ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇင်ထွန်း အား ဖမ်းဆီးရမိ

ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇင်ထွန်း အား ဖမ်းဆီးရမိ

နေပြည်တော်၊ မတ် - ၁၂
    
နေပြည်တော်ကောင်စီနယ်မြေအတွင်း နိုင်ငံ့ဝန်ထမ်းများအား တာဝန်ဝတ္တရား ပျက်ကွက်စေရန်ရည်ရွယ်၍ ဝန်ထမ်းများအား CDM တွင် ပါဝင်လာစေရေး အဓိက ကြိုးကိုင်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သော နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဝင်ဟောင်း ဦးမင်းသူ၏ ထွက်ဆိုချက်အရ ဆက်စပ်တရားခံတစ်ဦးဖြစ်သူ ဒက္ခိဏသီရိ မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန့်ဇင်ထွန်း အား မတ် ၂ ရက်နေ့တွင် နံနက် ၇ နာရီ ၅၀ မိနစ်ခန့်တွင် လယ်ဝေးမြို့နယ်၊ သာဝတ္ထိကျေးရွာအုပ်စု၊ အင်းသားကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ရွှေမင်းသားလက်ဖက်ရည် ဆိုင်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။
    
 ဖမ်းဆီးရမိသူ ဦးသန့်ဇင်ထွန်း၏ ဝန်ခံထွက်ဆိုပြောကြားချက်အရ ဇမ္ဗူသီရိ မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်ထွေး၏ ညွှန်ကြား ချက်ဖြင့် ၎င်းနှင့် ဦးမောင်မောင်ဆွေ(မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်-၉၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း)တို့သည် ပြည်တွင်း/ပြည်ပ ထောက်ပံ့သူများထံမှ ငွေလွှဲများလက်ခံရယူ၍ CDM ပြုလုပ်နေသော ဝန်ထမ်းများထံ တစ်ဆင့်ပြန်လည် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းနှင့် တရားမဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)နှင့် ဆက်သွယ်ဆောင်ရွက်မှုများပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
    
ဦးသန့်ဇင်ထွန်းသည် ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရန်နိုင်ထွန်း နှင့် ဆက်သွယ်၍ ထောက်ပံ့ငွေမြန်မာငွေကျပ်သိန်း ၈၃၀ အား ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် နေထိုင်သူ ဦးအောင်ဇော်လတ် ထံသို့ ပေးပို့စေခဲ့ကြောင်း၊ အဆိုပါ ငွေများအား ဒဂုံတက္ကသိုလ်ဆရာများသမဂ္ဂအဖွဲ့မှ ဦးလှမျိုးနှင့်ချိတ်ဆက်၍ နေပြည်တော်သို့ လာရောက်ပို့ဆောင်စေခဲ့ကြောင်း၊ အဆိုပါငွေကျပ်သိန်း ၈၃၀ အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာတင်ဝင်းထင် ထံပေးအပ်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်း ၄၁၃ ဦးအား CDM တွင် ပါဝင် စေရေးငွေကြေးဖြင့် ဆွဲဆောင်စည်းရုံးမှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 
    
ထို့အပြင် ဦးသန့်ဇင်ထွန်းသည် ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ ခေတ်ပြတိုက် စာပေတိုက်ပိုင်ရှင် ဦးဇော်မင်းကျော်ထံမှ CDM ထောက်ပံ့ငွေသိန်း ၂၀ အား လက်ခံ ရယူ၍ နေပြည်တော်စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သူ မင်းချမ်းငြိမ်း ထံပေးအပ်၍ နိုင်ငံ့ဝန်ထမ်းများအား တာဝန်ဝတ္တရားပျက်ကွက်စေရေး CDM တွင် ပါဝင် ဆောင်ရွက်လာစေရန်အတွက် ဆောင်ရွက်ခဲ့ကြောင်း၊ ဦးသန့်ဇင်ထွန်းထံသို့ CDM ထောက်ပံ့ငွေများရရှိနိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒေါက်တာနေသစ်ထွန်းနှင့် ဒက္ခိဏသီရိမြို့နယ် NLD အမျိုးသမီးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဒေါ်လေးလေးနွယ် တို့မှ ဝန်ထမ်း ၆၀၀ ဦးခန့်၏ အမည်စာရင်းအား ပေးပို့၍ နိုင်ငံ့ဝန်ထမ်းများအား တာဝန်ဝတ္တရားပျက်ကွက်စေရေး CDM တွင် ပါဝင်ဆောင်ရွက်နိုင်ရန် ငွေကြေးတောင်းခံထားခဲ့ကြောင်း သိရှိရပါသည်။     

သို့ဖြစ်ပါ၍ နိုင်ငံ့ဝန်ထမ်းများအား တာဝန်ဝတ္တရားပျက်ကွက်ပြီး CDM တွင် ပါဝင် လာစေရေးသွေးထိုးဆောင်ရွက်ခဲ့သူ ဦးသန့်ဇင်ထွန်းအား ၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်တွင် လယ်ဝေးမြို့နယ်၊ သာဝတ္ထိနယ်မြေရဲစခန်း၌ (ပ)၂၄/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်၍ ထိန်းသိမ်းထားရှိပြီး ကျန်ရှိသည့် ဆက်စပ်တရားခံများအား ဖမ်းဆီး ရမိရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း ဆက်စပ်တရားခံ များအား ဝိုင်းဝန်းဖမ်းဆီးနိုင်ပါရန်နှင့် တွေ့ရှိပါက နီးစပ်ရာ နယ်မြေခံတပ်၊ ရဲစခန်းများသို့ အကြောင်းကြားပေးပါရန်၊ လက်ခံထားသူများကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။