နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၁)သို့ တက်ရောက် အမှာစကားပြောကြား

 
နေပြည်တော် ဒီဇင်ဘာ ၃

 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြား သည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာဒေါ်သက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့် နှင့် ဒုတိယဝန်ကြီး ဦးရဲတင့်တို့ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြ သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကား ပြောကြားရာတွင် မိမိတို့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် များနှင့် ဦးတည်ချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တာဝန်ထမ်း ဆောင်ခဲ့သည့် ဆယ်လတာကာလအတွင်း အခက်အခဲများအား ကျော်လွှားကြိုးစား ဆောင်ရွက်ခဲ့သကဲ့သို့ အောင်မြင်မှုများလည်းရှိခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများတိုးတက်စေရန် ရန်ရည်ရွယ်၍ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးလုပ်ငန်းမှာ စိုက်ပျိုးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများပင်ဖြစ်ကြောင်း၊ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက် တွင်နေထိုင်ကြသဖြင့် လုပ်အားများများစွာရှိသဖြင့် ကျေးလက်ကို အခြေခံသည့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မူဝါဒချမှတ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင် ရေး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအား ထပ်မံတိုးချဲ့ဖွင့်လှစ်၍ ဆောင်ရွက် လျက်ရှိကြောင်း။
မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုများတိုးတက်စေရေး တွန်းအားပေးဆောင်ရွက်မှုများ ကြောင့် ထိုက်သင့်သလောက်တိုးတက်မှုများရှိလာသော်လည်း ကိုဗစ် -၁၉ ရောဂါဖြစ်ပွား နေသည့် ကာလဖြစ်သဖြင့်ကန့်သတ်မှုများရှိခြင်းကြောင့် ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေး ကျဆင်းမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ကိုဗစ်-၁၉ ကြောင့် စီပွားရေး ကျဆင်းသကဲ့သို့ ယခင်အစိုးရတာဝန်ထမ်းဆောင်စဉ် ၂၀၁၈ ခုနှစ်မှစ၍ စီးပွားရေးကျဆင်းလာသည်ဟုသုံးသပ်ကြကြောင်း၊ ၂၀၂၀ ခုနှစ်၊ ကိုဗစ် ၁၉ ရောဂါစတင် ဖြစ်ပွားချိန်တွင် ပြည်ပနိုင်ငံများမှအကူအညီများရရှိခဲ့ကြောင်း၊ နိုင်ငံရေးအခြေအနေအရ နိုင်ငံတော်အားအရေးပေါ်အခြေအနေ ကြေငြာပြီးချိန်တွင် နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်ပေါ် လာခဲ့မှုများကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများမှာလည်း စီးပွားရေးပူးပေါင်း ဆောင်ရွက်နယ်ပယ်များတွင် ကျဆင်းမှုရှိလာခဲ့ကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားနေမှု ကြောင့် ကူးစက်မှုနှုန်းများ ကျဆင်းစေရေးအတွက် ဦးစားပေးဆောင်ရွက်ခဲ့ရခြင်းကြောင့် အချို့ လုပ်ငန်းများတွင် လစ်ဟင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားမှုမှာ လည်း ယခုအခါ အတိုင်းအတာတစ်ခုအထိ ကျဆင်းလာပြီဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှုမြင့်တက်နေချိန်ကာလတွင်လည်း တစ်ဖက်မှ အာဆီယံအဖွဲ့နှင့် ဘုံသဘောတူညီချက် ၅ ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခက်အခဲအမျိုးမျိုးကြားမှ တတ်နိုင်သလောက် အကောင်အထည်ဖော် ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏စီးပွားရေးကျဆင်းမှုမရှိစေရန်နှင့် နိုင်ငံအတွင်း စားရေရိက္ခာရှားပါးမှုမရှိစေရေး ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ စားရေရိက္ခာပေါများ စေရေး တပ်မတော်ကဦးဆောင်၍ ဆောင်ရွက်လျက်ရှိပြီး အထိုက်အလျောက်ဖြည့်ဆည်း ဆောင်ရွက်နိုင်သည်ကိုတွေ့ရှိရကြောင်း၊ သို့သော် ကုန်ပစ္စည်းများမှာ အကြောင်းအမျိုးမျိုး ဖြင့် ဈေးနှုန်းမြင့်တက်လျှက်ရှိပြီး ပြည်ပသွင်းကုန်များ ဈေးနှုန်းမြင့်တက်မှုအား ထိန်းချုပ်နိုင် ရေး နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျက်ရှိကြောင်း၊ ပို့ကုန်သွင်းကုန်အနေဖြင့် ၂၀၂၀-၂၀၂၁ ခုနှစ် အစီရင်ခံစာအရ ၂၀၁၉-၂၀၂၀ ခုနှစ်ထက် ကျဆင်းသွားသည်ကိုတွေ့ရှိရကြောင်း၊ သွင်းကုန်များတွင် အဓိကသွင်းကုန်များမှာ ရေနံထွက်ပစ္စည်းများ၊ စားအုန်းဆီများ၊ ယာဉ်အပိုပစ္စည်များ၊ ဆေးဝါးများ၊ ဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ ဓာတ်မြေဩဇာများ၊ လယ်ထွန်စက်နှင့် ဆက်စပ်ပစ္စည်းများဖြစ်သည်ကို တွေ့ရှိရပြီး အများဆုံးမှာရေနံထွက် ပစ္စည်းများနှင့် စားအုန်းဆီများ ဖြစ်ကြောင်း။
ပြည်ပသွင်းကုန်များအစားထိုးနိုင်ရေးအတွက် ပြည်တွင်းထုတ်ကုန်များ ထုတ်လုပ်မှုကို မဖြစ်မနေ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စက်သုံးဆီချွေတာသုံးစွဲမည်ဆိုပါက ပြည်ပငွေ သုံးစွဲမှု များစွာလျော့နည်းသွားမည်ဖြစ်သဖြင့် ကုန်သွယ်မှုပိုငွေများ တိုးတက်လာမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် Public Transportation လုပ်ငန်းများကို ဘက်ပေါင်းစုံမှ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ စက်သုံးဆီများလျှော့ချနိုင်ရေး လျှပ်စစ်ဓာတ် အား အသုံးပြုသွားလာနိုင်ရေး ဆောင်ရွက်ရန်လိုအပ်သဖြင့် လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်သော ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း များနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာတွင် တည်ဆောက်ရေးစီမံကိန်းများမှာ အချိန်ပေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အလားတူ စားသုံးဆီများပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်ရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများစိုက်ပျိုးနိုင်သည့် နေရာ ဒေသများစွာရှိကြောင်း၊ စိုက်ပျိုးရေများ လုံလောက်စွာရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အလားတူ စိုက်နည်းစနစ်များကိုလည်း ခေတ်မီစိုက်နည်းစနစ်ဖြင့် စနစ်တကျစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း။
