နိုင်ငံခြားရေးရာမူဝါဒကော်မတီ၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကျင်းပ နိုင်ငံခြား ရေးရာမူဝါဒကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်၊ ဖေဖော်ဝါရီ- ၁၈

နိုင်ငံခြားရေးရာမူဝါဒကော်မတီ၏ (၁/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးရာမူဝါဒကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဉီးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကော်မတီဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်  ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဦးသိန်းညွှန့်နှင့် ဦးခင်မောင်ဆွေ၊ ကော်မတီ အတွင်းရေးမှူး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် တို့ တက်ရောက် ကြသည်။

 ဉီးစွာ နိုင်ငံခြားရေးရာမူဝါဒကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက မိမိတို့လက်ခံကျင့်သုံးသည့်နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ အခြေခံဥပဒေ တွင် မိမိတို့၏နိုင်ငံခြားရေးမူဝါဒကို လွတ်လပ်၍တက်ကြွသည့် ဘက်မလိုက်သောနိုင်ငံ ခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေး ရှေးရှုသည့်မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကိုစောင့် ထိန်းသည့် မူဝါဒ(၃)ရပ်ကို ပုဒ်မ - ၄၁တွင် ပြဌာန်းထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ နိုင်ငံလုံခြုံရေးနှင့်ပတ်သက်၍ နိင်ငံတကာအပေါ်တွင်ထားရှိသည့် သဘောထားသည် ပုဒ်မ (၄၂-က)တွင် နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမျှစတင် ကျူးကျော်တိုက်ခိုက်ခြင်း မပြု၊ (၄၂-ခ)တွင် နိုင်ငံတော်သည် နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ဝင်မှ တပ်ချခွင့်မပြုဟု ပြဋ္ဌာန်းထားသဖြင့် များစွာရှင်းလင်းသည့် နိုင်ငံခြားရေးမူဝါဒဖြစ် ကြောင်း။

မိမိတို့သည် အင်အားကြီး နိုင်ငံနှစ်နိုင်ငံအကြားတွင် တည်ရှိသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ ယင်းနှစ်နိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့် မိမိတို့နိုင်ငံအနေဖြင့် အထူးသတိကြီးစွာ ဆက်ဆံရန် လိုအပ်သကဲ့သို့ ယင်းနှစ်နိုင်ငံနှင့် ဆက်ဆံရေးအပေါ်မူတည်၍ မိမိတို့နိုင်ငံကို အခြားနိုင်ငံ များက စိတ်ဝင်စားမှုများစွာရှိနေသည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်၍ အထူးထိန်းသိမ်းဆောင်ရွက် သွားရမည်ကိုပြောလိုကြောင်း။ နိုင်ငံ၏ နယ်စပ်ဒေသများကို ထာဝရတည်ငြိမ်အေးချမ်းသည့် နယ်စပ်ဒေသဖြစ်ရန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်  ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း နိုင်ငံတို့နှင့် ထာဝရတည်ငြိမ်အေးချမ်းပြီး ငြိမ်းချမ်းချစ်ခင်သည့် အိမ်နီးနားချင်း ဆက်ဆံရေး ထူထောင်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် သီးခြားနေထိုင်၍ မရကြောင်း၊် နှစ်နိုင်ငံဆက်ဆံရေး၊ နိင်ငံတကာ ဆက်ဆံရေးနယ်ပယ်များတွင် တပ်မတော်အစိုးရ လက်ထက်၌ ကြိုးစားဆောင်ရွက်ခဲ့သည့်အတွက် နောက်ပိုင်းတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအပြင် အခြားနိုင်ငံတကာဆက်ဆံရေးနယ်ပယ်များတွင်လည်း ထဲထဲဝင်ဝင် ပါဝင် ဆောင်ရွက်လာနိုင်သည်ကို တွေ့ရကြောင်း၊ နိုင်ငံတကာဆက်ဆံရေးတွင် အိမ်နီးနားချင်း ဆက်ဆံရေးမှာ အရေးကြီးကြောင်း၊ ထို့ကြောင့် အိမ်နီးနားချင်းနိုင်ငံများမှာ မိမိတို့အတွက် ဦးစားပေးဆက်ဆံရမည့် နိုင်ငံများဖြစ်သည်ကို ပြောလိုကြောင်း။

