ထားဝယ်မြို့၌ စတုတ္ထအကြိမ် ထားဝယ်အမျိုးသားနေ့ ကျင်းပပြုလုပ်

ထားဝယ်မြို့၌ စတုတ္ထအကြိမ် ထားဝယ်အမျိုးသားနေ့ ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၄

ထားဝယ်လူမျိုးစုကော်မတီမှ ဦးဆောင်၍ ထားဝယ်လူမျိုးများစုစည်းပြီး ထားဝယ်အမျိုးသားညီလာခံကို အောင်မြင်စွာကျင်းပနိုင်ခဲ့သော နတ်တော်လဆန်း ၁ ရက်နေ့ကို ထားဝယ်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့သည်မှာ ယနေ့ တွင် (၄)နှစ်ပြည့်မြောက်ခဲ့သည်။
စတုတ္ထအကြိမ် ထားဝယ်အမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ဇေယျဝတီကျောင်းတိုက်၌ ပြုလုပ်ရာ အဆိုပါကျောင်းတိုက်ဆရာတော်၊ ထားဝယ် လူမျိုးစုစည်းမှုကော်မတီ(ဗဟို)၊ နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သူရိယ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ ဇေယျဝတီကျောင်းတိုက် ဆရာတော်နှင့် မေဃဝတီကျောင်းတိုက် ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တ ဣန္ဓောဘာသ တို့က ဩဝါဒကထာမြွက်ကြား တော်မူကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပေးပို့သည့် သဝဏ်လွှာကို ဦးစီး နာယက၊ ဂုဏ်ထူးဆောင် ဉက္ကဋ္ဌ ဦးတင်မြ က ဖတ်ကြားသည်။
ယင်းနောက် ထားဝယ်လူမျိုးများပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် ဩဝါဒစကား များကို တိုင်းဒေသကြီးဝန်ကြီးချုပ် ကလည်းကောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပေးပို့သော သဝဏ်လွှာကို တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ကလည်းကောင်း အသီးသီးဖတ်ကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သံဃာတော် များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။