နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မတ် ၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၅/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊  ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် စောဒန်နီယယ်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့တက် ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စတင်တာဝန်ယူခဲ့သည့် ပထမရက်သတ္တပတ်အတွင်း ပုံမှန်အခြေအနေရှိခဲ့သော် လည်း ယင်းနောက်ပိုင်းတွင်ဆန္ဒပြမှုများရှိသဖြင့် မိမိတို့အနေဖြင့် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဖြေရှင်း ဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့်ရက်သတ္တပတ်အထိ မြို့နယ် ၂၀၀ ကျော်တွင် ဆန္ဒပြမှုများရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၈ ရက်မှစတင်၍ အကြမ်းဖက်လုပ်ရပ်များစတင်လာသည် ကိုတွေ့ရပြီး လုံခြုံရေးဝန်ထမ်းများအား ဓား၊ ဂျင်ကလိ၊ လေးဂွ၊ကုန်းသီး၊ တူမီး၊ လုပ်သေနတ် တို့နှင့် ပစ်ခတ်တိုက်ခိုက်သည့်အပြင် မီးရှို့ဖျက်ဆီးခြင်းလုပ်ရပ်များကိုလည်း ဆောင်ရွက် လာကြောင်း၊  ဆူပူ ဆန္ဒပြသူ အချို့ကို ဖမ်းဆီးခဲ့သော်လည်း တချို့ကိုစစ်ဆေးပြီး ပြန်လွှတ်ရန်စီစဉ်နေကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ဆောင်ရွက်ရာတွင် အသက်သာဆုံးနှင့် အညင်သာဆုံးဆောင်ရွက်ခဲ့ကြောင်း၊ အကြမ်းဖက် လုပ်ရပ်များကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအသက်ဆုံးရှုံးခဲ့ရပြီး ၁၀၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆူပူအကြမ်းဖက်မှုအား ဥပဒေနှင့်အညီဖြေရှင်းဆောင်ရွက်ခဲ့ရာ အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၅ ဦး သေဆုံး ခဲ့ပြီးအမျိုးသား ၈၅ ဦး၊ အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့သေဆုံးမှုတွင် မန္တလေး မှ အမျိုးသမီးတစ်ဦးနှင့် နေပြည်တော်မှအမျိုးသမီးတစ်ဦးတို့မှာ ရဲတပ်ဖွဲ့ဝင်များ အသုံးပြုသည့် လက်နက်ကြောင့်မဟုတ်ဘဲ ပြင်ပမှပစ်ခတ်သည့် လက်နက်တစ်ခုကြောင့် ဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း။
 
