နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosoboronexport ကုမ္ပဏီနှင့် OSTANKINO Tower သို့ သွားရောက်လေ့လာ

နေပြည်တော် ဇွန် - ၂၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rosoboronexport ကုမ္ပဏီသို့ သွားရောက်လေ့လာကြ သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား Rosoboronexport ကုမ္ပဏီမှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် Mr. Alexander Shcherbininနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အစည်းအဝေးခန်းမတွင် လက်ထောက်ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ Mr. Andrew CHEKMAREW နှင့် တာဝန်ရှိသူများက စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို Power Point Presentation များဖြင့် ရှင်းလင်း တင်ပြသည်။ ရှင်းလင်းတင်ပြမှုများ အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ OSTANKINO Tower သို့ သွားရောက်လေ့လာကြည့်ရှုကြရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးမိုး နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ရှင်းလင်းမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ အား ပြန်လည်မေးမြန်းခဲ့ပြီး မော်စကိုမြို့အား အပေါ်စီးမှ မြင်တွေ့ရသည့် ရှုခင်းများ ကို ကြည့်ရှုကြကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။

အဆိုပါ OSTANKINO Tower ကို Russian Television and Radio Braodcasting Network မှ ၁၉၆၃ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်းနှင့် ထိုစဉ်က ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အဦ တစ်ခုဖြစ်ခဲ့ကြောင်း၊ တာဝါအောက်ခြေမှ ထိပ်ဆုံး အင်တာနာ အထိ စုစုပေါင်း ၅၄၀ မီတာခန့်မြင့်ပြီး အပေါ်ဆုံးအထပ်သည် ၃၆၀ မီတာခန့်အမြင့်ရှိကြောင်း၊ ယင်းတာဝါကို အောက်တိုဘာတော်လှန်ရေး၏ နှစ် ၅၀ မြောက် အထိမ်းအမှတ်အဖြစ် တည်ဆောက် ခဲ့ခြင်းဖြစ်ပြီး တာဝါတိုင် အပေါ်ဆုံးထပ်တွင် မှန်တံခါးများ၊ မော်စကိုမြို့၏ နေ့ည မြင် တွေ့ရသည့် ရှုခင်းများကို LED Board ဘုတ်များဖြင့် ပြသထားရှိကြောင်းနှင့် အမှတ်တရ အရောင်းဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိကာ လာရောက်အပန်းဖြေ လေ့လာကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိ ကြောင်း သတင်းရရှိသည်။