နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၁၇

နေပြည်တော်မြို့တော်ဖွံ့ဖြိုး တိုးတက်ရေး အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့် အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာ စကား ပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီး များဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဦးအောင်နိုင်ဦး၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးရွှေလေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရတစ်ရပ်သည် စီးပွားရေး၊ လူမှုရေးအရ နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေသည် နိုင်ငံတော်၏မြို့တော်ဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေး စတင်ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နေပြည်တော်အား ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သဖြင့် ယခုအခါ ၁၅ နှစ်နှင့် ၆ လရှိပြီဖြစ်ကြောင်း၊ ရန်ကုန်မြို့သည် ယခင်က မြန်မာနိုင်ငံ၏ အစိုးရရုံးစိုက်ရာမြို့တော် ဖြစ်သော်လည်း ယခုအခါ စီးပွားရေး ကုန်သွယ်မှုအဓိကဆောင်ရွက်လျက်ရှိသည့် မြို့တော်ဖြစ်ကြောင်း၊ အလားတူ မန္တလေးမြို့သည်လည်း ယခင်က မင်းနေပြည်တော် ဖြစ်ခဲ့ပြီး အထက်မြန်မာနိုင်ငံ၏မြို့တော် ဖြစ်သကဲ့သို့ စီးပွားရေးအရလည်း အချက် အခြာကျသည့် မြို့တော်ဖြစ်ကြောင်း၊ နေပြည်တော်သည် နိုင်ငံတော်၏ အစိုးရရုံး စိုက်ရာ မြို့တော်ဖြစ်သဖြင့် မြို့တော်အင်္ဂါရပ်နှင့် ကိုက်ညီစေရန် မြို့တော်အား တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခင်က နေပြည်တော်အား မပြည့်မစုံ ဖြင့် စတင်ဆောင်ရွက်ခဲ့ရသော်လည်း ယခုအခါ အတိုင်းအတာတစ်ခုအထိ ပြည့်စုံမှုများ ရှိလာပြီဖြစ်ကြောင်း၊ သို့သော် ယခုထက်ပိုမိုပြည့်စုံအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ မြို့အားလုံး၏ စံပြမြို့ တော်တစ်ခုဖြစ်ရမည်ဖြစ်ကြောင်း။

နေပြည်တော်အား သီရိ ၅ မြိုနယ်နှင့် တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး စသည့် မြို့များနှင့် ပေါင်းစပ် တည်ဆောက်ထားပြီး စုစုပေါင်းဧရိယာအကျယ်အဝန်း ၂၇၂၅ စတုရန်းမိုင် ကျယ်ဝန်းကြောင်း၊ လူဦးရေအားဖြင့် ၁ ဒသမ ၁၄၈ သန်းခန့်နေထိုင်ပြီး မြို့နေ လူဦးရေ ၃၀ ရာခိုင်နှုန်းခန့်နှင့် ကျေးလက်နေလူဦးရေ ၇၀ ရာခိုင်နှုန်းခန့်ရှိ ကြောင်း၊ မြို့နေလူဦးရေတွင် အစိုးရဝန်ထမ်းများ ရာခိုင်နှုန်းအားဖြင့် များပြားပြီး ကျေးလက်နေ ပြည်သူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အခြေခံ၍ အခြေခံအားဖြင့် ရိုးရှင်းသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြ သူများဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီဒေသတွင် အကြမ်းဖျဉ်းအားဖြင့် တစ်နှစ် လျှင်မိုးရွာရက် ၈၀ မှ ၉၀ ကြားပတ်ဝန်းကျင်ရှိပြီး မိုးရေချိန် လက်မ ၅၀ ပတ်ဝန်းကျင် မိုးရွာသွန်းသဖြင့် ရက်ပေါင်း ၂၀၀ ကျော်ခန့်မှာ နေသာသည့်ရက်များဖြစ်ပြီး အပူချိန်အားဖြင့် အနိမ့်ဆုံး ၁၀ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး ၄၀ ဒီဂရီ စင်တီဂရိတ် ရှိသဖြင့် ရာသီဥတုမျှတကောင်းမွန်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဥယျာဉ်ခြံမြေဧကပေါင်း ၁၀၆၀၀ ၊ လယ်မြေ ၁၇၆၄၀၀၊ ယာမြေ ၁၂၇၉၀၀ ကျော်ရှိပြီး အဓိကအားဖြင့် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါနှင့် ကြံများ စိုက်ပျိုးကြကြောင်း၊ မွေးမြူရေးအနေဖြင့် ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဆိတ်နှင့် ငါးများကို မွေးမြူကြကြောင်း။ နေပြည်တော်ကောင်စီနယ်မြေ အတွင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးနှင့် ဆေးကုသရေးတက္ကသိုလ် နှင့် သစ်တောတက္ကသိုလ် စသည့် အဓိကတက္ကသိုလ် ၃ ခုရှိပြီး စိုက်ပျိုးရေးသိပ္ပံ၊ စက်မှုသိပ္ပံနှင့် စက်မှုအထက်တန်းကျောင်းများရှိကြောင်း။

