နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၄/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် မတ် ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၄/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးတင်ထွဋ်ဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဦးမောင်မောင်အုန်း၊ ဦးစောထွန်းအောင်မြင့်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာဒေါ်သီတာဦးတို့ တက် ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၁) မှတ်တမ်းကို အတည်ပြုသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထု၏ စားဝတ်နေရေး အဆင်ပြေ စေရေးနှင့် တိုင်းပြည်၏စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရေးအတွက် အဓိက တာဝန်ရှိကြောင်း၊ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ချမှတ်၍ အသေးစိတ် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ရေရှည်ဆောင်ရွက်ရမည့် ကိစ္စများဖြစ်သော်လည်း အချိန်တိုကာလအတွင်း မိမိတို့ကော်မတီအနေဖြင့် စဉ်းစားဆုံးဖြတ် အကောင်အထည် ဖော်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တိုင်းပြည် တည်ဆောက်ရာတွင် ဦးတည်ချက် စိတ်ကူးကို ဦးစွာတည်ဆောက်ပြီး ဖြစ်နိုင်သည်များကို နည်းလမ်းပေါင်းစုံမှ အကောင်အထည်ဖော် တည်ဆောက်ရခြင်းဖြစ်ကြောင်း။

ပြည်သူတစ်ဦးချင်းစီ၏ စားဝတ်နေရေး ပြည့်စုံကောင်းမွန်ရန်နှင့် အေးချမ်းစွာ နေနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များကို ဆောင်ရွက်ပြီး ပြည်သူလူထု ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံအောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများ၏စားဝတ်နေရေးနှင့် စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ သာမက လုပ်ငန်းဆက်စပ်ဆောင်ရွက်ရသည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ အနေဖြင့်လည်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလားတူ တိုင်းပြည် ၏ စားဝတ်နေရေး ဖူလုံရန်မဖြစ်မနေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ “အူမတောင့်မှ သီလစောင့်မည်” ဆိုသည့်အတိုင်း စားရေးသည်အရေးကြီးသဖြင့် ဝမ်းစာဖူလုံရေး သည်အရေးကြီးကြောင်း၊ ကမ္ဘာပေါ်တွင် အဓိကစားသုံးသည်မှာ ဆန်နှင့်ဂျုံဖြစ် ကြောင်း၊ မိမိတို့တိုင်းပြည်ရှိ မြေသယံဇာတများကို အသုံးပြု၍ ဆန်၊ ပဲ၊ ဆီနှင့် အခြား ဒေသ
နှင့်ကိုက်ညီသော သီးနှံများကို ရွေးချယ်စိုက်ပျိုးရန်လို ကြောင်း။

မိမိတို့ နိုင်ငံတွင် ဆီဖူလုံမှုရှိသော်လည်း စားသုံးရန်နှင့် စက်မှုလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်ပနိုင်ငံများမှ စားအုန်းဆီ တင်သွင်းနေရမှုများ ရှိကြောင်း၊ မိမိတို့နိုင်ငံရှိ ဆီအုန်းစိုက်ပျိုးမှုများကို တနင်္သာရီတိုင်းအောက်ပိုင်းတွင် အောင်မြင်အောင် ပြုလုပ်၍ ပြည်ပမှဆီတင်သွင်းမှုများကို လျှော့ချနိုင်ပါက နိုင်ငံခြား ငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ဆီများကြိတ်ခွဲထုတ်လုပ်ရာတွင်လည်း နည်းပညာ လိုအပ်ချက် များရှိသဖြင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးကို အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ တစ်နိုင်ငံလုံး ဆန်ဖူလုံမှုအနေဖြင့် ၁၃၃ ရာခိုင်နှုန်း ရှိသော်လည်း ချင်းပြည်နယ်တွင် ၄၀ ရာခိုင်နှုန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၆၂ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၇၀ ရာခိုင်နှုန်း ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၆၈ ရာခိုင်နှုန်းသာ ဖူလုံမှုရှိကြောင်း၊ ဒေသအလိုက် စားသောက်ကုန်များ ဖူလုံအောင် စိုက်ပျိုးထုတ်လုပ်၍ ပြင်ပသွင်းကုန်များလျှော့ချခြင်းဖြင့် ငွေကြေးသုံးစွဲမှုကို လျှော့ချ နိုင်ကြောင်း၊ ထို့ကြောင့် ဒေသတွင်းငွေကြေးပိုင်ဆိုင်မှုများပြားလာပြီး သုံးလိုအားနှင့် ဝယ်လိုအား ကောင်းမွန်လာမည်ဖြစ်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ ဒေသအလိုက် ဝမ်းစာဖူလုံအောင်ဆောင်ရွက်ခြင်းဖြင့် ငွေကြေးလည်ပတ်မှု ကောင်းမွန် လာပြီး ဒေသစီးပွားရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊  စားကုန်၊ သောက်ကုန်၊ သုံးကုန်များကို ပြည်တွင်း၌သာထုတ်လုပ်ခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချ နိုင်မည်ဖြစ်ကြောင်း၊ တိုင်းပြည်ကြွယ်ဝချမ်းသာမှုသည် ဘဏ္ဍာငွေ ပိုင်ဆိုင်မှု၊ GDP မြင့်မားမှု၊ လုပ်ငန်းလည်ပတ်သုံးစွဲငွေကြေးများပြားမှုနှင့် နိုင်ငံပိုင်အရန် ငွေကြေး ပိုင်ဆိုင်မှုတို့အပေါ်တွင်မူတည်ကြောင်း။
နိုင်ငံ၏စီးပွားရေးကောင်းမွန်ရန်အတွက် အဓိကအခြေခံလိုအပ်ချက်ဖြစ်သော လူ့စွမ်းအား အရင်းအမြစ်များသည် ပညာရည်မြင့်မားရန်နှင့် ကျန်းမာရေးကောင်းမွန် နေရန်လိုအပ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့ကော်မတီမှ ရှိပြီး မဟာဗျူဟာများအပေါ်မူတည်၍ ကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့သည် နိုင်ငံတော်အတွက် အရေးကြီးသည့်အဖွဲ့အစည်းဖြစ်ပြီး ကာလတိုအတွင်း ဆောင်ရွက်ရခြင်းဖြစ်သော်လည်း ရရှိသည့် အချိန်ကာလအတွင်း တိုင်းပြည်တိုးတက် ရေးအတွက် သာမန်မျှမစဉ်းစားဘဲ ထဲထဲဝင်ဝင် စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ ယခင်အစိုးရကာလကျန်ရှိသည့် လုပ်ငန်းများကိုလည်း မှန်မှန်ကန်ကန်ဖြင့် ဆက်လက် ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက် ရန်လိုကြောင်း မှာကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး များက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက် ရယူကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ဘဏ္ဍာငွေအရအသုံး စာရင်း လျာထားရာတွင် အမှန်တကယ် ရငွေ၊ သုံးငွေများကို သေချာစွာစိစစ်ရန်လိုအပ်ပြီး မဖောင်းပွရန်လိုအပ် ကြောင်း၊ ထို့ပြင် အမှန်တကယ် လိုအပ်သည်ကိုသာ လျာထားရန် လိုအပ်ပြီး တိုင်းပြည် အတွက် အရှုံးမဖြစ်စေလိုကြောင်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စည်းစနစ်တကျ သုံးစွဲရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အား ဝယ်ယူရေးနှင့်ပတ်သက်၍ တိုင်းပြည်နစ်နာမှု မရှိစေရေး စိစစ်ဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိကကဏ္ဍကို အားပေးလိုကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အားသည် အရေးကြီးသည့် လိုအပ်ချက်တစ်ခုဖြစ်ကြောင်း၊ နွေရာသီတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ရေအားလျှပ်စစ်အပြင် ဆိုလာ စနစ်ဖြင့် ဓာတ်အားရရှိရေး ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကာလတိုအတွင်း ဒေသအလိုက် လျှပ်စစ်ဓာတ်အား အလုံအလောက်ရရှိနိုင်ရေး ဦးစားပေးဆောင်ရွက် စေလိုကြောင်း။
 
