နိုင်ငံတော်ကာကွယ်ရေး စွမ်းပကားမြှင့်တင်ရေးအတွက် တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်- မင်းရဲသိင်္ခသူပါဝင်သည့် စစ်ရေယာဉ်ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်း (Fleet Exercise-2020) လေ့ကျင့်ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၁၅

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို လုံခြုံစွာကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် ကာကွယ်ရေး စွမ်းရည်ထက်မြက်မြင့်မားစေရန် တပ်မတော်(ကြည်း၊ရေ၊လေ) လေ့ကျင့်ခန်းများကို အမြဲမပြတ် လေ့ကျင့်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်၌ တပ်မတော်(ရေ)မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော  စစ်ရေယာဉ်- မင်းရဲသိင်္ခသူ ပါဝင်သည့် စစ်ရေယာဉ် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) လေ့ကျင့်မှုအားဆောင်ရွက်ကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်(ရေ)ဝတ်စုံအား ဂုဏ်ပြုဝတ်ဆင်၍  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့နှင့်အတူ အကဲကြည့် စစ်ရေယာဉ်- မုတ္တမပေါ်မှ လိုက်ပါကြည့်ရှု အားပေးကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ရေယာဉ်-မုတ္တမပေါ်သို့ ရဟတ်ယာဉ်များဖြင့်ရောက်ရှိကြရာ ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020)ကို ဦးစီးလေ့ကျင့်နေသည့် တာဝန်ရေတပ်မမှူး ဗိုလ်မှူးချုပ် ဇွဲဝင်းမြင့်နှင့် တာဝန်(ရေ)တပ်ဖွဲ့က ကြိုဆိုခဲ့ကြသည်။ ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ရေယာဉ်-မုတ္တမပေါ်မှ တစ်ဆင့် လေ့ကျင့်ခန်းဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုသည်။ ထို့နောက် စစ်ရေယာဉ်-မုတ္တမပေါ်တွင် စီးနင်းလိုက်ပါလာသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ကြသည့် ရေငုပ်သင်္ဘော စစ်ရေယာဉ်-မင်းရဲသိင်္ခသူနှင့် စစ်ရေယာဉ်များက Fleet Review ဖြင့် ချီတက်အလေးပြုကြသည်။

ထို့နောက် စစ်ရေယာဉ်- မုတ္တမ အစည်းအဝေး ခန်းမတွင် တာဝန်ရေတပ်မမှူးက အောက်တိုဘာ ၁၂ ရက်မှစ၍ လေ့ကျင့်ခန်းဆိုင်ရာ ဆောင်ရွက်လေ့ကျင့်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကာကွယ်ရေး ဦးစီးချုပ်(ရေ)က ရေငုပ်သင်္ဘော စစ်ရေယာဉ်-မင်းရဲသိင်္ခသူ ဆိုင်ရာ အချက်အလက်များနှင့် ရေငုပ်သင်္ဘောဖြင့် လေ့ကျင့်ခြင်းကြောင့် ရေအောက်စစ်ဆင်ရေးဆိုင်ရာ စွမ်းရည်များ တိုးမြှင့်ရရှိခဲ့မှု အခြေအနေများအား ရှင်းလင်း တင်ပြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) တွင် ပါဝင်ခဲ့ကြသည့် စစ်ရေယာဉ်မှူးများနှင့် အရာရှိ၊ စစ်သည်များကို လေ့ကျင့်ခန်းနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် အမှာစကားပြောကြားရာတွင် ယနေ့သည် တပ်မတော်(ရေ)အတွက် သမိုင်းဝင်မော်ကွန်းတင်သည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)၏ မျှော်မှန်းချက်ဖြစ်သည့် ရေပြာရေတပ် (Blue Water Navy) အဆင့်ကို ရောက်ရှိနိုင်ရေးအတွက် လုပ်ဆောင်ခဲ့သည်မှာ ယနေ့တွင် ခြေလှမ်းသစ်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတိုင်း နိုင်ငံတိုင်းသည် ၎င်းတို့၏ ရေတပ်စွမ်းအား မြှင့်တင်ရေးအတွက် လုပ်ဆောင်လျက်ရှိကြကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် စွမ်းရည်မြင့်မားသည့် ရေတပ်ဖြစ်စေရန် စွမ်းအားရှိသည့် စစ်ရေယာဉ်များ ပိုင်ဆိုင်ရန်လိုအပ်ပြီး ရေငုပ်သင်္ဘောသည်လည်း အပါအဝင်ဖြစ်ကြောင်း၊ ရေတပ်ဖွဲ့တစ်ခုကို တည်ဆောက်ခြင်းသည် လွယ်ကူသည် မဟုတ်ကြောင်း၊ သင်္ဘောတစ်စီးကို တည်ဆောက်ပါက တည်ဆောက်ရေး ကာလ၊ တပ်ဆင်မည့်လက်နက်၊ တာဝန်ထမ်းဆောင်မည့် စစ်သည်၊ လေ့ကျင့်ရေး စွမ်းရည်ပြည့်မီမှုများကအစ အချိန်ပေးစဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ရေငုပ်သင်္ဘောသည် ပိုမို၍ခက်ခဲမည်ဖြစ်ကြောင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများသည် အခြားနေရာများတွင် တာဝန်ထမ်းဆောင်သည့် စစ်သည်များထက် ပိုမိုကြံ့ခိုင်မှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်း တည်ဆောက်ခဲ့ပြီး ပြောင်းလဲလာသည့် စစ်ရေယာဉ် အနေအထားများကို ကြည့်မည်ဆိုပါက ၁၉၉၀ ကျော်ကာလတွင် အခြားသော ရေတပ်များဖြင့် နှိုင်းယှဉ်နိုင်သည့် ရေတပ်အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊  နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရခြင်းပင် ဖြစ်ကြောင်း၊ ယခုထက်ပိုမို ခေတ်မီသည့် ရေတပ်ဖွဲ့ဖြစ်နိုင်ရေးသည် ရေငုပ်သင်္ဘောများ ပါဝင်ရမည်ဖြစ်ကြောင်းနှင့် ရေငုပ်သင်္ဘော ပိုင်ဆိုင်ရေး ကြိုးပမ်းခဲ့ရမှုများနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင်-