ပြည်တွင်း၌အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းကြောင့် နိုင်ငံသားအချို့အနေဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်၍ ဝင်ငွေရရှိအောင် ဆောင်ရွက်နေရကြောင်း၊ ပြည်တွင်းထုတ်ကုန်နှင့်ပတ်သက်၍ ပြည်တွင်း၌ မော်တော်ယာဉ်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရန်လိုပြီး အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်းမှထုတ်လုပ်သည့် ပစ္စည်းများကို ပြည်ပသွင်းကုန်များ၏ အရည်အသွေးနှင့်ယှဉ်နိုင်အောင် ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် ပြည်တွင်းစီးပွာရေး တိုးတက်စေရန်အတွက် အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ လျှပ်စစ်အသုံးပြုသည့် မော်တော်ယာဉ်များ ပြည်တွင်း၌ထုတ်လုပ်၍ သုံးစွဲနိုင်မည်ဆိုပါက နိုင်ငံအတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်း။
ပြည်ပမှဆေးဝါးများတင်သွင်းမှုနှင့် ပတ်သက်၍ ပြည်သူလူထု၏ကျန်းမာရေးအတွက် တင်သွင်းနေရခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် ဆေးဝါးသုံးစွဲမှုလျှော့ချနိုင်ရေး ကျန်းမာရေးကောင်းမွန်ရန်လိုအပ်ပြီး ကျန်းမာရေးနှင့် လျော်ညီသည့် နေထိုင်စားသောက်မှု များနှင့် ကိုယ်လက်လှုပ်ရှားမှုများရှိရန်လိုကြောင်း၊ အချို့သောပြည်သူများမှာ ပြည်ပနိုင်ငံများ သို့သွားရောက်၍ ကျန်းမာရေးကုသမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်ကုသခြင်းဖြင့် ငွေကုန်ကြေးကျများရှိသကဲ့သို့ အခြားအခက်အခဲများလည်း များစွာရှိကြောင်း၊ အဆိုပါကိစ္စရပ်များအား ဖြေရှင်းဆောင်ရွက်ရန်လိုအပ်သဖြင့် နိုင်ငံအတွင်း ရှိ ဆေးရုံ၊ ဆေးခန်းများ၌ ကျန်းမာရေးဝန်ထမ်းများသာမက အထောက်အကူပြု စက်ပစ္စည်း များကို အဆင့်မြှင့်တင်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပုဂ္ဂလိကဆေးရုံများ စနစ်တကျရှိစေ ရေး ကြပ်မတ်ပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံသားများ၏ကျန်းမာရေး မြှင့်တင်မှုများဆောင်ရွက်ရန်လိုအပ်ပြီး ပြည်တွင်းဆေးဝါးထုတ်လုပ်မှုများမှ တိုင်းရင်းဆေးကို အခြေခံသည့် ဆေဝါးများနှင့် ပဋိဇီဝဆေးဝါးများ လုံလောက်စွာထုတ်လုပ်နိုင်ရေး ထိထိ ရောက်ရောက် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင်ဆေးရုံပေါင်း ၁၁၇၇ ရုံရှိပြီး ၁၉၉၅ နှစ်မှ ၂၀၂၀ ခုနှစ်အထိ နိုင်ငံအတွင်းရှိ ဆေးတက္ကသိုလ်အသီးသီးမှ ဆေးပညာရှင် ပေါင်း ၅၇၀၀၀ ကျော်မွေးထုတ်ပေးနိုင်ခဲ့သော်လည်း နိုင်ငံအတွက် တာဝန်ထမ်းဆောင်နိုင်မှု နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ တာဝန်ထမ်းဆောင်မှု နည်းပါးခြင်းကြောင့် အချို့သော တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များ တာဝန်ထမ်းဆောင်နိုင်မှု မရှိသည်ကိုတွေ့ရှိရ ကြောင်း၊ နိုင်ငံသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်း များကသာ ဆောင်ရွက်၍ရသဖြင့် ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် အပြည့်အဝတာဝန်ထမ်းဆောင်နိုင်စေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့် အာဆီယံနိုင်ငံများတွင် မိမိတို့နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုသည် အနိမ့်ဆုံးဖြစ်နေသည့်အတွက် ဆေးပညာနှင့်ပတ်သက်၍ လူသားအရင်းအမြစ်များ လူမှန် နေရာမှန်ရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း။
ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးနှင့်ပတ်သက်၍ အချို့ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုံခြုံရေးအခြေအနေများနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ကြောင့် ပညာသင်ကြားမှုများ အပြည့်အဝဆောင်ရွက်နိုင်မှုမရှိသေးသည်ကိုတွေ့ရှိရကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် လုံခြုံမှုရှိစေရေးနှင့် ပညာအပြည့်အဝ သင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်း စသည့်လေးဖွဲ့ပူးပေါင်း၍ ဆောင်ရွက် ကြရန်လိုကြောင်း၊ မကြာမီအချိန်တွင်လည်း တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ရည်မှန်းချက် ထားရှိဆောင်ရွက်လျက်ရှိကြောင်း။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုဗစ် - ၁၉ ရောဂါကူးစက်မှုနှင့် ကျောင်းသားကျောင်းသူများ ပညာသင်ကြားရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် ပတ်သက်၍ ပြောကြားရာတွင် “ကိုဗစ်နဲ့ပတ်သက်ပြီးတော့ အခုနောက်ဆုံးအခြေအနေပြောရလို့ရှိရင်လည်း ဖြစ်တဲ့ဖြစ်ပွားတဲ့သူပေါ့နော် ဖြစ်ပွားသူ အားလုံး ကျွန်တော်တို့နိုင်ငံမှာ ၅၂၃၃၄၆ ယောက်ရှိပါတယ်။ ပျောက်ကင်းတဲ့ သူက ၄၉၈၇၄၈ ယောက်ရှိပြီး သေဆုံးတဲ့သူက ၁၉၁၂၁ ဖြစ်ပါတယ်။ ဖြစ်ပွားတဲ့နှုန်းက ၂ ရာခိုင် နှုန်း ပတ်ဝန်းကျင်လောက်ရှိပါတယ်။ နေ့စဉ်ပြောရလို့ရှိရင် အချို့လည်း ၃၀၀ လောက် ဆင်းသွားတဲ့ရက်တွေရှိသလို အချို့ရက်တွေမှာလည်း ၄၀၀ နဲ့ ၅၀၀ ကြားထဲမှာရှိနေပါတယ်။ ၂ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက်တော့ ဖြစ်ပွားမှုနှုန်းရှိနေပါတယ်။ ဒီဟာကတော့ ကျွန်တော်တို့နိုင်ငံ အတွက်ကတော့ ဘာပဲပြောပြော လက်ခံတဲ့အနေအထားရှိတယ်ဆိုတာကို ကျွန်တော်တို့တွေ့ပါတယ်။ အဲ့တော့ဒီမှာလည်း ဒါတွေဒီလိုကျပြီဆိုပြီး သွားပြီးဝမ်းသာနေလို့ မရဘူး။ အခု အိုမီခရမ် ဆိုပြီးထပ်ဖြစ်နေတယ်။ အိန္ဒိယမှာပဲ မနေ့က ၂ ယောက်တွေ့ တယ်ဆိုပြီး Breaking News မှာ ကျွန်တော်တွေ့လိုက်တယ်။ ၂ ယောက်ဖြစ်တယ်ဆိုပြီး တွေ့လိုက်ပါတယ်။ အိန္ဒိယမှာဖြစ်နေတာ။
အဲ့ဒီတော့ အာရှနိုင်ငံတွေမှာလည်း ဒီ အိုမီခရမ် က ဖြစ်နေတာရှိတယ်။ သူက ကူးစက်မှုလည်း တော်တော်လေးမြန်တယ်။ ဖြစ်ပွားမှုလည်းပြင်းထန်တယ် ဒီလိုပြောတာ ပေါ့။ အဲဒီတော့ ကျွန်တော်တို့ ပေါ့လို့တော့မရဘူးဆိုတာလေး ပြောချင်ပါတယ်။ ကျွန်တော် တို့က ကျောင်းတွေ ဖွင့်ထားတာ။ ကျောင်းတွေ၊ ကလေးတွေ ကျောင်းတက်နေကြပြီ။ ကျောင်းတက်နေတော့ ဒီကလေးတွေ ပညာသင်ကြားရေးမှာ ဘယ်လိုမှ ထိခိုက်ခံလို့မရဘူး။ အထိခိုက်ခံလို့မဖြစ်ဘူး။ သူတို့ကို ကျန်းကျန်းမာမာနဲ့မတ်လကုန် ကျွန်တော်တို့ စာမေးပွဲပြီး တဲ့အထိ ကျောင်းတက်နိုင်ဖို့လိုတယ်၊ ကျန်းကျန်းမာမာတက်နိုင်ဖို့လိုတယ်။ လုံလုံခြုံခြုံနဲ့ တက်နိုင်ဖို့လိုတယ်။ သူတို့တင်မဟုတ်ဘူး။ ပညာရေးဝန်ထမ်းတွေလည်း ဒီအတိုင်းပဲ။ ကျန်းကျန်းမာမာနဲ့ ပညာသင်ကြားပေး နိုင်ဖို့လိုတယ်။ လုံလုံခြုံခြုံနဲ့ ပညာသင်ကြားပေး နိုင်ဖို့လိုတယ်။ ဒါကိုကျွန်တော်တို့က တော်တော်ဂရုစိုက်ရမှာဖြစ်ပါတယ်။ တော်တော်ဂရု စိုက်ရမှာ။ ပညာရေးက ချက်ချင်းပြီးသွားတာ မဟုတ်ဘူးလေ။ ကျွန်တော်တို့က တောက် လျှောက်ကို စောင့်ရှောက်ပေးရမယ့် အနေအထားရှိတယ်။ Long Term သွားရတာကို။ Long Term သွားရတာ။ ဒါကြောင့် ဒါကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများရော၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့များကလည်း အလေးထားကြပ်မတ်ပေးပါလို့ ကျွန်တော် ပြောလိုပါတယ်။”
ထို့နောက် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ ယနေ့အချိန်အထိ စုစုပေါင်းဆေး Dose ၄၂၆၇၁၆၀၀ ရရှိခဲ့ပြီးဖြစ်ပြီး ထိုးနှံပြီးစီးမှုအနေဖြင့် ယခုလ ၂ ရက်နေ့ အထိ ၂၉၂၁၄၉၈၀ Dose ထိုးနှံပြီး ဖြစ်ကြောင်း၊ နှစ်ကြိမ်အပြည့်ထိုးနှံပြီးသူ ၁၂၀၄၈၀၀၅ ဦး၊ တစ်ကြိမ်ထိုးနှံပြီးသူ ၅၁၁၈၉၇၀ ဦး ဖြစ်ကြောင်း၊ ယခုလအတွင်း၌လည်း ရုရှားနိုင်ငံမှ လှူဒါန်းသည့်ဆေးဝါးများနှင့် ဝယ်ယူထားသည့် ကာကွယ်ဆေးအလုံးရေ တစ်သန်းထပ်မံ ရောက်ရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ယခုနှစ်အတွင်း မျှော်မှန်းအုပ်စု၏ ၅၀ ရာခိုင်နှုန်းထိုးနှံ နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါတစ်ရက်လျှင် ဆေးထိုးနှံမှုအနေဖြင့် ၂ သိန်း ခုနှစ်သောင်း ပတ်ဝန်းကျင်မှ ၃ သိန်းပတ်ဝန်းကျင်အထိ ထိုးနှံပေးလျက်ရှိကြောင်း၊ ဆေးထိုးနှံမှုအရေအတွက် တိုးတက်စေရေး ထပ်မံကြိုးစား ဆောင်ရွက်ကြရန်လိုကြောင်း၊ ကာကွယ်ဆေးများထိုးနှံထားမည်ဆိုပါက ရောဂါကူးစက်မှုကို အထိုက်အလျောက်ကာကွယ် နိုင်ပြီး ရောဂါကူးစက်ခံရပါကလည်း အတိုင်းအတာတစ်ခုအထိ သက်သာမှုရရှိစေနိုင်ကြောင်း။
စားရေရိက္ခာပေါများစေရေးနှင့် ဒေသအလိုက် ရိက္ခာဖူလုံမှုရှိစေရေးတို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ဥစားကြက် မွေးမြူရေး၊ နို့စားနွား၊ အသားစားနွားနှင့် ဝက်မွေးမြူရေး လုပ်ငန်းများကို အားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စနစ်ကျသည့် မွေးမြူရေးဖြစ်စေရန် ဆောင်ရွက်ကြရန် လိုအပ်ပြီး ဒေသအလိုက် စားရေရိက္ခာဖူလုံမှုရှိပါက နိုင်ငံသာယာဝပြောခြင်းပင်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိုက်ပျိုးရေး အထွက်နှုန်းများ နည်းပါးလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ နိုင်ငံအတွင်းဓာတ်မြေဩဇာများ လုံလောက်စွာရရှိနိုင်ရေး အစိုးရမှကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်း များမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများကိုလည်း သဘာဝဓာတ်မြေဩဇာများအဖြစ် ထုတ်ယူ သုံးစွဲနိုင်ရေး အသိပညာပေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ သဘာဝဓာတ်မြေဩဇာ များပြားစွာရရှိစေရေး စနစ်ကျသည့် မွေးမြူရေးလုပ်ငန်းများအဖြစ် ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်တွင်းတွင် ဓာတ်မြေဩဇာ ထုတ်လုပ်နိုင်ရေးအတွက်လည်း စက်ရုံများ ပြန်လည် လည်ပတ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လာမည့်စိုက်ပျိုးရာသီ အတွက် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ကြရန်လိုကြောင်း၊ စိုက်ပျိုးရာတွင်လည်း မျိုးတူသည့်မျိုးကောင်းမျိုးသန့်များနှင့် စိုက်နည်း စနစ်များမှန်ကန်ရန်လိုအပ်သကဲ့သို့ စိုက်ပျိုးရေများ လုံလောက်စွာရရှိရေးအတွက်လည်း ဆောင်ရွက်ရန်လိုကြောင်း။
