့်-၂၂ လက်လုပ်သေနတ်အတို ၁ လက်၊ တစ်လုံးထိုးသေနတ် အရှည် ၃ လက်၊ ၉ လုံးကျည် ၂ တောင့်၊ လက်လုပ်မိုင်း ၇ လုံး၊ စိန်ရောင်ခြည်အသံမိုင်း ၄ လုံး၊ မူးယစ်ဆေးဝါးများနှင့်အတူ ထပ်မံဖမ်းဆီးရမိ ခဲ့သည်။

  ဖြစ်စဉ်တွင် တရားခံများ ဖမ်းဆီးရမိမှု အနေဖြင့် ကျား ၂၀ ဦး၊ မ ၃ ဦး၊ ပေါင်း ၂၃ ဦး ဖမ်းဆီးရမိခဲ့ပြီး သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ အနေဖြင့် လက်လုပ် သေနတ်အတို ၁ လက်၊ ပွိုင့်-၂၂ သေနတ် အရှည် ၃ လက်၊ ပွိုင့်-၂၂ လက်လုပ်သေနတ် အတို ၁ လက်၊ တစ်လုံးထိုးသေနတ်အရှည် ၃ လက်၊ ပေါင်း ၈ လက်၊ ၉ လုံးကျည် ၄ တောင့်၊ လက်လုပ်မိုင်း ၇ လုံး၊ စိန်ရောင်ခြည် ၄ လုံးနှင့် မူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိခဲ့သည်။

  ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၂၉ ရက်တွင် တိုင်းဒေသကြီး တိုင်းရင်းသားဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေး ဌာန၊ ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဒန်နှင့် ယာဉ်မောင်း ဝေလင်းအောင်တို့ ၂ ဦးအား ထားဝယ်မြိို့၊ ကြက်စားပြင်ရပ်ကွက်၊ ဆိပ်ကမ်းလမ်းရှိ တိုင်းဒေသကြီး တိုင်းရင်းသားဖွံ့ဖြိုးရေးသင်တန်းကျောင်း အနောက်ဘက်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော အောင်ခိုင်၊ ဝေဒီဂန်း၊ ဆုမာလေး၊ ဖုန်းမဲ၊ ခိုင်ခိုင်မာ၊ ထိုက်ထိုက်၊ ကောင်းထက်ဇော်၊ မြတ်ကျော်သူ၊ အောင်ပိုင်ဦးတို့နှင့်အတူ သက်ဦး၊ မင်းဆက်မှူး တို့မှ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

  အလားတူ စက်တင်ဘာလ ၂၀ ရက်တွင် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ရွှေတောင်စားဘုရားလမ်း၊ မလိငပိတည်းခိုခန်းရှေ့၌ အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနမှ ဘုမ္မော်ရပ်ကွက်စာရေး ဒေါ်စန်းစန်းဝေအား ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော ကောင်းထက်ဇော် ၊ မြတ်ကျော်သူ တို့နှင့်အတူ ထွန်းထွန်းဦး၊ ရာဇာထွန်းနှင့် မင်းဆက်မှူး တို့မှ မူးယစ်ဆေးဝါးများသုံးစွဲ၍ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

  ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အကြမ်းဖက်သတ်ဖြတ်မှုများ ဆောင်ရွက်ခြင်းမှာ တိုင်းဒေသကြီးတိုင်းရင်းသား ဖွံ့ဖြိုးရေး သင်တန်းကျောင်း အနီးတွင် ပုန်းခိုနေစဉ် ဦးသောင်းဒန်နှင့် ဝေလင်းအောင်တို့မှ CDM ပြုလုပ်ခြင်းမရှိသောကြောင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဒေါ်စန်းစန်းဝေ မှာလည်း CDM ပြုလုပ်မှုမရှိဘဲ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ဝိုင်းဝန်းဆောင်ရွက်နေ သောကြောင့် ဒလန်ဟုသတ်မှတ်ပြီး လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။

  လုပ်ကြံသတ်ဖြတ်ရေးအတွက် လိုအပ်သော လက်နက်/ခဲယမ်းများ ဝယ်ယူ နိုင်ရေးအတွက် အောင်သူလတ်၊ ယွန်းကလျာဦး၊ နှင်းနန္ဒာအောင်နှင့် လေးလေးနွယ်တို့မှ ငွေကြေးထောက်ပံ့ပေးခဲ့ပြီး NLD ပါတီမှ ထားဝယ်မြို့နယ်၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဇော်လေး (ဖမ်းဆီးရန်ကျန်)မှ ထားဝယ်မြို့နေ အိုက်စိုး(ဖမ်းဆီးရန်ကျန်)နှင့် မေတ္တာမြို့နေ အောင်အောင် (ဖမ်းဆီးရန်ကျန်)တို့ဖြင့် ချိတ်ဆက်၍ လက်နက်/ခဲယမ်းများအား ဝယ်ယူခြင်းဖြစ်ကြောင်း၊ အဆိုပါ လက်နက်/ခဲယမ်းများအား နိုင်ဦး၊ ထွန်းဝေနှင့် ဆက်ဦးတို့မှ သွားရောက် သယ်ဆောင်၍ လုပ်ကြံရေး အဖွဲ့များဝင်များ ဖြစ်သော ထွန်းထွန်းဦး၊ ရာဇာထွန်း၊ သက်ပိုင်ဦး၊ စိုင်းမင်းသူနှင့် မင်းဆက်မှူးတို့ထံ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

  ထိုသို့ အပြစ်မဲ့ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား လုပ်ကြံ သတ်ဖြတ်ရန်နှင့် ဒေသတွင်း ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်ရန် အဓိကစီစဉ် ညွှန်ကြားသူမှာ NLD ပါတီမှ ထားဝယ်မြို့နယ်၊ မဲဆန္ဒနယ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်သူ မိုးမိုးသူ(ဖမ်းဆီးရန်ကျန်)နှင့် NLD ပါတီမှ ထားဝယ်မြို့နယ်၊ အလုပ်အမှုဆောင် အဖွဲ့ဝင် ဇော်လေး (ဖမ်းဆီးရန်ကျန်)တို့ ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

  အထက်ပါ ဖမ်းဆီးရမိသူများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ် တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေး သတင်း ထုတ်ပြန်အပ်ပါသည်။