   “ဒီထက်ပို၍ခေတ်မီတဲ့ ရေတပ်ဖွဲ့ဖြစ်ဖို့ ဆိုရင်တော့ စောစောကပြောတဲ့ ရေငုပ်သင်္ဘောတွေ ပါဝင်မှ ခေတ်မီတဲ့ ရေတပ်တပ်ဖွဲ့တစ်ခု ဖြစ်လာမယ်။ ရေငုပ်သင်္ဘော ရရှိရေးအတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက တို့တွေကြံစည်ခဲ့တယ်၊ စိတ်ကူးခဲ့တယ်၊ ကြိုးစားခဲ့တယ်လို့ ပြောချင်ပါတယ်၊ လွယ်လွယ်ကူကူတော့ ဒီအိမ်မက်တစ်ခုကို အကောင်အထည်ဖော်ဖို့အတွက် လွယ်တာတော့ မဟုတ်ဘူး။ တော်တော်ကို ခက်ခက်ခဲခဲ လုပ်ရတာဖြစ်ပါတယ်။ အဲ့ဒီတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ တို့မက်ခဲ့တဲ့ ဒီအိမ်မက်ဟာ အခက်အခဲ အမျိုးမျိုးကြောင့် အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ အဲ့ဒီတော့ဒီဟာကို အကောင်အထည်ဖော်ဖို့အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့အချိန်မှာ ကြိုးစားခဲ့ပါတယ်။ တစ်အချက်ကတော့ လူသားအရင်းအမြစ်တွေကို ဘယ်လိုရနိုင်မလဲ။ နှစ်အချက်ကတော့ ကိုယ့်နိုင်ငံနဲ့ကိုက်ညီတဲ့ ရေငုပ်သင်္ဘော ဘယ်လိုဖြစ်နိုင်မလဲ။ ဘယ်ကနေရနိုင်မလဲ ဒီလိုတွေစဉ်းစားရမယ်။ အဲ့လိုတွေ စဉ်းစားပြီးတော့မှ ဆောင်ရွက်ခဲ့တာ။ အခုဆိုရင်တော့ ဒီရေငုပ်သင်္ဘော တပ်ဖွဲ့ ဖြစ်ပေါ်နိုင်ဖို့အတွက် အင်္ဂါရပ်ပြည့်စုံလာခဲ့ပြီလို့ ပြောရမယ်။ ဒီစစ်ရေယာဉ်ကိုလည်း စစ်ရေယာဉ် မင်းရဲသိင်္ခသူ ဆိုပြီးတော့ ပေးထားပါတယ်။ ရဲဝံ့စွန့်စားစွာနဲ့ ရေကြောင်းတိုက်ပွဲတွေ ဆင်နွဲနိုင်ဖို့ အတွက် ဒီနာမည်လေးကို ရွေးခဲ့တာဖြစ်ပါတယ်။”

ထို့နောက် ရေတပ်၏ စွမ်းပကားကို စစ်ရေယာဉ်များဖြင့်သာ တိုင်းတာကြပြီး  စစ်ရေယာဉ်များ မရှိပါက အင်အားစွမ်းပကား ရှိမည်မဟုတ်ကြောင်း၊ စစ်ရေယာဉ်များကလည်း အစွမ်းထက်သည့် စစ်ရေယာဉ်များ ဖြစ်ရန် လိုအပ်မည်ဖြစ်ပြီး တိုက်ပွဲစွမ်းအားကို ဖော်ဆောင်နိုင်သည့်၊ ရေပြင်တွင် အပြည့်အဝ တာဝန်ထမ်းဆောင်နိုင်သည့် စစ်ရေယာဉ်များ ဖြစ်ရမည်ဖြစ်ကြောင်း၊ မြစ်တွင်းသွား စစ်ရေယာဉ်မှသည် ဖရီးဂိတ်စစ်ရေယာဉ်များအထိ ဖွဲ့စည်းတည်ဆောက်မှသာလျင် မိမိရေပိုင်နက်ကို ကာကွယ်နိုင်သည့် ရေတပ်ဖွဲ့တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မြစ်ချောင်းနှင့် ကျွန်းပေါင်းများစွာရှိပြီး ကမ်းရိုးတန်းသည်လည်း အရှည်ပေါင်းရေမိုင် ၁၃၀၀ ခန့်ရှိကြောင်း၊ ယင်းသို့ကျယ်ပြန့်သည့် ဧရိယာကို ကာကွယ်နိုင်ရန်အတွက် သင်္ဘောကြီးများရှိရုံဖြင့်မရဘဲ မြစ်ချောင်းများ အတွင်း၌ပင် တာဝန်ထမ်းဆောင်နိုင်သည့် သင်္ဘောငယ်များလည်း ရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ရေပြင်သည် စတုရန်းရေမိုင် ၁၄၄၀၀၀ ကျော်ခန့်ရှိပြီး ကျယ်ပြောသည့် ရေပြင်နယ်နမိတ်ကို ကာကွယ်နိုင်ရန်အတွက်  ဖရီးဂိတ်စစ်ရေယာဉ်များသာမက