မြို့သာယာလှပရေးနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ပြီးခဲ့သည့်မိုးတွင်းကာလများတွင် မြို့များ၌ ရေကြီး ရေလျှံမှုများ မရှိသလောက်ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် လာမည့်နှစ်များတွင်လည်း ယခုကဲ့သို့ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် တိုက်တွန်း လိုပါကြောင်း၊ အလားတူတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များအားလုံး ကိုလည်း Green City ၊ Clean City ဖြစ်စေရန် ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်သူများအတွက် ပတ်ဝန်းကျင်ကောင်းများဖြစ်အောင် ဖန်တီးပေးနိုင်ရေး၊ မြို့ပြများစနစ် တကျရှိစေရေး၊ လမ်းများစနစ်တကျရှိစေရေး၊ ရေပေးဝေခြင်းများ စနစ်တကျဖြစ်စေရေး တို့ကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း။
အစိုးရတစ်ရပ်အနေဖြင့် အခွန်ငွေများအပြည့်အဝရရှိရန်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ဝင်ငွေခွန် အပါအဝင် အခွန်များအပြည့်အဝရရှိမှုမရှိကြောင်း၊ နယ်စပ်ဒေသများမှ ပြည်ပပို့ကုန် သွင်းကုန်များ၌ အခွန်ငွေကောက်ခံမှုများ စနစ်တကျမရှိမှုကြောင့် နိုင်ငံအတွက် နစ်နာမှုများ များစွာဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့်နယ်စပ်ကုန်သွယ်ခွန်များ အပြည့်အဝ ကောက်ခံ နိုင်ရေး တာဝန်ရှိသများက စနစ်တကျဖြင့် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အခွန်ငွေများအပြည့်အဝရရှိရေး သက်ဆိုင်ရာဌာများမှ မျက်ခြည်မပြတ်စောင့်ကြည့်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ အခွန်ငွေကောက်ခံမှုနှင့်ပတ်သက်သည့် မသမာမှုပြုလုပ်မှုများ များကိုဖော်ထုတ်ထိန်းသိမ်း၍ ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုကြောင်း။
နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုနှင့်ပတ်သက်၍လာမည့် ရွေးကောက် ပွဲ မတိုင်မီအချိန်အတွင်း နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိစေရေး ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများအဆင်ပြေစွာဖြင့် အမြန်ဆုံးပြုလုပ်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာနအား အခြားဝန်ကြီးဌာနများမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားကြရန်လို ကြောင်း၊ နိုင်ငံသားဖြစ်ခွင့်ဖြစ်ထိုက်သူအားလုံး မှတ်ပုံတင်ရရှိရေးအတွက် ဆောင်ရွက် ကြရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး၍ အတည်ပြုချက်ရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ တရားရုံးများနှင့် ရဲစခန်းများတွင် အမှုကိစ္စနှင့်ပတ်သက်သည့် ဖမ်းဆီးရမိ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ များပြားစွာရှိကြောင်း၊ အဆိုပါယာဉ်များမှာ အမှုကိစ္စမပြီးပြတ်သေးသည့်အတွက် ကာလရှည်ကြာစွာရာသီဥတုဒဏ်ကြောင့် ပျက်စီးဆုံးရှုံး မှုများ ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် အမှုကိစ္စများကို အမြန်ပြီးပြတ်အောင် ဆောင်ရွက်ရန်၍ လိုအပ်သည့်နေရာများတွင် ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေး အန္တရာယ်များ ကိုပါ ကြိုတင်တွက်ဆ၍ ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားကြရန် လိုကြောင်း။
ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနအလိုက် တိုးချဲ့ဖွဲ့စည်းခြင်း၊ ပြုန်းတီးအင်အား ပြန်လည်ခန့်ထားခြင်းတို့အတွက် အရာထမ်းအမှုထမ်းများ အသစ်ခန့်အပ် ရခြင်းများရှိကြောင်း၊ ထိုသို့ခန့်အပ်ရာတွင် ဌာနအတွက် အမှန်တကယ် အကျိုးရှိရန်နှင့် မှန်မှန်ကန်ကန် ဖြစ်ရန်လိုကြောင်း၊ ရာထူးခန့်ထားရေးနှင့်ပတ်သက်ပြီး လျှော့ပေါ့စဉ်းစားပေး ရမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တိကျသော မူဝါဒရှိရန်လိုကြောင်း၊ ရေရှည်အတွက် စနစ်တကျ စဉ်းစားဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ပြီး မိမိတို့၏ လူ့စွမ်းအားအရင်းအမြစ်ကို မြှင့်တင်ရန်လိုအပ်ကြောင်း၊ သို့မှသာ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာမည် ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ၎င်းတို့၏တာဝန် ထမ်းဆောင်မှု အပေါ်မူတည်၍ဆုပေး၊ ဒဏ်ပေးစနစ်ဖြင့် ချီးမြှင့်သင့်သည် များကိုလည်း ချီးမြှင့်ပြီး အသိအမှတ်ပြုရန်လိုကြောင်း။
ဝန်ကြီးဌာနအလိုက် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း လုပ်ငန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်ခြင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ရန်လိုကြောင်း၊ မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ဆောင်ရွက်ရန်လိုအပ်ပြီး အစီရင်ခံစာများကို စနစ်တကျ တင်ပြဆောင်ရွက်ကြရန်လိုကြောင်း။
ဘဏ်များနှင့်ပတ်သက်၍လည်း အချို့ဘဏ်ဝန်ထမ်းများအနေဖြင့် စည်းကမ်းဖောက် ဖျက်မှု၊ မသမာမှုများ ရှိနေသည်ကို သိရကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် စောင့်ကြည့်ကြပ်မတ်ရန် လိုအပ်သကဲ့သို့ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကလည်း နိုင်ငံပိုင်နှင့် ပုဂ္ဂလိကဘဏ်များ မှန်မှန်ကန်ကန် ဖြစ်အောင် ကြပ်မတ်ပေးရမည်ဖြစ်ကြောင်း။
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး (PPP)၊ (BOT) စနစ်များသို့ ပြောင်းလဲ ဆောင်ရွက်ခဲ့ကြောင်း၊ မည်သို့ ဆောင်ရွက်သည်ဖြစ်စေ တိုင်းပြည်အတွက် အကျိုးရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ ဝန်ကြီးဌာန အားလုံးအနေဖြင့် ပြည်ထောင်စု ဝန်ကြီးအဆင့်မှ သေချာစွာစဉ်းစားဆုံးဖြတ်ပြီး သက်ဆိုင်ရာ ကော်မတီသို့ တင်ပြဆောင်ရွက် ကြရန်လိုကြောင်းဖြင့်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။