CDM လှုပ်ရှားမှုမှာ ရုတ်တရက်ပေါ်ပေါက်လာခြင်း မဟုတ်ဘဲ ယခင်ကတည်းက ကြိုတင်စီစဉ်ထားသည်ဟု ယူဆကြောင်း၊ CDM လှုပ်ရှားမှုအတွက် ငွေကြေးထောက်ပံ့မှု များ ဆောင်ရွက်နေသည်ကိုတွေ့ရသဖြင့် ငွေကြေးစီးဝင်မှုအရင်းအမြစ်များကို စိစစ်ဖော်ထုတ် နေကြောင်း၊ ယမန်နေ့ကလည်းသတင်းထုတ်ပြန်ထားကြောင်း၊ နိုင်ငံတကာတွင် ဒီမိုကရေစီ စနစ်အရ ဆန္ဒပြမှုများရှိသော်လည်း  အစိုးရနှင့်အုပ်ချုပ်မှုအဖွဲ့အစည်းများကိုသာ ဆန္ဒပြခြင်း ဖြစ်ပြီး စီးပွားရေးထိခိုက်အောင် လုပ်ဆောင်ခြင်းမရှိပါကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ တွင် စက်ရုံ၊ အလုပ်ရုံများ၊ ခရီးသွားလာရေးလုပ်ငန်းများ၊ ငွေကြေးလည်ပတ်မှုများ၊ ကုန်ထုတ်လုပ်မှုများထိခိုက်အောင် ဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း။
ယင်းထက်ဆိုးရွားသည်မှာ ဆရာဝန်များအနေဖြင့် ဆေးရုံများပိတ်ထားခြင်းဖြစ် ကြောင်း၊ ကျန်းမာရေးဝန်ထမ်းမှာ ရန်သူ၊ မိတ်ဆွေ မခွဲဘဲကုသပေးရမည်ဖြစ်ပြီး ယင်းကို မျက်ကွယ်ပြု၍ဆောင် ရွက်နေကြကြောင်း၊ ယင်းသို့ဆောင်ရွက်မှုမှာ ဆရာဝန်များအနေဖြင့် ယင်းတို့၏ကတိသစ္စာ အဓိဌာန်ကိုဖောက်ဖျက်ခြင်းဖြစ်သဖြင့် ပြည်သူအပေါ် ယင်းသို့ မဆောင်ရွက်သင့်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဆေးရုံများမြန်မြန်ဖွင့်လှစ် နိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရေကြောင်းခရီးများမှာ ပုံမှန်ပြေးဆွဲ နေပြီး မကြာမီရက်ပိုင်းအတွင်း ရန်ကုန်- မန္တလေး မီးရထားပြေးဆွဲ သွားမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကဘဏ်များအနေဖြင့် အနည်းငယ်သာ ပြန်လည်ဖွင့်လှစ် သည်ကိုတွေ့ရှိရကြောင်း၊ ပုဂ္ဂလိကဘဏ်အားလုံး အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ဘဏ်များအတွက်  လုံခြုံရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးသွားဖြစ်ကြောင်း၊ အများပြည်သူအကျိုးအတွက် ဘဏ်များဖွင့်လှစ်ရန်လိုအပ် ကြောင်း။
ဒီမိုကရေစီစနစ်အရ နိုင်ငံတကာတွင် ဆန္ဒပြမှုများရှိပါကြောင်း၊ ဆန္ဒပြမှု မဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်လာပါက ဖြိုခွင်းနှိမ်နှင်းမှုများရှိပါကြောင်း၊ မိမိတို့အနေဖြင့် သိမ်သိမ်မွေ့မွေ့ကိုင်တွယ် ဖြေရှင်းဆောင်ရွက်နေပါကြောင်း၊ သို့သော်လည်း မီဒီယာများက ဆူပူဆန္ဒပြသူများ၏ အကြမ်းဖက်လုပ်ရပ်များအား ဖော်ပြမှုမရှိသည့်အပြင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်နေမှုအပြည့်အစုံကိုလည်း ဖော်ပြခြင်း မရှိဘဲ ၎င်းတို့လိုအပ်သည့် အပိုင်းများသာရွေးချယ်ရိုက်ကူး၍ ထပ်ခါထပ်ခါထုတ်လွှင့်ပြီး ပြည်သူများနှင့်နိုင်ငံတကာမှ အမြင်မှားစေရန်ဆောင်ရွက်နေသည်ကို တွေ့ရကြောင်း။

