နိုင်ငံတော်ကာကွယ်ရေး စွမ်းပကား မြှင့်တင်ရေးအတွက် တပ်မတော်(ရေ)မှ ရေငုပ်သင်္ဘော စစ်ရေယာဉ်အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့်ခန်း (Three-Dimensional Naval Exercise-Sea Shield 202

နေပြည်တော်၊ ဧပြီ - ၁၀

  တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် ပိုင်နက်နယ်မြေကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် ကာကွယ်ရေး စွမ်းရည် ထက်မြက်မြင့်မား စေရန် တပ်မတော်(ကြည်း၊ ရေ၊‌ လေ) လေ့ကျင့်ခန်းများကို အမြဲမပြတ် လေ့ကျင့် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင်လည်း ဧပြီလ ၂ နေ့မှစ၍ မြန်မာ့ရေပြင်ပိုင်နက် ဘင်္ဂလား ပင်လယ်အော်အတွင်း တပ်မတော်(‌ရေ)မှ ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ) အပါအဝင် စစ်ရေယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက်စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့်ခန်း (Three-Dimensional Naval Exercise-Sea Shield 2020) အား လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လေ့ကျင့်ဆောင်ရွက်နေမှုများအား ယနေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် တာဝန်ရှိသူများလိုက်ပါ၍ သွားရောက်ကြည့်ရှု့ စစ်ဆေး သည်။

  ဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် လေ့ကျင့်ခန်း ဆောင်ရွက်နေသည့် စစ်ရေယာဉ်များအား ကြည့်ရှုစစ်ဆေးရန် စစ်ရေယာဉ်(မုတ္တမ)ပေါ်သို့ ရဟတ်ယာဉ်ဖြင့် ဆင်းသက်ရောက်ရှိ ခဲ့ရာ (Three-Dimensional Naval Exercise-Sea Shield 2020)အား လေ့ကျင့် လျက်ရှိသည့် လေ့ကျင့်ခန်း ကြီးကြပ်ရေးမှူး(Officer Scheduling Exercise-OSE) ဗိုလ်ချုပ် ထိန်ဝင်း၊ တာဝန်ရေတပ်မမှူး ဗိုလ်မှူးကြီး တက်လွင်ထွန်းနှင့် လေ့ကျင့်ခန်း တွင်ပါဝင်သည့်  အရာရှိကြီးများက ကြိုဆိုခဲ့ကြသည်။ ထို့နောက် ကာကွယ်ရေးဦးစီး ချုပ်(ရေ)က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန် မှာကြားချက်အတိုင်း စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင်၊ ရေအောက် စစ်ဆင်မှုနှင့် ပစ်ခတ်မှု လေ့ကျင့် ခန်း (Sea Shield -2020)ကို လေ့ကျင့်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ရေပြင် သွားစစ်ရေယာဉ်များ၊ ရေငုပ်သင်္ဘောနှင့် ရဟတ်ယာဉ်တို့ အပါအဝင် စစ်မျက်နှာ သုံးဘက်မှ စစ်ဆင်ခြင်း Three-Dimensional Operation လေ့ကျင့်ခဲ့မှု အခြေအနေ အား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တာဝန်ရေတပ်မမှူးက လေ့ကျင့်ခန်း လက်တွေ့ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ယခုပြုလုပ်သည့် လေ့ကျင့်ခန်းသည် ပစ်ခတ်မှု လေ့ကျင့်ခန်းဖြစ်သဖြင့် ပစ်မှတ် များကို တိကျစွာ ထိမှန်အောင် အလေးထား လေ့ကျင့်ဆောင်ရွက်ပြီး သင်ခန်းစာ ဖော်ထုတ်ရန် လိုအပ်သည့် အခြေအနေများနှင့် လေ့ကျင့်ရေးဆိုင်ရာများ လုပ်ဆောင်ရာတွင် သတင်းအချက်အလက် စုံလင်စွာရယူခြင်း၊ ပိတ်ဆို့ခြင်း၊ တားဆီးခြင်း၊ ချေမှုန်းခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင်ရန် အရေးကြီးသည့် အခြေအနေများနှင့် ပတ်သက်ပြီး ပြန်လည်ဆွေးနွေး ပြောကြားသည်။

