နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ခရေပျိုးပင်အား စိုက်ပျိုးပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ခရေပျိုးပင်အား စိုက်ပျိုးပေး

နေပြည်တော် ဇွန် ၁၈

၂၀၂၁ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက် ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် နေပြည်တာ်-တပ်ကုန်း အမှတ်(၁)လမ်းဘေးရှိ ဖိုးဇောင်တောင်ကြိုးဝိုင်း အကွက်အမှတ်(၁၇)၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်အား ဦးဆောင်စိုက်ပျိုး ပေးသည်။

အခမ်းအနားသို့ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဦးရွှေကြိမ်း၊ တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခရေပျိုးပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကောင်စီအဖွဲ့ဝင်များ နှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပျိုးပင်များကို သတ်မှတ်နေရာများတွင် စိုက်ပျိုးပေး ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ဖိုးဇောင်တောင် ကြိုးဝိုင်း အကွက်အမှတ် (၁၇)၌ ပျိုးပင်များ စိုက်ပျိုးထားရှိမှုအား လိုက်လံကြည့်ရှု အားပေးသည်။

ယနေ့အခမ်းအနားတွင် ခရေ၊ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ ယင်းမာ၊ ဆီသပြေ၊ သင်းဝင်၊ စစ်၊ ယမနေ၊ သပြေ၊ လယ်စ၊ ရေသကြည်း၊ မာတာကွတ်၊ မအူလက် တံရှည်၊ ဖျောက်ဆိပ် စသည့်ပျိုးပင်စုစုပေါင်း (၁၆)မျိုးကို စိုက်ပျိုးခဲ့ကြကြောင်းနှင့် ဖိုးဇောင်တောင်ကြိုးဝိုင်းသည် ဧရိယာ ၈၅၁၇ ဒသမ ၀၉ ဧက ကျယ်ဝန်ပြီး အကွက်ပေါင်း (၅၁)ကွက်ရှိကာ အပင်မျိုးပေါင်း (၂၀) ကျော် ပေါက်ရောက်လျက်ရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၁၇ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည် ရေး လှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင်ပေါင်း ၇၂ ဒသမ ၈၈ သန်း စိုက်ပျိုးခဲ့ရာ ၅၉ ဒသမ ၀၂ သန်း ရှင်သန်သည့်အတွက် အပင်ရှင်သန်မှုရာခိုင်နှုန်း ၈၀ ဒသမ ၉ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၈ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးလှုပ်ရှားမှု မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင်ပေါင်း ၇၃ ဒသမ ၂၂ သန်းစိုက်ပျိုးခဲ့ရာ ၆၂ ဒသမ ၃၂ သန်း ရှင်သန်သည့်အတွက် အပင်ရှင်သန်မှု ရာခိုင်နှုန်း ၈၅ ဒသမ ၁၁ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၉ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင်ပေါင်း ၆၈ ဒသမ ၇၉ သန်းစိုက်ပျိုးခဲ့ရာ ၅၈ ဒသမ ၄၈ သန်း ရှင်သန်သည့် အတွက် အပင်ရှင်သန်မှု ရာခိုင်နှုန်း ၈၅ ဒသမ ၀၁ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၂၀ ခုနှစ် ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပျိုးပင်ပေါင်း ၆၈ ဒသမ ၈၆ သန်း စိုက်ပျိုးခဲ့ရာ ၅၇ ဒသမ ၈၁ သန်း ရှင်သန်သည့်အတွက် အပင်ရှင်သန်မှု ရာခိုင်နှုန်း ၈၃ ဒသမ ၉၆ ရာခိုင်နှုန်းရှိပြီး ယခု ၂၀၂၁ ခုနှစ် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှု မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် တစ်နိုင်ငံလုံး အတိုင်း အနေဖြင့် ပျိုးပင်ပေါင်း ၃၆ ဒသမ ၂၆ သန်း စိုက်ပျိုးရန် လျာထာကြောင်း သတင်း ရရှိသည်။