ထိုင်းနိုင်ငံက နိုဝင်ဘာ ၁ ရက်မှစ၍ ကာကွယ်ဆေး ထိုးပြီးသူများအတွက် ခရီးသွား လုပ်ငန်းများ ပြန်ဖွင့်မည်

ထိုင်းနိုင်ငံက နိုဝင်ဘာ ၁ ရက်မှစ၍ ကာကွယ်ဆေး ထိုးပြီးသူများအတွက် ခရီးသွား လုပ်ငန်းများ ပြန်ဖွင့်မည်

ထိုင်းနိုင်ငံအနေဖြင့် ကာကွယ်ဆေးထိုးနှုန်းကို မြှင့်တင်ပြီး  ခရီးသွားကဏ္ဍကို ပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းနေစဉ် နိုဝင်ဘာ ၁ ရက်မှစ၍ ကာကွယ်ဆေး ထိုးပြီးသူများအတွက်  ခရီးသွား လုပ်ငန်းများကို ပြန်ဖွင့်မည်ဖြစ်ကြောင်း သိရသည်။

ပြန်ဖွင့်မည့်ခရီးသွား လုပ်ငန်းနေရာများတွင်  ဘန်ကောက်မြို့နှင့်  အခြားသော ပြည်နယ်ကိုးခု ပါဝင်ပြီး ထိုဒေသများသို့ လာမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပြီးသူများ အနေဖြင့် မဖြစ်မနေ ကွာရန် တင်းဝင်ရန် လိုအပ်ချက်ကို တာဝန်ရှိသူများကဖြေလျှော့ ပေးလိုက်ပြီဖြစ်သည်။

အစိုးရက ဇူလိုင်လမှစ၍ ဖူးခက်နှင့် စမွီကျွန်းတို့ကို ရှေ့ပြေး အစီအစဉ်အဖြစ် ပြန်ဖွင့်ကာ ကာကွယ်ဆေးထိုးပြီးသူများကို လက်ခံပြီးနောက် အောင်မြင်မှု ရရှိသည့်အတွက်  ယခုကဲ့သို့ ခရီးသွားလုပ်ငန်းကို ပြန်ဖွင့်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအနေဖြင့် ၂ဝ၁၉ ခုနှစ်တွင် နိုင်ငံခြားသား ခရီးသွားဧည့်သည် သန်း ၄ဝ ခန့်ကို လက်ခံခဲ့ရသော်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ် ခရီးသွား လုပ်ငန်းကိုပြိုလဲစေသည် အထိ မူဝါဒများ ချမှတ်ခဲ့ရပြီး ယခုအခါ အဆိုပါ ၁၈ လနီးပါးကြာ မူဝါဒများကို ဖြေလျှော့၍ ခရီးသွားများကို ပြန်လက်ခံရန် လုပ်ဆောင်နေခြင်း ဖြစ်သည်။

ထို့ပြင် တာဝန်ရှိသူများသည် အောက်တိုဘာ ၁ ရက်မှစ၍ နိုင်ငံအတွင်းဝင်လာကာ မည်သည့်နေရာကိုမဆို သွားမည့် ခရီးသွားများ အားလုံးအတွက် ကွာရန်တင်းဝင်ရန် ရက်ကိုလည်း လျှော့ချပေးထားသည်။

မူလက ကာကွယ်ဆေး ထိုးပြီးသူများကို ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရန် သတ်မှတ်ထားရာမှ   ခုနစ်ရက်သို့ လည်းကောင်း၊ ကာကွယ်ဆေး မထိုးရသေးသူများကိုမူ ၁ဝ ရက်သို့ လည်းကောင်း လျှော့ချသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

အလားတူ အစိုးရ တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ ဆိုးဆိုးဝါးဝါး ဖြစ်ပွားသည့် ပြည်နယ် ၂၉ ခုကိုလည်း အောက်တိုဘာ ၁ ရက်မှစ၍ တင်းကျပ်သော ကန့်သတ်ချက်များကိုဖြေလျှော့ကာ စီးပွားရေး လုပ်ငန်းများကို ပြန်ဖွင့်ခွင့် ပေးသွားမည်ဖြစ်သည်။

ယခုကဲ့သို့ဖြေလျှော့မှုများ လုပ်ပေးခြင်းသည် နိုင်ငံအတွင်း ကာကွယ်ဆေးထိုးနှုန်းမြှင့်တင်နေစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေသုံးပုံတစ်ပုံကို ကာကွယ်ဆေး ထိုးပေးပြီး ဖြစ်ကြောင်း သိရသည်။