ရေငုပ်သင်္ဘော တပ်ဖွဲ့ဝင်များပါဝင်မှသာလျင် ပိုမိုပြည့်စုံနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ကာကွယ်ရာတွင်လည်း စစ်ရေယာဉ်များသည် စုပေါင်းတာဝန် ထမ်းဆောင် ရမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်တွင် စုပေါင်းစစ်ဆင်သည့် နည်းပညာများကို ပိုမိုကျင့်သုံးလာခဲ့ကာ မြေပြင်တွင် ခြေလျင်တပ်ဖွဲ့သည် အဓိကဖြစ်သော်လည်း ပိုမိုပြည့်စုံလိုပါက အမြောက်၊ တင့်၊ သံချပ်ကာ၊ လေကြောင်းရန်စသည့် တပ်ဖွဲ့များဖြင့် ပူးပေါင်းစစ်ဆင်နွဲလေ့ရှိသည်ကို ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့တွင် တွေ့ရမည်ဖြစ်ကြောင်း၊ အချို့နေရာများတွင် လေတပ်မှတစ်ဆင့် လေထီးစစ်သည်များဖြင့် ပူးပေါင်းတိုက်ပွဲ ဆင်နွဲခဲ့သည်ကိုလည်း တွေ့မြင်ရမည် ဖြစ်ကြောင်း။

ရေတပ်ပိုင်းတွင် ကြည့်မည်ဆိုပါကလည်း သင်္ဘောတစ်စီးတည်းဖြင့် တိုက်ပွဲဝင်၍ ရနိုင်မည်မဟုတ်ကြောင်း၊ သင်္ဘောတို့၏ သဘောတရားသည် စုဖွဲ့၍ တိုက်ပွဲဝင်ရမည်ပင်ဖြစ်ကြောင်း၊ လေတပ်တွင်လည်း ပုံစံအမျိုးမျိုးဖြင့် စုဖွဲ့ပျံသန်း၍ စုပေါင်း တိုက်ပွဲဝင်ကြရသည်သာဖြစ်ကြောင်း၊ စွမ်းရည်မြင့်သည့် လေယာဉ်များသည် လေထုအတွင်း၌ပင် ဆီဖြည့်၍ တိုက်ပွဲဝင်နိုင်ကြောင်း၊ ရေတပ်တွင်လည်း မိမိသင်္ဘောတွင် တင်ဆောင်ထားသည့် ဆီမလုံလောက်ပါက ဆီ၊ ရိက္ခာဖြည့် သင်္ဘောများဖြင့်ဖြည့်တင်း၍ ကျယ်ပြောသည့် ပင်လယ်အတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် တာဝန်ထမ်းဆောင်ကြကြောင်း၊ ပေါင်းစည်း၍ လုပ်ဆောင်မှုပင်ဖြစ်ကြောင်း၊ ယနေ့တွင်လည်း စစ်ရေယာဉ် ၁၂ စီးဖြင့် ပူးပေါင်း စစ်ဆင်မှုလေ့ကျင့်ခန်း လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပြီး စုပေါင်းပေါင်းစည်း လေ့ကျင့်မှုသည် အလွန်အရေးကြီးပါကြောင်း၊ နည်းစနစ်မှန်ကန်စွာဖြင့် လေ့ကျင့်ရန် လိုအပ်ပြီး  အထူးစစ်ရေယာဉ်ဖြစ်သည့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ်-မင်းရဲသိင်္ခသူ ပါဝင်လေ့ကျင့်ခြင်းဖြင့် ပိုမိုပြည့်စုံခဲ့ကြောင်း၊ မင်းရဲသိင်္ခသူအနေဖြင့် အကြိမ် ၁၀၀ ခန့် ရေအောက်ငုပ်လျှိုး၍ လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပြီးသည်ကို သိရှိရပြီး ကောင်းမွန်သည့် ရလဒ်များကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လေ့ကျင့်ခန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ကျယ်ပြောသည့် ရေပိုင်နက်ကို ကာကွယ်ရန်အတွက် ရေတပ်ဖွဲ့တစ်ခုတည်း