နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ အပါအဝင် ပါဝင်ပတ်သက်သူများအား  တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူ အပါအဝင် ပါဝင်ပတ်သက်သူများအား  တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ မတ် - ၇
    
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၂)ရပ်ကွက်၊ ဗိုလ်မှူး ဗထူးလမ်း၊ အမှတ်(၁၃/က)ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဘဏ္ဍာရေးမှူး ဖြစ်သူ ဒေါ်မြင့်မြင်ခင်ဖေ(ခ)ဒေါ်ရွှေဇီးကွက် အား CDM တွင် ပါဝင်လှုပ်ရှားနေသည့် နိုင်ငံ့ဝန်ထမ်းများအား အားပေးအားမြှောက်ပြုမှုဖြင့် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် မရမ်းကုန်း မြို့မရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
    
အဆိုပါအမှုနှင့်ပတ်သက်၍ မတ် ၃ ရက်နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အား ဝင်ရောက်ရှာဖွေခဲ့ရာ ဒေါ်မြင့်မြင့်ခင်ဖေ(ခ)ဒေါ်ရွှေဇီးကွက် အား တွေ့ရှိရခြင်းမရှိဘဲ  စစ်ဆေးရန်လိုအပ်သည့် စာရွက်စာတမ်းများကို သိမ်းဆည်းနိုင်ခဲ့သည်။ 
    
စိစစ်ချက်များအရ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် CDM တွင် ပါဝင် လှုပ်ရှားနေသည့် နိုင်ငံ့ဝန်ထမ်းများအား ထောက်ပံ့ပေးနိုင်ရေးအတွက် အမည်ခံ၍ 88 Nyein Pwint    အပါအဝင် ပြည်တွင်းပြည်ပရှိ ကုမ္ပဏီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ် စုစုပေါင်း ၄၉၈ ဦး တို့ထံမှ ဖေဖော်ဝါရီ ၁၀ ရက်မှ မတ် ၃ ရက်အထိ ပေးပို့လှူဒါန်းငွေ စုစုပေါင်းငွေကျပ် ၆၁၃၃၉၄၃၅၀ (ငွေကျပ်သိန်းပေါင်းခြောက်ထောင့်တစ်ရာကျော်)နှင့် အမေရိကန်ဒေါ်လာ ၂၀၆၇၀ ကို လက်ခံရရှိခဲ့ကြောင်း၊ ၎င်းအပြင် သိန်းပေါင်းနှစ်သောင်း ထည့်ဝင်ထားသည့် Fix Deposit Bank  Account  ၆ ခုကိုလည်း ဖော်ထုတ်ရရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရ ပါသည်။
    
အဆိုပါ ငွေများအနက်မှ ပြည်နယ်နှင့်တိုင်းဒေသကြီး ၇ ခုရှိ CDM တွင် ပါဝင်လှုပ်ရှားနေသည့် ဝန်ထမ်းများထံသို့ အသင်းအဖွဲ့လူပုဂ္ဂိုလ်များတစ်ဆင့် မတ် ၂ ရက် အထိ ဃီြ တွင် ပါဝင်လှုပ်ရှားနေသူ ဝန်ထမ်း ၂၀၀၈ ဦးခန့်အား တစ်ဦးလျှင် ၁ သိန်းကျပ်မှ ၂ သိန်းကျပ်ခန့်အထိ စုစုပေါင်းငွေကျပ် ၂၈၅၆၃၀၀၀၀(သိန်းပေါင်းနှစ်ထောင့်ရှစ်ရာကျော်) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ၎င်းအပြင် ရန်ကုန်မြို့ရှိ ကွန်တိန်နာယာဉ်မောင်းများ၊ မီးရထားဝန်ထမ်းများအား ထောက်ပံ့ပေးခြင်းများဖြင့် CDM  ပြုလုပ်ရန် အားပေးအားမြှောက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

CDM တွင် ပါဝင်လှုပ်ရှားနေသူများအား အဓိကလှုံ့ဆော်ဆောင်ရွက်နေသော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူ အား မတ်လ ၄ ရက်တွင် မရမ်းကုန်း မြို့မရဲစခန်း၌(ပ/၆၇) ၊ (၅၀၅-က)ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။ ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့သည် ၎င်းတို့၏ နာရေးကူညီမှု အသင်းအား အကြောင်းပြ၍ လှူဒါန်းထားသော ထောက်ပံ့ငွေများအား အလွဲသုံးစားပြုလုပ်၍ ထွက်ပြေးတိမ်းရှောင် လျက်ရှိသဖြင့် တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။