ဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲ ကြီးကြပ်ရေး ဆရာတော်ကြီးများနှင့်  စာဖြေသံဃာများအား သွားရောက် ဖူးမြော်ကြည်ညို

နေပြည်တော်  ဇွန်  ၉

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့မွန်းတည့် ၁၂ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်တပ်ကုန်းမြို့ မဟာဇနကဗိမာန်နှင့် ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီးတို့၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော်များအား  သွားရောက်ဖူးမြော်ကြည်ညိုသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့ မဟာဇနကဗိမာန်၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုတော်မူကြသော    စာဖြေသံဃာတော်များအား ဖူးမြော်ကြည်ညိုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့ ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီး၌ ဓမ္မာစရိယနှင့်  ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် အလှူတော်ငွေ ကျပ်၁ဝ သိန်းကို ဆက်ကပ် လှူဒါန်းသည်။

ထို့နောက် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ အနေဖြင့် ပရိယတ္တိ သာသနာတော်ဆိုင်ရာစာမေးပွဲများကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဆုံးဖြတ်ချက်သြဝါဒနှင့်အညီ ကျင်းပနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအစိုးရ ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ စာဖြေဌာနများတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပလျက်ရှိကြောင်း၊ နိကာယ် စာမေးပွဲများကိုလည်း ဇွန်လတတိယပတ်တွင် ကျင်းပမည်ဖြစ်ကြောင်း၊  တိပိဋကဓရ၊ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲကိုလည်း ဇွန် ၂၆ ရက်တွင်ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ   မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသွားမည် ဖြစ်ကြောင်း၊  ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်စာရင်းတို့ကို ဇူလိုင်လ တတိယပတ်   ဝါမဆိုမီကာလအတွင်း ထုတ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း စသည်ဖြင့် လျှောက်ထားသည်။ ဆက်လက်၍ ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုတော်မူကြသော  သံဃာတော်များနှင့် သီလရှင်များအား  လှည့်လည်ဖူးမြော် ကြည်ညိုသည်။

ယနေ့ကျင်းပသည့် ၂ဝ၂၁ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲတွင် နေပြည်တော် ကောင်စီနယ်မြေ တပ်ကုန်း စာဖြေဌာန၌ စာဖြေသံဃာတော် ၁၆၅ ပါး နှင့် သီလရှင် ၂၅ ပါး ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။