ပြည့်စုံအောင်နိုင်မည် မဟုတ်ဘဲ သတင်းအချက်အလက်များ ရရှိရေးသည်လည်း အရေးကြီးမည်ဖြစ်သည့်အတွက် ယခုထက် ပိုမိုလေးနက်သည့် လေ့ကျင့်ခန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊    ရန်သူ၊ သဘာ၀ ဘေးအန္တရာယ်နှင့် ရောဂါပိုးမွှားဖြစ်စေသည့် အကြောင်းအရာများသည် အချိန်မရွေး ဖြစ်ပေါ်လာနိုင်ပြီး မိမိအဆင်သင့် မဖြစ်သေးပါဘူး၊ ခဏစောင့်ပေးပါဟု ပြော၍ရမည် မဟုတ်သည့်အတွက် မြဲသုံးမြဲ၊ အသင့်ဖြစ်မှု ၃ ရပ်တို့ဖြင့် အမြဲတမ်းဆောင်ရွက် သတိပြုကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကြိုတင်ပြင်ဆင်သင့်သည်များကို ပြင်ဆင်ရမည် ဖြစ်ပြီး ပြင်ဆင်ရန် အချိန်မရရှိပါကလည်း စုပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှားကြရမည် ဖြစ်ကြောင်းနှင့် အခြေအနေအရပ်ရပ်ကို အမြဲတမ်း လေ့လာ၊ လေ့ကျင့်၊ လိုက်နာရန် လိုအပ်သည့် အခြေအနေများနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယခုကဲ့သို့ ဆက်လက်ပြောကြားခဲ့ပါသည်-

“ တပ်မတော်ဘက်ကို ပြန်ကြည့်မည်ဆိုရင် တပ်မတော်က အခြေခံဥပဒေပုဒ်မ- ၃၄၁ မှာ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကျရောက်လာလျင် တပ်မတော်က ကူညီဆောင်ရွက်ရမည်လို့ ပြောထားတာရှိတယ်။ ပုဒ်မ-၃၄၁ မှာ။ ဘေး အန္တာရာယ်ဆိုတာ ခုနကပြောတဲ့ဟာတွေ အကုန်ပါတယ်။အဲ့ဒါကြောင့် တပ်မတော်က ကူညီနိုင်ဖို့အတွက် အမြဲတမ်းအသင့်ဖြစ်နေဖို့၊ အမြဲတမ်းလေ့ကျင့်နေဖို့ လိုတယ်။ ဥပမာ အားဖြင့် စောစောက ရောဂါဘယဖြစ်တဲ့ဟာမျိုးဆိုရင်လည်း တို့ဆေးတပ်ဖွဲ့တွေ အကုန် လုံးကလည်း လေ့ကျင့်နေရမယ်။ ဒါမှမဟုတ်ရင်လည်း သတင်းအချက်အလက်တွေ ရအောင်စုံစမ်းပြီးတော့မှ ပြောင်းလဲလာတဲ့ အခြေအနေ အရပ်ရပ်ကို အံဝင်ဂွင်ကျ ဖြစ်အောင်လုပ်ရမယ်။ ဒါကြောင့်မို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်တဲ့အချိန်မှာ တပ်မတော်ရဲ့ လုပ်ငန်းစဉ် ၃ ရပ်ကို ပြောခဲ့တယ်။ လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုပြီး ပြောခဲ့တယ်။ လေ့လာဆိုတာကတော့ ပြောင်းလဲလာတဲ့ စစ်အသုံးအဆောင်ပစ္စည်း၊ စစ်လက်နက်ပစ္စည်း ဒါတွေကိုလေ့လာနေရမယ်။ ထို့အတူပဲ ဒီ စစ်လက်နက်ပစ္စည်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေဟာ တို့နိုင်ငံတင်မဟုတ် ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ဖြစ်နေတာလည်းရှိတယ်။ အဲဒီတော့ သူတို့ ဒီလက်နက်ပစ္စည်းတွေကို သူတို့ဘယ်လို လုပ်နေကြလဲဆိုတာ တို့ကနေကြည့်နေဖို့လိုတယ်။ ဒါကို။ သူတို့ ဘယ်လို အပြောင်းအလဲလုပ်နေကြလဲ။ ဒါပြီးလို့ရှိရင် တို့ကဒါတွေနဲ့ ပြောင်းလဲလာတဲ့ စစ်အသုံး အဆောင်ပစ္စည်းတွေနဲ့ စစ်သည်တွေ အံဝင်ဂွင်ကျဖြစ်အောင် လေ့ကျင့်ရတယ်။ မလေ့ကျင့်လို့ မရဘူး။ အံဝင်ခွင်ကျဖြစ်အောင်လေ့ကျင့်ရတယ်။ ဥပမာအားဖြင့် ရိုင်ဖယ်ပစ်တာနဲ့ Automatic ပစ်တာနဲ့။ ဒါမှမဟုတ်လို့ရှိရင်လည်း အမြောက်မှာလည်း အရင်တုန်းက အမြောက်ပစ်ခဲ့ တဲ့ System နဲ့ အခုအမြောက်ပစ်တဲ့ System နဲ့ မတူဘူး။ ဥပမာအားဖြင့် လေ့လာမိသလောက်ဆိုရင် OTO Melara  ဆိုပါတော့။ အရင်တုန်းက OTO Melara က ပစ်နှုန်းနည်းတယ်။ အခုကျတော့ OTO Melara က ပစ်နှုန်းလည်း မြန်တယ်။ပြီးလို့ရှိရင် Automatic ချိန်တာတွေ ဖြစ်လာတယ်။ တစ်မိနစ်ကို ဘယ်နှစ်တောင့်။ ဒီလိုပစ်တာတွေဖြစ်လာတယ်။ အရင်တုန်းက ပစ်တာက လွယ်တယ်။ အခုကတော့ မြန်လာတယ်။ မြန်လာတဲ့အခါကျတော့ ဒါတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် တို့က လေ့ကျင့်ဖို့လည်း လိုတယ်။ ဒါကြောင့် နံပါတ်တစ်အချက် လေ့လာပါ။ နံပါတ်နှစ်အချက် လေ့ကျင့်ပါ။ နံပါတ်သုံးအချက် လိုက်နာပါ ပြောတယ်။ လိုက်နာပါဆိုတာက ဒီလက်နက် ပစ္စည်းတွေနဲ့ စစ်အတတ်ပညာတွေနဲ့ ပတ်သက်ပြီးလုပ်ရတဲ့ အခြေခံအချက်အလက်တွေ ရှိတယ်။ လွယ်ကူစွာပြောရရင်တော့ တို့ရဲ့ တပ်မတော်မှာ ပြောရရင်တော့ စစ်အခြေခံသဘော တရားတွေရှိ တယ်။ တိုက်စစ်ဆိုတိုက်စစ်ရဲ့ အခြေခံသဘော တရားတွေ၊ ချီစစ်ဆိုလည်း ချီစစ်ရဲ့အခြေခံ သဘောတရားတွေ၊ ခံစစ်မှာလည်း ခံစစ်ရဲ့ အခြေခံသဘောတရားတွေ၊ ခွာစစ်မှာလည်း ခွာစစ်ရဲ့ အခြေခံသဘောတရားတွေ၊ ဒီအခြေခံ သဘောတရားတွေနဲ့။ ရေတပ်မှာလည်း ဒီလိုအခြေခံ သဘောတရားတွေရှိမှာပဲ။ ဘယ်ဟာဆို ဘာလုပ်ရမယ်။ မလိုက်နာဘူးဆို မရဘူး။ မလိုက်နာဘူးဆို ဒုက္ခရောက်သွားမယ်။ ဒါကြောင့် ဒီအခြေခံ အချက်အလက်တွေကို လိုက်နာပါလို့ ဒါကြောင့် လေ့လာပါ၊ လေ့ကျင့်ပါ၊ လိုက်နာပါ လို့ပြောတယ်။"

ဆက်လက်ပြီး ယခုလေ့ကျင့်ခန်းတွင် ရေငုပ်သင်္ဘော မင်းရဲသိင်္ခသူပါ ပါလာခဲ့ ပြီဖြစ်သည့်အတွက် ပိုမိုလေးနက်လာပြီး ရေအောက်လေ့ကျင့်ခန်းများ ပါဝင်လာကာ ပေါင်းစပ် ရမည့် လေ့ကျင့်ခန်းများ ပါဝင်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် တိုင်းပြည်အတွက် တပ်မတော်အတွက် အလွန်ဝမ်းသာ ဂုဏ်ယူပါကြောင်းနှင့် တပ်မတော်အတွက် မှတ်တမ်းတင်၊ မှတ်ကျောက်တင်ထိုက်သည့်၊ မြန်မာ့သမိုင်းနှင့် ရေတပ်၏သမိုင်းတွင် ပြည့်စုံခဲ့သည့် နေ့တစ်နေ့ ပင်ဖြစ်ကြောင်း၊ တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ထမ်းဆောင်ခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်ဆိုသည် မှာ စစ်တိုက်ခြင်း တစ်ခုတည်းမဟုတ်ဘဲ များစွာကျယ်ပြောသည့်အတွက် လုံခြုံရေးနှင့် ကာကွယ်ရေး သဘောတရားများကို နားလည်ပြီး မိမိတပ်ဖွဲ့၏ စွမ်းရည်ကို ပိုမိုမြင့်မားအောင် ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ တပ်မတော်(ရေ)သည် တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက် ရန်အတွက် အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေကြောင်း၊ ထို့ကြောင့် စွမ်းရည်မြင့်မားစေရေးအတွက် အမြဲတမ်း လေ့ကျင့်နေရန် လိုအပ်သည်ဟု ပြောလိုကြောင်း၊ ပင်လယ် ရေပိုင်နက်အတွင်းရှိ သဘာ၀သယံဇာတများကို ရှေ့တန်းကျကျ တာဝန်ထမ်းဆောင်၍ ကာကွယ်ကြရမည်ဖြစ်ကြောင်းနှင့် တပ်မတော်နှင့် နိုင်ငံတော်အတွက် ထူးခြားသည့် သမိုင်း မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့သည့်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ယခုကဲ့သို့ ဆုမွန်ကောင်းစကား ပြောကြားပြီး အမှာစကားကို နိဂုံးချုပ်ခဲ့သည်-

   “ဒီနေ့ တပ်မတော်(ရေ)အတွက်၊ တို့ တပ်မတော်အတွက်၊ တို့ နိုင်ငံတော် အတွက် သမိုင်းမော်ကွန်းတင်နိုင်တဲ့ ရက်တစ်ရက်မှာ မင်းတို့တွေအားလုံး ဆထက် တိုးပြီးတော့ တိုးတက်အောင်မြင်ပါစေကြောင်း ဆုတောင်းပါတယ်။”

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လေ့ကျင့်ခန်းတွင် ပါဝင်ခဲ့ ကြသည့် အရာရှိ၊ စစ်သည်များအတွက် အမှတ်တရလက်ဆောင်နှင့် ချီးမြှင့်ငွေများ ပေးအပ်သည်။

ထို့နောက် ကာကွယ်ရေး ဦးစီးချုပ်(ရေ)က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် တပ်မတော် အရာရှိကြီးများအား လေ့ကျင့်ခန်း အထိမ်းအမှတ် လက်ဆောင်ပစ္စည်းကို ပေးအပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေယာဉ် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး စစ်ရေယာဉ်-မုတ္တမပေါ်မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ပထဝီအနေအထားအရ ယနေ့ကမ္ဘာပေါ်တွင် အရေးပါသော နေရာဒေသဖြစ်သည့် အာရှ-ပစိဖိတ်ဒေသကို ထိန်းချုပ်ရာတွင် မဟာဗျူဟာအရ ဆက်စပ် အရေးပါသော နေရာတွင်တည်ရှိခြင်း၊ အိန္ဒိယသမုဒ္ဒရာအတွင်း အင်အားကြီး နိုင်ငံများ၏ စိတ်ဝင်စားမှုမြင့်တက်လာပြီး ဒေသတွင်းသို့ ဝင်ရောက်လာခြင်း၊ ရေပေါ် ရေအောက်သယံဇာတကြွယ်၀၍ ရေကြောင်းအကျိုးစီးပွား များပြားခြင်းတို့ကြောင့် ဖြစ်လာ နိုင်ဖွယ်ရှိသော ရန်ပြုမှုများကို ရင်ဆိုင်ကာကွယ်နိုင်ရန် တပ်မတော်(ရေ)ကို ဝေဟင် ရန်စစ်ဆင်မှု၊ ရေပြင်ရန်စစ်ဆင်မှု၊ ရေအောက်ရန် စစ်ဆင်မှု၊ အီလက်ထရောနစ် စစ်ဆင်မှုနယ်ပယ်များတွင် အမြဲအသင့်ဖြစ်စေရန် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) လေ့ကျင့်ခန်းကို စစ်ဆင်မှုနယ်ပယ်အဆင့်အလိုက် အီလက်ထရောနစ်စစ်ဆင်မှု လေ့ကျင့်ခန်း၊ စစ်ရေ ယာဉ်များသတ်မှတ်ပုံပြုချီတက်ခြင်း အမျိုးအစားများဖြင့် ချီတက်နေစဉ် ရန်သူ့ရေငုပ် သင်္ဘောရန်ကာကွယ်ရေးနှင့် ရှာဖွေတိုက်ခိုက်ခြင်းလေ့ကျင့်ခန်း၊ ဝေဟင်မှ ဝင်ရောက် လာမည့် ရန်သူ့လေယာဉ်၊ ဒုံးပျံများ၏ရန်မှ ကာကွယ်ရေး၊ လေကြောင်းမှ တိုက်ခိုက်မခံ ရစေရေးအတွက် လေကြောင်းရန် ကာကွယ်ရေးလက်နက်များဖြင့် ပစ်ခတ်ချေမှုန်းမှု လေ့ကျင့်ခန်း၊ ရန်သူ့ရေပြင်တိုက်ပွဲဝင် စစ်ရေယာဉ်များအား ရေပြင်ပစ်ဒုံးပျံများဖြင့် ပစ်ခတ်ချေမှုန်း တိုက်ပွဲဝင်ခြင်းနှင့် အမြောက်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ပွဲ ဝင်မှုလေ့ကျင့်ခန်းများအား လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် ရေငုပ်သင်္ဘောနှင့် ရေပြင်သွား စစ်ရေယာဉ်များ ပူးပေါင်းစစ်ဆင်သည့် လေ့ကျင့်ခန်းများ လေ့ကျင့်ဆောင်ရွက် ခဲ့ကြသည်။

ရေငုပ်သင်္ဘော စစ်ရေယာဉ်-မင်းရဲသိင်္ခသူမှာ ယခုပြုလုပ်ခဲ့သည့် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း (Fleet Exercise-2020) မတိုင်မီ ပင်လယ်ပြင် လက်တွေ့ မောင်းနှင်ခြင်းနှင့် ရေအောက်သို့ ငုပ်လျှိုးလေ့ကျင့်ခြင်း အကြိမ်ပေါင်း ၁၀၀ ကျော် လေ့ကျင့်ခဲ့သည့်အပြင် ရေငုပ်ခုတ်မောင်းစဉ် ဆိုနာဖြင့် ထောက်လှမ်းရရှိသော ရေပြင်ရှိ စစ်ရေယာဉ်ပစ်မှတ်အား တော်ပီဒိုဖြင့် ပစ်ခတ်ခြင်းကို အိန္ဒိယသမုဒ္ဒရာအတွင်း အောင်မြင်စွာ လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ယခုလေ့ကျင့်ခန်းတွင် လေကြောင်းကင်းထောက်ခြင်း အတွက် တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ ပါဝင်လေ့ကျင့်ခဲ့ပြီး စစ်ရေယာဉ်-(မုတ္တမ)ပေါ်သို့ ရဟတ်ယာဉ်ဆင်း၊ တက်ခြင်းလေ့ကျင့်ခန်း၊ စစ်ရေယာဉ်-မုတ္တမမှ ဖရီးဂိတ်စစ်ရေယာဉ်-အောင်ဇေယျပေါ်သို့ Cross Deck Landing ဆင်း၊ တက်ခြင်း စသည့် လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပြီး ဝေဟင်မှရေပြင် ထောက်လှမ်းရေး စွမ်းရည် မြင့်မားစေရေး လေ့ကျင့်နိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။