နေပြည်တော်ကောင်စီနယ်မြေအတွင်း ယခင်နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်နှင့် သမ္မတကြီး ဦးသိန်းစိန် တာဝန်ယူခဲ့သည့် ဒီမိုကရေစီ ပထမအစိုးရလက်ထက်တွင် သရက်စိုက်ပျိုးရေးဇုန်များနှင့် မွေးမြူရေးဇုန် များသတ်မှတ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ တပ်ကုန်းမြို့တွင်လည်း မွေးမြူရေးနှင့် ပတ်သက်၍ မြေဧရိယာ ၇၀၀ နီးပါးခွင့်ပြုပေးခဲ့ပြီး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန်ကျန်ရှိသည့် မြေ ဧရိယာများအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ တာဝန်ရှိသည့် ဌာနများမှ ပြန်လည်စိစစ်ဆောင်ရွက်ရန်လိုကြောင်း။

နေပြည်တော်ကောင်စီနယ်မြေသည် အရှေ့ရိုးမနှင့် အနောက်ရိုးမအကြားတွင် တည်ရှိပြီး မြစ်ချောင်းများပေါများသဖြင့် စိုက်ပျိုးရေးအတွက် မြေဩဇာများကောင်းမွန် သောကြောင့် စိုက်ပျိုးမြေကောင်းမွန်သော နေရာဒေသဖြစ်သဖြင့် စိုက်ပျိုးရေးတက္ကသိုလ် နှင့် သုတေသနဌာနများအား ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ မြစ်ချောင်းများ ပေါများပြီး ရေခံ၊ မြေခံများကောင်းမွန်ခြင်းကြောင့် ၁၂ လရာသီ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နိုင်သည့် နေရာဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် များရှိခြင်းကြောင့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများမှ အထွက်ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ စိုက်ပျိုးရေများ သုံးစွဲရာတွင် Drop စနစ်နှင့် Sprinkler စနစ်များဖြင့် သုံးစွဲရန်လိုကြောင်း၊ ထိုသို့သုံးစွဲနိုင်ရန်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး အတွက် ရေအားလျှပ်စစ် ထုတ်လုပ်ရေးလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သည့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား များထုတ်လုပ်နိုင်ရေးအတွက်လည်းရှိပြီးသားရေလှောင် တမံများနှင့် ဆည်များရှိ ရေမျက်နှာပြင်ဧရိယာများပေါ်တွင်ပါ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်လိုကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက် စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများအပါအဝင် အခြားလုပ်ငန်း များ ကိုလည်း အကျိုးပြုနိုင်မည် ဖြစ်ကြောင်း။

