နေပြည်တော် ဒီဇင်ဘာ ၂၂
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော် မျိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရဟတ်ယာဉ်များဖြင့် နေပြည်တော်မှ ပုဂံ-ညောင်ဦးလေဆိပ်သို့ ရောက်ရှိကြသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ပုဂံ-ညောင်ဦး လေဆိပ်မှ ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီမြို့ရှိ လိုင်လင်းပီ လေယာဉ်ကွင်း ငယ် တည်ဆောက်ရေး စီမံကိန်းသို့ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန် လွယ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတသည် လိုင်လင်းပီ လေယာဉ်ကွင်းငယ် တည်ဆောက်ရေး ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူတို့က လေယာဉ်ကွင်းငယ်ဆိုင်ရာ အချက်အလက်များ၊ လေယာဉ်ကွင်းငယ် တည်ဆောက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက သိရှိလိုသည်များကို မေးမြန်းသည်။
ယင်းနောက် လိုင်လင်းပီမြို့မိမြို့ဖ ဦးဟီဝါး က ဒေသဖွံ့ဖြိုးရေး လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖုန်းမြတ်နှင့် ပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက ပေါင်းစပ် ညှိနှိုင်းပေးသည်။
ထို့နောက် ဒုတိယသမ္မတသည် လေယာဉ်ကွင်းငယ် တည်ဆောက်ပြီးစီးမှု အခြေအနေများအား ရှုရပ်မှကြည့်ရှု စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် လေယာဉ်ပြေးလမ်း တည်ဆောက်ပြီးစီးမှု အခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယသမ္မတသည် ရဟတ် ယာဉ်များဖြင့် လိုင်လင်းပီမြို့မှ ပုဂံ-ညောင်ဦး လေဆိပ်သို့ ရောက်ရှိကြသည်။
ထိုမှတစ်ဆင့် ဒုတိယသမ္မတနှင့် အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ပုဂံ-ညောင်ဦး လေဆိပ်မှ နေပြည်တော်သို့ပြန်လည် ရောက်ရှိကြကြောင်း သိရသည်။