ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်လာ၊ တားမြစ်ကန့်သတ်ချက် အသစ်များ ချမှတ်

ထိုင်းနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပြန်လည် မြင့်တက်လာပြီး သေဆုံးသူ အရေ အတွက်  စံချိန်တင်မြင့်တက်လာသဖြင့် တာဝန်ရှိသူများက ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ဧပြီ ၂၆ ရက်တွင် တားမြစ် ကန့်သတ်ချက် အသစ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း၌ ပြည်နယ် ၄၆ ခုအပြင် ဘန်ကောက်မြို့တော်၌ အိမ်အပြင်ထွက်သူ များအနေဖြင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ရမည်ဖြစ်ပြီး နှာခေါင်းစည်း မတပ်ပါက ဒဏ်ကြေးအနေဖြင့် ဘတ် ၂ဝဝဝဝ ပေးဆောင်ရမည်ဖြစ်သည်။

ထို့ပြင် ရုပ်ရှင်ရုံများ၊ ပန်းခြံများ၊ အားကစားခန်းမများ၊ ရေကူးကန်များ၊ အလှပြင် ဆိုင်များနှင့် နေ့ကလေးထိန်းကျောင်းများ အပါအဝင် လူစည်ကားရာ နေရာများကိုလည်း ပိတ်ခိုင်းထားသည်။

အရက်ဘားများ၊ နိုက်ကလပ်များနှင့် စားသောက်ဆိုင်များကို ပိတ်ရန် တာဝန်ရှိ သူများက ညွှန်ကြားထားပြီးနောက် သီတင်းပတ် တစ်ပတ်အကြာတွင် တားမြစ်ကန့်သတ် ချက်အသစ်များ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၌   ဧပြီလအစောပိုင်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၂၉ဝဝဝ သာ ရှိရာမှ ဧပြီ ၂၆ ရက်တွင် ရောဂါဖြစ်ပွားသူ စုစုပေါင်း ၅၇၅ဝဝ အထိ မြင့်တက်လာကြောင်း သိရသည်။