ထို့ပြင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို ဆောင်ရွက် နိုင်ရန်လိုကြောင်း၊ အလားတူ မိတ္ထီလာ၊ ပျော်ဘွယ်နှင့် ရမည်းသင်းတို့တွင် ဝါများ စိုက်ပျိုးကြပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင်လည်း ဝါစိုက်ပျိုးမှုများရှိ ကြောင်း၊ ဝါကုန်ကြမ်းများပေါ်တွင်အခြေခံ၍ နေပြည်တော်နယ်မြေအတွင်း ချည်မျှင် နှင့် အထည်စက်ရုံများတည်ဆောက်ပြီး ထွက်ရှိလာသည့် ချည်မျှင်နှင့်အထည်များမှ တစ်ဆင့် အထည်အလိပ်လုပ်ငန်းများနှင့် အထည်ချုပ်လုပ်ငန်းများအထိ အဆင့်ဆင့် ဆောင်ရွက်နိုင်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် စက်မှု လုပ်ငန်းများကိုဆောင်ရွက်၍ရကြောင်း၊ လျှပ်စစ်ဓာတ်အားမပြတ်ရရှိနေပါက လျှပ်စစ် နှင့် သက်ဆိုင်သည့်လုပ်ငန်းများကို ပါဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြို့ပြစီမံကိန်းများတွင် စနစ်တကျတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း။
နိုင်ငံတော် အစိုးရရုံးစိုက်ရာ မြို့တော်ဖြစ်သဖြင့် အုပ်ချုပ်ရေးယန္တရားအပေါ် အထောက်အကူပြုမည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့် ပတ်သက်သည့် မြို့တော်အဖြစ်ဆောင်ရွက်နိုင်ကြောင်း၊ စီးပွားရေး၊ စီမံခန့်ခွဲရေး၊ တရားရေး၊ ဥပဒေရေးရာနှင့် အုပ်ချုပ်ရေးဆိုင်ရာများနှင့် သက်ဆိုင်သည့် သင်တန်းများ၊ တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားပေးနိုင်ရန်အတွက် ထည့်သွင်းစဉ်းစား ကြရန်လိုကြောင်း၊ တက္ကသိုလ်များတည်ဆောက်ရာတွင် ပတ်ဝန်းကျင်ကောင်းသည့် နေရာတွင် တည်ဆောက်ရန်လိုကြောင်း၊ ရန်ကုန်တက္ကသိုလ်သည် အာရှနိုင်ငံများတွင် တည်နေရာအားဖြင့် အကောင်းဆုံးဖြစ်ကြောင်း၊ ထို့ကြောင့်တက္ကသိုလ်များ တည်ဆောက်ရန် အတွက် နေရာများရွေးချယ်ရာတွင် နေရာရွေးချယ်မှုမှန်ကန်စေရေး အဘက်ဘက်မှ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန်လိုကြောင်း။

မြို့တော်သာယာလှပရေးအတွက် ဆောင်ရွက်ရာတွင် အခြေခံအကြောင်းအရာ များအား ထည့်သွင်းစဉ်းစား၍ မြို့တော်သာယာလှပစည်ကားစေရေးဆောင်ရွက်ရန် လိုကြောင်း၊ နိုင်ငံတကာဆက်ဆံရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များဆောင်ရွက်ရာ တွင်လည်း နေပြည်တော်သည် ဗဟိုဌာနဖြစ်ရမည်ဖြစ်သဖြင့် စနစ်တကျစီမံခန့်ခွဲရန် လိုကြောင်း၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရာတွင် လေကြောင်း ကုန်စည်သယ်ယူပို့ဆောင်ရေးစနစ် (Cargo) လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် အထိပါ ထည့်သွင်းတွက်ချက် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကိုအခြေခံသည့် စက်မှုလုပ်ငန်းများဆောင်ရွက် ရာတွင်လည်း ထုတ်ကုန် များအားလေဆိပ်သို့ အလွယ်တကူပို့ဆောင်နိုင်သည့် နေရာများရွေးချယ်ရန်လိုအပ် ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေတွင် လူဦးရေသန်း ၂၀ အထိနေထိုင်နိုင်ရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သဖြင့် မြို့ပြစီမံကိန်းများတည်ဆောက်ရာတွင် မြို့ပတ်ရထားလမ်းများ၊ ဘတ်စ်ကားလမ်းများ၊ လျှပ်စစ်ဘတ်စ်ကားလမ်းများနှင့် မြေအောက်ရထားလမ်းများ တည်ဆောက်နိုင်ရေးအတွက်ပါ ကြိုတင်စီမံဆောင်ရွက် ထားရန်လိုကြောင်း၊ နေပြည်တော်ဘူတာကြီးအား တစ်နိုင်ငံလုံး၏ ဗဟိုချက် ဖြစ် အောင် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ လေကြောင်းပို့ဆောင်ရေးစနစ်များသည်လည်း နေပြည်တော်ကို ဗဟိုပြု၍ ဆောင်ရွက်နိုင်ရမည်ဖြစ်ကြောင်း၊ နေပြည်တော်ရှိလမ်းများ အဆင့်မြှင့်တင်မှုများဆောင်ရွက်ရန်လိုအပ်ကြောင်း။