ပြီးခဲ့သည့်အစိုးရ၏ ပြည်ပစီးပွားရေးအကြံပေးဖြစ်သူ SEAN TURNELL မှာ မြန်မာနိုင်ငံမှ တိမ်းရှောင်ရန် ဆောင်ရွက်နေမှုကို အချိန်မီတားဆီးနိုင်ခဲ့ပြီး ၎င်းထံ၌ တိုင်းပြည်၏ လျှို့ဝှက်အဆင့်ရှိ စီးပွားရေးလုပ်ငန်းဆိုင်ရာအချက်အလက်များကို စစ်ဆေး တွေ့ရှိရကြောင်း၊ ၎င်းနှင့်ဆက်စပ်၍ ပြည်ထောင်စုအစိုးရအဆင့် တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ယခင်အစိုးရအဖွဲ့မှ ပြည်ထောင်စု ဝန်ကြီးအချို့သည် ငွေကြေးသုံးစွဲမှုများတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ဘဲ သုံးစွဲထားသည်ကို တွေ့ရသည့်အတွက် လာရောက်ရှင်းလင်းရန်ခေါ်ယူချိန်တွင် ထွက်ပြေး တိမ်းရှောင် နေကြကြောင်း၊ ယင်းမှာ ၎င်းတို့၏ လုပ်ရပ်မမှန်ကန်၍ ဖြစ်ကြောင်း၊ အလားတူ ယခင် တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များနှင့် ပြည်ထောင်စုနှင့်အထက်အဆင့်ရှိသူ များ၏ ဆောင်ရွက်မှုများကို စိစစ်ဆောင်ရွက်ရာတွင် အဂတိလိုက်စားမှုများရှိသည့်အတွက် အရေးယူ နိုင်ရန် လုပ်ဆောင်နေကြောင်း။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လက်ရှိအခြေအနေတွင် မြို့နယ် ၁၈ မြို့နယ်၌ စိစစ်ဆောင်ရွက်ခဲ့ရာ မှတ်ပုံတင်မရှိဘဲ မဲပေးသည့် လူဦးရေ ၃၅၀၇၇၀ ရှိသည်ကိုတွေ့ရသည်ဟုထုတ်ပြန်ကြေညာခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် စည်းကမ်းပြည့် ဝပြီးအနှစ်သာရရှိသည့် ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမည်ဆိုသည့် အချက်ပါ ဝင်ကြောင်း၊ သို့ဖြစ်၍ အသက်ပြည့်ပြီးမဲပေးခွင့်ရှိ သူတိုင်းဥပဒေနှင့်အညီမဲပေးနိုင်ရေးအတွက် မှတ်ပုံတင်(သို့မဟုတ်) သက်သေခံကတ်ပြား ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင်အသက်ပြည့်သူတိုင်း မဲပေးနိုင်ရေး အထူးစီမံချက်ဖြင့် မှတ်ပုံတင်နှင့် သက်သေခံကတ်ပြားများ လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း။
    
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူသည့် ကာလအတွင်း NCA တွင် လက်မှတ်ရေးမထိုးရသေးသည့်တိုင်းရင်းသား လက်နက်ကိုင်များအားလုံး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထို့ပြင်ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များအနေဖြင့် ယင်းအချက်ကို ဦးစားပေးလုပ်ငန်းစဉ် ထဲတွင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
    
တပ်မတော်အနေဖြင့် ၁၉၄၈ ခုနှစ်ကစ၍ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ် ငြိမ်းစေရေးအတွက် ဝင်ရောက် ဖြေရှင်းပေးခဲ့ရကြောင်း၊ မိမိတို့နိုင်ငံသည် မိမိတို့ ထက်လူဦးရေများပြားသည့် နိုင်ငံများအကြားတွင် တည်ရှိသည့်အတွက် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အင်အားရှိရန်နှင့် အသင့်ဖြစ်အောင်ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ တိုင်းပြည်တည်တည်ငြိမ်ငြိမ်ဖြစ်သွားလျှင် ၂၀၁၀ ပြည့်နှစ်က ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရေး စဉ်းစားရမည်ဖြစ်၍ ကောင်စီဝင်များ လေ့လာကြစေလိုကြောင်း၊ သတ်မှတ်ထားသည့်နိုင်ငံသားတိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပုဒ်မ ၃၈၆ အရ စစ်ပညာ သင်ကြားရန်နှင့် စစ်မှုထမ်းရန် တာဝန်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
    
ယင်းနောက် ကောင်စီဝင်များဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ ဦးခင်မောင်ဆွေနှင့် ဒေါ်အေးနုစိန် တို့က လူမှုကွန်ရက်စာမျက်နှာများမှ အခွန်အကောက်ရရှိရေးနှင့် နည်းပညာအရချယ်လှယ်နေသည့် အဖွဲ့အစည်းများအား ဖော်ထုတ်အရေးယူရေး၊  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့် ဥပဒေများအား ပယ်ဖျက်ရေးနှင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် အခြားအဖွဲ့အစည်းများတွင် ပါဝင်ပတ်သက်နေသူများအား စိစစ်ဖော်ထုတ်အရေးယူသွားရေး၊ ဆူပူဆန္ဒပြမှုများတွင် အသုံးချခံနေရသူများအား နိုင်ငံရေးပညာပေး လုပ်ငန်းများဆောင်ရွက်သွားရေး၊ မဲမသမာမှု ကိစ္စနှင့် အခြားဥပဒေနှင့်ညီညွတ်မှုမရှိဘဲ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များအား အမြန်ဆုံး ပြည်သူသို့ချပြရေး၊ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်စေသည့်ပိုစတာနှင့် ဆိုင်းဘုတ်များ အား ရိုက်နှိပ်လျက်ရှိသည့် ပုံနှိပ်လုပ်ငန်းများအား ဖော်ထုတ်အရေးယူသွားရေး၊ သန်းခေါင် စာရင်းနှင့် မှတ်ပုံတင်များဆောင်ရွက်ပေးရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီသာဆောင်ရွက်ရေး၊ ရပ်ဆိုင်းထားသည့် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရေး၊ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။ 

တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေသည့်ဥပဒေများ ကိုပယ်ဖျက်နိုင်ရေး စိစစ်ဆောင်ရွက်လျက် ရှိကြောင်း၊ CRPH တွင်ပါဝင်နေသူများအား စိစစ်အရေးယူဆောင်ရွက် လျက်ရှိပြီး အချို့ပုဂ္ဂိုလ်များက ၎င်းတို့အနေဖြင့် CRPHတွင် ပါဝင်မှုမရှိသည်ကို ဆက်သွယ် ပြောဆို လာမှုများရှိကြောင်း၊ အလားတူ အချို့ဆရာဝန်များကလည်း ၎င်းတို့အနေဖြင့် CDM တွင် ပါဝင်ဆောင်ရွက်မှုများမရှိသည်ကို ဆက်သွယ်ပြောကြားလာကြောင်း၊ ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်ညီညွတ်မှုမရှိသည့် ကိစ္စရပ်များဆောင်ရွက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေသူများကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များနိုင်ငံရေး တွင် အသုံးချခံမဖြစ်စေရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဆူပူဆန္ဒပြမှုများတွင်မူးယစ်ဆေးဝါး သုံးစွဲထားသည့် လူငယ်များပါဝင်နေသည်ကို  စစ်ဆေးတွေ့ရှိရကြောင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် CDM လှုပ်ရှားမှုတွင် ပါဝင်သူအနည်းငယ်သာရှိကြောင်း၊ CDMတွင် ပါဝင်လှုပ်ရှားမှု မရှိသည့်ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ လူမှုကွန်ရက်စာမျက်နှာတွင်အရှက်ခွဲခြင်းများ ပြုလုပ်နေသူများကို ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာနေထိုင်လိုသည့် ပြည်သူများ အတွက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံမှုရှိအောင် တာဝန်ရှိသူအားလုံးက ဝိုင်းဝန်း ဆောင်ရွက်ကြရန်လိုကြောင်း။

တိုင်းပြည်စီးပွားရေးအတွက် အဓိကမောင်းနှင်အားဖြစ်သည့် ဘဏ်လုပ်ငန်းများ ပုံမှန် လည်ပတ်စေရန်အတွက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများကိုလည်း ဖိတ်ခေါ်ရန်လိုအပ်ပြီး ပြည်တွင်းအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးသွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ် လုပ်မှုများ တိုးတက်စေရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်ကုန်ထုတ် လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကလေးငယ်များ ပညာသင်ကြားရေး နှင့်ပတ်သက်၍ အခြေခံပညာကျောင်းများအား COVID-19 စည်းကမ်းချက်များနှင့်အညီ တစ်ပြိုင်တည်း ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် တင်ပြထားသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုလည်း COVID-19 စည်းကမ်း ချက်များနှင့်အညီ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း။

မဲမသမာမှုနှင့် ငွေကြေးအလွဲသုံးစား ဆောင်ရွက်မှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ရှိချက်များအား သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြည်သူသို့အသိပေးထုတ်ပြန်ပြောကြား သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပြုလုပ်ရာတွင်ရိုးသားမှုရှိရန်လိုကြောင်း၊ မိမိထောက်ခံမှု ရအောင်ဆောင်ရွက်ပြီး  အခြားသူကို ပုတ်ခတ်ပြောဆို၍ နစ်နာအောင် ဆောင်ရွက်ခြင်းသည် မရိုးသားသည့် နိုင်ငံရေးဖြစ်သဖြင့် တိုင်းပြည်အတွက်များစွာနစ်နာရကြောင်း၊  မရိုးသားသည့် နိုင်ငံရေးဆောင်ရွက်ချက်များကြောင့် ယခုအခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူချိန်ကာလအတွင်း တိုင်းပြည်ကောင်းအောင် ရိုးရိုးသားသားဖြင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။