ထို့နောက် လေ့ကျင့်ခန်း မစတင်မီ စစ်ရေယာဉ်များ ပစ်မှတ်ရှိရာသို့ ခုတ်မောင်း နေစဉ် လေ့ကျင့်ခန်း ဧရိယာအတွင်း နိုင်ငံခြား ကုန်သွယ်ရေး ရေယာဉ်တစ်စီးအား တွေ့ရှိသဖြင့် စစ်ရေယာဉ်(မုတ္တမ) မှ ROE အရ ရေယာဉ်ဆိုင်ရာ အချက်အလက်များ မေးမြန်းခြင်းနှင့် လေ့ကျင့်ခန်းဧရိယာမှ ရှောင်ရှားထွက်ခွာနိုင်ရန် ဆက်သွယ် ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး လေ့ကျင့်ခန်း အစီအစဉ်အတိုင်း စစ်ရေယာဉ် ၁၀ စီးမှ  ရေပြင် ပစ်မှတ်၊ ဝေဟင်ပစ်မှတ်များအား အမြောက်ကြီးများ၊ စက်အမြောက်များဖြင့် လည်းကောင်း၊ ရေအောက်ပစ်မှတ်များအား Torpedo များဖြင့် လည်းကောင်း လက်တွေ့ ပစ်ခတ်လေ့ကျင့်ခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်ရေယာဉ်(မုတ္တမ)ပေါ်မှ ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် လေ့ကျင့်ခန်းတွင် ပါဝင်သည့် ရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲ သိင်္ခသူ)၊ စစ်ရေယာဉ်များနှင့် တပ်မတော် (‌လေ)မှ ရဟတ်ယာဉ်များက Single Line Formation ဖြင့် ပုံပြုချီတက်ကာ မြန်မာ့ပင်လယ် ဒို့ကာကွယ်ဆိုသည့် ဆောင်ပုဒ်ကို အားမာန်အပြည့်ဖြင့် ဟစ်ကြွေးပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား ချီတက် ခုတ်မောင်း အလေးပြုကြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ခန်းတွင် ပါဝင်သည့် တာဝန် ရေတပ်မမှူးနှင့် အရာရှိ၊ စစ်သည်များကို စစ်ရေယာဉ်(မုတ္တမ)ပေါ်၌ အမှာ စကားပြောကြားရာတွင် Sea Shield လေ့ကျင့်ခန်းကို ၂၀၁၄ ခုနှစ်တွင် စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၇ ကြိမ်ရှိပြီဖြစ်ကြောင်း၊ ယခင်လုပ်ဆောင်ခဲ့သည့် အတွေ့ အကြုံများကိုယူ၍ ယခုလေ့ကျင့်ခန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သာမာန်အား ဖြင့်ကြည့်မည်ဆိုပါက ပုံမှန်လေ့ကျင့်ခန်း တစ်ခုဖြစ်သော်လည်း နိုင်ငံတော်ကာကွယ် ရေးအတွက် အလွန်အရေးပါသည့် လေ့ကျင့်မှုတစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ရေပိုင်နက်သည် အလွန်ကျယ်ပြန့်ပြီး ကမ်းရိုးတန်းအရှည် ရေမိုင် ၁၃၀၀ ခန့်  ရှည်လျားကာ ရေပြင်ဧရိယာ စတုရန်းရေမိုင် ၁၄၄၀၀၀ ကျော်ကျယ်ဝန်းသဖြင့် ရေပိုင် နက် ဧရိယာကို လုံခြုံအောင် ကာကွယ်နိုင်ရေးတွင် တပ်မတော်(ရေ)၏ အခန်းကဏ္ဍ သည် အလွန်အရေးကြီးကြောင်း၊  ရေတပ်တွင် လေ့ကျင့်ရေးနှင့် ပတ်သက်ပါက  ပစ်မှတ်ထိမှန်ရန် အဓိကအရေးကြီးပြီး ရေကြောင်းစစ်ဆင်ရေး တိုက်ပွဲများတွင် စစ်ရေယာဉ် တစ်စီး ထိမှန် ပျက်စီးပါက ဆုံးရှုံးမှုအလွန်ကြီးမားပြီး တိုက်စွမ်းရည်ကို များစွာထိခိုက် စေနိုင်သည်ကို သတိပြုရမည်ဖြစ်ကြောင်း၊ “ပစ်လျှင်ထိရမည်၊ ထိအောင်လည်း လေ့ကျင့်ရမည်” ဆိုသည့် လေ့ကျင့်ရေးမူဝါဒအတိုင်း ပစ်မှတ် ထိမှန်အောင် စနစ်တကျလေ့ကျင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုလေ့ကျင့်ခန်း တွင် Area Target ကို ပစ်ခတ်ခြင်းဖြစ်သဖြင့် သတ်မှတ်ထားသည့် ဧရိယာအတွင်း၊ ဘောင် အတွင်းသို့ ကျရောက်အောင် လေ့ကျင့်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ် ကြောင်း။