အိမ်နီးချင်း ဆက်ဆံရေးတွင်လည်း မတူသည့်မူဝါဒများ၊ ယဉ်ကျေးမှုများရှိသည့် နိုင်ငံများနှင့် ဆက်ဆံခြင်းဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံချင်းအပေါ်တွင်မူတည်၍ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ထိတွေ့ဆက်ဆံနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအနေအထားတွင် ခေတ်အဆက်ဆက်တည်ရှိခဲ့သည့် အိမ်နီးနားချင်း ဆက်ဆံရေး နှင့် ထာဝရငြိမ်းချမ်းသည့် အိမ်နီးနားချင်းဆက်ဆံရေးမှာ ချစ်ကြည်ရင်းနှီးမှုများရှိပြီး ဖြစ်သည့်အတွက် ပိုမိုခိုင်မာမှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးသည့်နိုင်ငံဖြစ်ကြောင်း၊ ပြည်တွင်းရင်းနှီး မြှုပ်နှံမှုနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုကိုလည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း၌ လာရောက်ရင်းနှီးမြှုပ်နှံမည့်နိုင်ငံများ အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံများ၏ အနှောင်အဖွဲ့ ကင်းသည့် ရင်းနှီးမြှုပ်နှံမှုကိုလည်းကြိုဆို၍ တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အကျိုးရှိ မည်ဆိုပါက အားပေးရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက် ခြင်းအားဖြင့် အိမ်နီးချင်းနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်သည့် ပြည်သူများ ၏အခန်းကဏ္ဍကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ခြင်းအားဖြင့် အိမ်နီးနားချင်းဆက်ဆံရေးများ၊ ကူးလူးဆက်ဆံရေးများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အိမ်နီးနားချင်းကူးလူး ဆက်ဆံခြင်းမှတဆင့် ဖြစ်ပေါ်လာနိုင်သည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းများသည်လည်း ပိုမိုများပြားလာနိုင်မည်ဖြစ်ကြောင်း၊ အလုပ် အကိုင်အခွင့်အလမ်းများသည်လည်း ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း၊ ထို့ပြင် ပို့ကုန် ပစ္စည်းများလည်း ပိုမိုရရှိလာစေမည်ဖြစ်ကြောင်း။

ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာပါက သွင်းကုန်အစားထိုးများစွာဆောင်ရွက်နိုင် ပြီး တိုင်းပြည်၏နိုင်ငံခြားငွေလိုအပ်မှုကိုလည်း မျာစွာလျော့ချလာနိုင်သည်အထိ အကျိုးခံစား ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုနှင်ပတ်သက်၍ လုပ်ငန်းကို အခြေခံသည့်၊ အလုပ်အကိုင်ကိုအခြေခံသည့်၊ ထုတ်လုပ်မှုကိုအခြေခံသည့်၊ ပို့ကုန်ပစ္စည်း ကိုအခြေခံသည့်၊ ပို့ကုန်ပစ္စည်းကို ထုတ်လုပ်နိုင်သည့်အပေါ်အခြေခံသည့်၊ သွင်းကုန် ပစ္စည်းအစားထိုးခြင်းကို အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုမျိုးကိုအားပေးပြီး နိုင်ငံခြားရေး မူဝါဒများနှင့် ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း။

 မိမိတို့နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှလက်မှတ် ရေးထိုးထားပြီးဖြစ်သည့် ပဋိညာဉ်စာချုပ်များ၊ ကတိကဝတ်များများနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ လက်ခံနိုင်သည့် ကိစ္စရပ်များအားလုံးကိုလည်း အလေးထားပြီး လေးစား လိုက်နာသွားရန် ဖြစ်ကြောင်း၊ အလားတူ မိမိတို့အနေဖြင့် နိုင်ငံတကာရေပိုင်နက်များနှင့် ဆက်ဆံနေရခြင်းရှိကြောင်း၊ ထို့ကြောင့် ရေပြင်ပိုင်နက်များစနစ်တကျရှိစေရန်နှင့် ရေပြင် ပိုင်နက်ဆိုင်ရာ သဘောတူညီချက်များကိုလည်းအမြန်ပြီးပြတ်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ထို့ပြင်ရေပြင်ပိုင်နက်လုံခြုံရေးများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း။

