ထိုင်းအစိုးရက SME လုပ်ငန်းများ အတွက် ဘတ်ဘီလီယံ ၁ဝဝ ထောက်ပံ့မည်

ထိုင်းအစိုးရက SME လုပ်ငန်းများ အတွက် ဘတ်ဘီလီယံ ၁ဝဝ ထောက်ပံ့မည်

ထိုင်းအစိုးရသည်     အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း  (SME)များအတွက် ဘတ်ဘီလီယံ ၁ဝဝ ထောက်ပံ့မည်ဖြစ်ကြောင်း   ဘဏ္ဍာရေးဝန်ကြီး အာခွမ်တမ်ပစ် တယာပိုင်ဆစ်က   ပြောသည်။

ကပ်ရောဂါကာလ အလွန်  စီးပွားရေး ပြန်လည်ထူထောင်ရန် ထောက်ပံ့ရေး ဆိုင်ရာကော်မတီက အဆိုပါဘတ် ဘီလီယံ ၁ဝဝ ကို အတည်ပြုခြင်း ဖြစ်ကာ မကြာမီအစိုးရအဖွဲ့၏ ထောက်ခံအတည်ပြုချက်ကို ရယူသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးက ဆက်ပြောသည်။

ထိုင်းအစိုးရသည် နိုင်ငံအတွင်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်မှုများကို ကုစားရန် ဘတ် ၁ ထရီလီယံကို ပြီးခဲ့သည့်နှစ်တွင် ခွင့်ပြုပေးခဲ့ပြီးဖြစ်သည်။

အလားတူ ယခုနှစ်တွင်လည်း နောက်ထပ် ဘတ်ဘီလီယံ ၅ဝဝ ကို အသုံးပြုခွင့်ပေးထားသည်။

ပြီးခဲ့သည့်နှစ်လတွင် အစိုးရသည် လူမှုဖူလုံရေးစနစ်တွင် ပါဝင်သော အလုပ်သမားများအား ဘဏ္ဍာငွေထောက်ပံ့မှု ပေးနိုင်စေရေးအတွက် ဆောင်ရွက်ချက် အသစ်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထိုဆောင်ရွက်ချက်များတွင် လူမှုဖူလုံရေး ဥပဒေပုဒ်မ ၃၉ နှင့် ၄ဝ အရ မှတ်ပုံတင်ထားသည့် အလုပ်သမားများ အနေဖြင့် တစ်လလျှင် ဘတ် ၅ဝဝဝ နှုန်းဖြင့် နှစ်လတာခံစားခွင့်ပြုခြင်း ပါဝင်သည်။

ဖြစ်ပွားခဲ့သော ကမ္ဘာ့ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံ၏ ယခုနှစ်အတွက် စီးပွားရေး တိုးတက်မှုမှာ ၁ ဒသမ ၃ ရာခိုင်နှုန်းသာ ရှိမည်ဟု ဘဏ္ဍာရေးမူဝါဒရုံးက ခန့်မှန်းထားသည်။

ထို့ပြင် နိုင်ငံ၏ စီးပွားရေးသည် ဆက်လက် ကျဆင်းနေမည်ဖြစ်ပြီး ၂ဝ၂၃ ခုနှစ် အလယ်ပိုင်းရောက်မှသာ ၂ဝ၁၉ ခုနှစ်ကဲ့သို့သော စီးပွားရေး အခြေအနေကိုပြန်ရောက်နိုင်ကြောင်း ထိုင်းကော်မာရှယ်ဘဏ်က ခန့်မှန်းထားသည်။

အလားတူ နိုင်ငံအတွင်းရှိ SME  လုပ်ငန်း စုစုပေါင်း သုံးသန်းအနက် တစ်သန်းခန့်မှာ ကမ္ဘာ့ကပ်ရောဂါကြောင့် ပြိုလဲမည့် အခြေအနေတွင် ရှိနေကြောင်း   ထိုင်းပို့ကုန်သွင်းကုန် ဘဏ်က ခန့်မှန်းထားသည်ဟု သိရသည်။