နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ (၉)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံသို့ တက်ရောက်ရန် ရုရှားနိုင်ငံသို့ ထွက်ခွာ

နေပြည်တော် ဇွန် - ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၉)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံ(Moscow Conference on Internati- onal Security-2021(MCIS-2021))သို့ တက်ရောက်ရန်အတွက် ယနေ့နံနက် ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI)မှ အထူးလေယာဉ်ဖြင့် နေပြည်တော် တပ်မတော်လေဆိပ်မှ ထွက်ခွာသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲအား ကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဉီးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Nikolay A.Listopadovနှင့် တာဝန်ရှိသူများက လေဆိပ်၌ လိုက်လံ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကောင်စီဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရုားနိုင်ငံ စစ်သံမှူး Colonel Sergei Kurchenko နှင့် မြန်မာ့တပ်မတော်မှ ထူးချွန်ဆုရ အရာရှိများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်းနှင့် ခရီးစဉ်အတွင်း (၉)ကြိမ်မြောက် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံ(MCIS-2021)သို့ ပါဝင်တက်ရောက်ခြင်း၊ စစ်ဘက်၊ အရပ်ဘက်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း တို့ အပြင် ရုရှားဖက်ဒရေးရှင်း နိုင်ငံရှိ အထင်ကရနေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊ အလုပ်ရုံများသို့ လေ့လာသွားကြမည် ဖြစ်ကြောင်းနှင့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သည့် တပ်မတော်(ရေ) ကိုယ်စားလှယ် အဖွဲ့သည် လည်း စိန့်ပီတာစဘက်မြို့တွင် ကျင်းပပြုလုပ်မည့် နိုင်ငံတကာ ရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲ (International Maritime Defence Show IMDS) သို့ ပါဝင် တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။