နိုင်ငံခြားသားများအမြဲတမ်းနေထိုင်ခွင့်နှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်  တိုင်းပြည်အတွက် အမှန်တကယ်အကျိုး ရှိမည့်သူများဖြစ်ရန်လိုပြီး တရားဥပဒေနှင့် အညီ နေထိုင်ခြင်း ရှိ/ မရှိ သေချာစွာ စိစစ်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လက်ခံရာတွင်လည်း ၎င်းတို့ အနေဖြင့် နိုင်ငံတော်အပေါ် သစ္စာရှိရန်လိုပြီး Dual Citizen မဖြစ်ရန် လိုအပ်ကြောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ သေချာစွာစိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

လမ်းအသုံးပြုခ ကောက်ခံခြင်းနှင့်ပတ်သက်၍ အသက်သာဆုံးဖြစ်အောင် ဆောင်ရွက်ပေးထားကြောင်း၊ လမ်းမကြီးများ ဥပဒေအရ လမ်းနယ်များ စနစ်တကျ ရှိရန် လိုအပ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ကုမ္ပဏီများက မှန်မှန်ကန်ကန် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ လမ်းညွှန်အမှတ်အသားများကို  စည်းကမ်းနှင့် အညီ ပြည့်စုံစွာတပ်ဆင်ထားရန်လိုကြောင်း၊ လမ်းနယ်များနှင့် စိုက်ပျိုးမြေများတွင် အဆောက်အဦများ ဆောက်လုပ်လျက်ရှိပြီး လယ်မြေများ၊ စိုက်ပျိုးမြေများကို လည်း အခြားနည်းများဖြင့် အသုံးချဆောင်ရွက်လျက်ရှိသည်ကို တွေ့ရကြောင်း၊ ယင်းတို့ကို စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်တွင်းခရီးသွား လုပ်ငန်းများကို ခွင့်ပြုပေးထားပြီးဖြစ်ပြီး  ထုတ်ပြန်ထားသည့် COVID – 19 ဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက် ကြရန်လိုကြောင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ပြည်သူများ နားလည်သဘောပေါက် သိရှိအောင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ပေးရန်လိုကြောင်း။

ဒေသဝမ်းစာဖူလုံရေးအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးနှင့် စိုက်ပျိုးနည်း စနစ်များကို သုတေသနပြု ရှာဖွေဖော်ထုတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဒေသဝမ်းစာ မဖူလုံသော တိုင်းဒေသကြီးနှင့် ပြည်နယ်များကို ဦးစားပေးပြီး သုတေသနပြု ဆောင်ရွက်ရန်လိုကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးတွင် သုတေသနနှင့် ဖွံ့ဖြိုးရေး (R & D) မှာ အလေးထား ဆောင်ရွက်ရန်လိုသဖြင့် ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းများတွင် လည်း သုတေသနလုပ်ငန်းများပြုလုပ်၍ နည်းလမ်းရှာဖွေ ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းများ အောင်မြင်မည်ဖြစ် ကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။