တပ်မတော်(ရေ)ကို ယခင်က ဖရီးဂိတ်စစ်ရေယာဉ် မေယုဖြင့် စတင်ခဲ့ပြီး ၁၉၉၀ ခုနှစ်မှစ၍အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့ကာ အမြန်သွား တိုက်ရေယာဉ်၊ အမြောက်တင်ရေယာဉ် စသည်တို့မှ တစ်ဆင့် ကိုယ်ပိုင်စစ်ရေယာဉ်များ ထုတ်လုပ်နိုင် သည်အထိ တိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ စစ်ရေယာဉ်များကို ကိုယ်တိုင် ထုတ်လုပ်ခြင်းအားဖြင့် အရေအတွက် တိုးပွားလာမည်ဖြစ်ပြီး Calibre လည်း များစွာ တိုးတက်မြင့်မားလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကိုယ်တိုင် ထုတ်လုပ်နိုင်ရုံနှင့် မရဘဲ လက်နက်စနစ်၊ လက်နက်ကျွမ်းကျင်မှု၊ ကြံ့ခိုင်မှုရှိအောင်လည်း လေ့ကျင့် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ယခင်က မိမိတို့ နိုင်ငံ ရေပိုင်နက်အတွင်း ပြည်တွင်း၊ ပြည်ပမှ တရားမဝင် ရေပေါ်၊ ရေအောက် သယံဇာတ ခိုးထုတ်ယူမှုများ ရှိခဲ့ ကြောင်း၊ ထို့ကြောင့် ရေသယံဇာတများကို တိုင်းပြည်က အကျိုးရှိစွာ အသုံးချနိုင်ရေး၊ ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးနှင့် ရေပြင်ပိုင်နက် နယ်နိမိတ်ကို ကာကွယ်နိုင်ရန် တပ်မတော်(ရေ)ကို အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

 ကာကွယ်ရေး ဆောင်ရွက်ရုံသာမက HADR လုပ်ငန်းများ၊ သဘာဝဘေးဒဏ် ကြောင့် ပင်လယ်ပြင်အတွင်း အရပ်ဘက်ရေယာဉ်များ ရေဝင်နစ်မြုပ်ခြင်း၊ မီးလောင် ခြင်း၊ ဘေးဒုက္ခ အမျိုးမျိုး ကြုံတွေ့ရခြင်း စသည်တို့အတွက် လူသားခြင်းစာနာ အကူအညီပေးရေး ဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ Humanitarian Assistance Disaster Response(HADR)ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး အတွက် အမြဲအသင့်ဖြစ်အောင် ပြင်ဆင် ထားရမည်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလနှင့် မတ်လအတွင်း မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံသို့ စစ်ရေယာဉ်များ စေလွှတ်ပြီး ဒုက္ခကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၁၅၆ ဦးကို အောင်မြင်စွာ သွားရောက် ခေါ်ဆောင်နိုင်ခဲ့ကြောင်း၊ အဆိုပါဆောင်ရွက်မှုသည် ပြည်ပတွင် အကြောင်းအမျိုးမျိုး ကြောင့် အတိဒုက္ခ ခံစားနေကြရသည့် မိမိနိုင်ငံသားများကို ကယ်ထုတ်လာနိုင်ခြင်း လည်းဖြစ်သကဲ့သို့ HADR လုပ်ငန်းများကို လုပ်ဆောင်နိုင်စွမ်း ရှိသည်ကို ပြသ နိုင်ခဲ့ခြင်းပင်ဖြစ်ကြောင်း။