အိမ်နီးနားချင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများ အပါအဝင် ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများစွာရှိကြောင်း၊ တရားဝင်သွားသည့်သူများ ရှိသကဲ့သို့ တရားမဝင်သွားသည့်သူများလည်း ရှိကြောင်း၊ ၎င်းတို့သည် မိမိတို့နိုင်ငံသားများ ဖြစ်သည့်အတွက် မိမိတို့နိုင်ငံက ကာကွယ်စောင့်ရှောက် ပေးရန်လည်းလိုအပ်ကြောင်း၊ ထို့ကြောင့် အခွင့်အလမ်းများကိုဖော်ထုတ်၍ ပြည်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို မိမိတို့နိုင်ငံ၏ ဥပဒေအကာအကွယ်များ ပေးနိုင်သမျှပေးနိုင်စေရန်နှင့် ၎င်းတို့အနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံ သို့ ပြန်လာလိုသည်ဆိုပါက ပြန်လာနိုင်စေရန် အခွင့်အလမ်းများဖော်ထုတ်ပေးရန် လိုအပ်ကြောင်း။ ပြီးခဲ့သည့် ကာလအတွင်းတွင် မြန်မာနိုင်ငံသို့ပြန်လာလိုသည့်အတွက်  တောင်းဆိုထားခြင်း များစွာရှိကြောင်း၊ သို့သော်  COVID-19 ကြောင့် ပြန်လာရန် အခက်အခဲဖြစ်နေခြင်းများရှိသဖြင့် ၎င်းတို့ပြန်လာနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် သွားရန်လိုကြောင်း၊ COVID-19 ကပ်ရောဂါသည် တစ်ကမ္ဘာလုံးဖြစ်ပေါ်နေသည့် ရောဂါ ဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ကူးစက်ပြန့်ပွားမှုလျော့ချရေး၊ ကာကွယ်ကုသရေး၊ နည်းပညာပိုင်းဆိုင်ရာတွင် ပူးပေါင်းဆောင်ရွက်ရေး၊ သတင်းအချက် အလက်ဖလှယ်ရေးကိစ္စရပ်များသည် များစွာကျယ်ပြန့်ကြောင်း၊ ထို့ကြောင့် COVID-19 ရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင်  အခါအားလျော်စွာ ဖြစ်ပေါ်လာသည့် ကပ်ဘေး ရောဂါများရှိကြောင်း၊ ယင်းကပ်ရောဂါများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ရောဂါကူးစက်မှုကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးတို့ အတွက် နည်းပညာနှင့်သတင်းအချက်အလက်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြား နိုင်ငံများနှင့် ဆက်သွယ်ဆောင်ရွက်၍ မိမိတို့နိုင်ငံအနေဖြင့် အမြန်ဆုံးတုန့်ပြန် ဆောင်ရွက်နိုင်ရန် အတွက် စဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း။

ကော်မတီသည် မူဝါဒများချမှတ်ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သည့်အတွက် တစ်ဖက်တွင်လည်း နိုင်ငံတော်အတွက်အကျိုးရှိမည့် လုပ်ငန်းများ၊ အထူးသဖြင့် နိုင်ငံတကာအကူအညီများရှိကြောင်း၊ နိုင်ငံတကာချေးငွေများရှိကြောင်း၊ အထူးအစီအစဉ် အရပေးသည့် လုပ်ငန်းရပ်များရှိကြောင်း၊ ယင်းအခွင့်အရေးများကို လည်းလက်တုန့်မနှေး ရရှိနိုင်ရေးအတွက်နည်းလမ်းရှာကြံ၍ ဆောင်ရွက်သွားမည်ဆိုပါက တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထောက်အကူရရှိမည်ဟု ပြောလိုကြောင်း။ လူဝင်မှု ကြီးကြပ်ရေးကိစ္စရပ်များ၌ ပြည်ပနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာ နိုင်ငံသားများရှိကြောင်း၊ ယင်းတွင် တရားမဝင်သွားရောက်ခြင်းရှိသကဲ့ သို့တရားဝင် သွားရောက်ခြင်းလည်းရှိကြောင်း၊ တရားမဝင်သူများကို ဥပဒေလမ်းကြောင်းမှ မိမိတို့ နိုင်ငံသို့ ပြန်လည်ခေါ်ယူခြင်း သို့မဟုတ်  တရားဝင်အောင်ဆောင်ရွက်ပေးရေး၊ ၎င်းတို့ နေထိုင်သည့်နိုင်ငံတွင် တရားဝင် နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ရပ်ပေါင်းပြီး ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ပြင် လူကုန်ကူးခံရမှုကြောင့် ပြည်ပသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ကယ်တင်နိုင်ရေးနှင့် လူကုန်ကူးမှုမခံရစေရေးအတွက် တားဆီးခြင်း၊ ကာကွယ်ခြင်း၊ ပြန်လည်ခေါ်ယူခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း။ နေရပ်စွန့်ခွာသူများကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော် က ချမှတ်ထားသည့်မူဝါဒများ၊ ခေတ်အဆက်ဆက် နှစ်နိုင်ငံသဘောတူညီချက်များ၊ ဥပဒေများနှင့်အညီ အမြန်ဆုံး ဆောင်ရွက်သွားရန်လိုကြောင်း၊ နယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ်များကိုလည်း တုန့်နှေးခြင်းမရှိဘဲ နှစ်နိုင်ငံသဘောတူညီချက်များနှင့်အညီ တုန့်ပြန်ဆောင်ရွက် သွားရန်လိုကြောင်းဖြင့်မှာကြားသည်။

ထို့နောက် နိုင်ငံခြားရေးရာမူဝါဒကော်မတီအဖွဲ့ဝင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ဦးခင်မောင်ဆွေ၊ ကော်မတီအတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် နှင့် ဦးကိုကိုလှိုင်တို့က  နိုင်ငံခြားရေးရာမူဝါဒကော်မတီစတင်ဖွဲ့စည်းခဲ့မှု၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက် သွားမည့်အခြေအနေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက် များနှင့်အညီ နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေ၊ နိုင်ငံခြားရေးရာမူဝါဒကော်မတီ၏ လုပ်ငန်းတာဝန် ၁၂ ရပ်နှင့် ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ရသည့်ကိစ္စရပ်များ၊ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ရသည့် ကိစ္စရပ်များနှင့် နိုင်ငံတကာဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ပြည်ပ ရောက်မြန်မာနိုင်ငံသားဟောင်းများအား မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လက်ခံရေး အဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ပြည်ပနိုင်ငံများသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား အသိအမှတ်ပြုကဒ်ထုတ်ပေးနေမှု အခြေအနေ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံချိန်တွင် လူဦးရေ စာရင်းကွဲလွဲမှုကြောင့် ကြန့်ကြာနေမှုအခြေအနေ၊ နိုင်ငံတကာအဆင့်အစည်းအဝေးများ တွင် မိမိတို့နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများအား သိရှိစေရန် ဆွေးနွေးပြောကြားသွားမည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံခြား ရေးရာမူဝါဒ ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံ၏ ပကတိအခြေအနေအား နိုင်ငံတကာမှ သိရှိနိုင်စေရန် အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ သံတမန်ဆက်ဆံရေးများကို ယခုထက်ပိုမို လေးနက် အောင် နည်းလမ်းရှာဖွေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါတွင် နိုင်ငံတကာမှ မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေအပေါ် ယခင်ကထက် အပြုသဘောဆောင်သည့် သဘောထားများရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ထားရှိထားသည့် နှစ်နိုင်ငံ သဘောတူညီချက်နှင့် ပေးထားသည့် ကတိကဝတ်များကို  ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူ သည့်ကာလအတွင်း တရုတ်နိုင်ငံအပါအဝင် သက်ဆိုင်ရာနိုင်ငံများအလိုက် နှစ်နိုင်ငံ ဆက်ဆံရေးနှင့်ပတ်သက်၍ အထိန်းအမှတ်အခမ်းအနားများအား ကျင်းပနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊  နိုင်ငံတကာနှင့်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးဆိုင်ရာနှင့် ဆက်ဆံရေးတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များအတွက် ယခုကော်မတီသည် အရေးကြီးသည့် အခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကော်မတီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လက်ရှိအခြေအနေတွင် တုန့်ဆိုင်းနေသည့် နိုင်ငံ့စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေး အခြေအနေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် အလေးအနက်ထား ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။