ယခု လေ့ကျင့်ဆောင်ရွက်ခဲ့သည့် လေ့ကျင့်ခန်းသည် ကောင်းမွန်သည့် လေ့ကျင့်ခန်း တစ်ခုဖြစ်ပြီး ဝေဟင်၊ ရေပြင်နှင့် ရေအောက် မှ ခြိမ်းခြောက် တိုက်ခိုက် လာသည့် ရန်သူကို တန်ပြန်တိုက်ခိုက် ချေမှုန်းနိုင်ရေး လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ လေ့ကျင့်ခန်းပြုလုပ်သည့် အဆင့်မှသည် တိုက်ပွဲဝင်အသင့်စစ်ဆင်နိုင်စွမ်းရှိ သည့် အဆင့်(Drill to Action) သို့ ရောက်ရှိရေး ဦးတည် လေ့ကျင့်ရမည်ဖြစ်ပြီး လေ့ကျင့်ခန်းနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ် သုံးသပ် ရမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက် စုဆောင်းမှုနှင့် ပတ်သက်၍ မိမိတို့ရရှိ ထားသည့်  အချက်အလက်များသည် မှန်ကန်ရန်လိုအပ်မည်ဖြစ်ပြီး မှန်ကန်သည့် အချက်အလက်များရရှိအောင်လည်း ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

လေ့ကျင့်ခန်းကို အောင်မြင်အောင်နှင့် အကျိုးသက်ရောက်မှု ရှိအောင် လေ့ကျင့် ဆောင်ရွက်ခဲ့ကြသည့်အတွက် လေ့ကျင့်ခန်းတွင် ပါဝင်သည့် အရာရှိ၊ စစ်သည် များ အားလုံး၏ လုပ်ဆောင်မှုများကို အားရကျေနပ်မှုရှိပါကြောင်း၊ ယခုကဲ့သို့ လေ့ကျင့်ခန်းများကို တိုင်းပြည်၏ ကာကွယ်ရေး စွမ်းပကားမြင့်မားစေရန် ရည်ရွယ် လုပ်ဆောင်နေခြင်းဖြစ်ပြီး တိုင်းပြည်အတွက်အကျိုးရှိအောင် လုပ်ဆောင်ကြရန်နှင့် မိမိတာဝန်ကို မှန်မှန်ကန်ကန်နှင့်‌ ကျေပွန်အောင် လုပ်ဆောင်သွားကြရမည်ဖြစ် ကြောင်းဖြင့်  ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ သည့် အရာရှိ၊ စစ်သည်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ရာ တာဝန် ရေတပ်မမှူးက လက်ခံရယူသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်ရေယာဉ် (မုတ္တမ) ပေါ်မှ ရဟတ်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

ယနေ့ ပြုလုပ်ခဲ့သည့် လေ့ကျင့်ခန်းသည် ရဟတ်ယာဉ်၊ ရေငုပ်သင်္ဘောနှင့် ရေပြင်သွား စစ်ရေယာဉ်များ ပါဝင်၍ သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသော ရေတပ်ဖွဲ့ (Three-Dimensional Navy)ဖြင့် တိုက်စစ်၏ အခြေခံ သဘောတရားဖြစ်သည့်  ပစ်ခတ်မှုနှင့် စစ်ကစားမှု (Fire and Maneuver) ကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ရေငုပ်သင်္ဘောစစ်ရေယာဉ် (မင်းရဲသိင်္ခသူ)သည် မြန်မာ နိုင်ငံသို့ ရောက်ရှိချိန်မှစပြီး မြန်မာ့ရေပြင်ပိုင်နက် နယ်နိမိတ် စစ်ဆေးရေး ရေပြင် ဌာနချုပ် ဧရိယာအတွင်း၌ ရေငုပ်စစ်ဆင်လေ့ကျင့်မှု အကြိမ်ပေါင်း ၁၃၁ ကြိမ်၊ နာရီ ပေါင်း ၁၇၀၈ နာရီ ၅၆ မိနစ်အထိ လေ့ကျင့်ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။