ဝန်ထမ်းအိမ်ယာများ စည်ကားစေရေးအတွက်လည်း ရပ်ကွက်များ ပြန်လည် ဖွဲ့စည်းခြင်းနှင့် ပလက်ဖောင်းများ စနစ်တကျပြုပြင်ခြင်းများ ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ သာမန်လူနေရပ်ကွက်များတွင် အိမ်ယာများဆောက်လုပ်ရာ၌ အထပ်မြင့် ဆောက်လုပ်မှု၊ လမ်းအကျယ်၊ လူနေဧရိယာများနှင့် ပန်းခြံများဆောက်လုပ်နိုင်ရေး အတွက်လည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ နေပြည်တော်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ စီးပွားရေး၊ စက်ရုံအလုပ်ရုံများ၊ သန့်ရှင်းသာယာလှပရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတို့တွင် စံနမူနာပြဖြစ်ရမည်ဖြစ်ကြောင်း၊ အလားတူ နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်နိုင်သည့် ဥပ္ပါတသန္တိ စေတီတော်၊ သတ္တသတ္တာဟ စေတီတော်၊ မဟာသကျရံသီဘုရား၊ လက်ရှိ တည်ဆောက်နေသည့် မာရဝိဇယ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး နှင့် တိုင်းရင်းသားကျေးရွာ၊ ရေပန်းဥယျာဉ်နှင့် တိရစ္ဆာန် ဥယျာဉ်တို့ ရှိသော်လည်း ကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင်နိုင်သည့် တာဝါကဲ့သို့သော အဆောက်အဦများ ထပ်မံ တည်ဆောက်သွားရန်လိုအပ်ကြောင်း၊ ကမ္ဘာကြီးတစ်ရှိန်ထိုး တိုးတက်နေသကဲ့ သို့ မိမိတို့နေပြည်တော် ကောင်စီနယ်မြေသည်လည်း အမြဲမပြတ်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရန် လိုကြောင်းဖြင့်မှာကြား သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော် ပြည်ထောင်စုနယ်မြေဆိုင်ရာ အချက်အလက်များ၊ မြေအသုံးချမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေအနေ၊ ဒေသတွင်း ဝမ်းစာဖူလုံမှု၊ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု၊ စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှု၊ မြို့ပြအင်္ဂါရပ်များနှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ထားရှိမှုနှင့် ဆောင်ရွက်ရန် လိုအပ်သည့်ကဏ္ဍများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကောင်စီဝင်နှင့် ပြည်ထောင်စု ဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများကို ဖြည့်စွက်ရှင်း လင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ရာတွင် နိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသည့် ပကတိအခြေအနေများနှင့် ကိုက်ညီအောင် လက်တွေ့ကျသည့် အခြေခံအချက်များကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နေပြည်တော်ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပညာရေးကဏ္ဍတို့တွင် စံပြမြို့တော် ဖြစ်စေရေးအတွက် လိုအပ်သည့် သိပ္ပံကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ ဖွင့်လှစ် နိုင်ရေး၊ အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် အောင်ချက်မြင့်မား စေရေးတို့အတွက် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နောင်အနာဂါတ်တွင် နေပြည်တော်၌ မြို့နေလူဦးရေတိုးပွားပြီး မော်တော်ယာဉ်များ၊ မီးရထားများ၊ လျှပ်စစ် ရထားများ၊ လျှပ်စစ်ကားများ တိုးချဲ့ပြေးဆွဲလာသည့်အခါ ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ် ပေါ်စေရန် နည်းလမ်းရှာဖွေ ဆောင်ရွက်ရန် လိုအပ် ကြောင်းလမ်းညွှန်မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ကနိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် နေပြည်တော်ဖွံ့ဖြိုးရေး အတွက် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်ပြီး နေပြည်တော်အား စံပြအဖြစ်ဆောင်ရွက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မီးခိုးမထွက်သည့်စက်မှုလုပ်ငန်းများကို ဆောင်ရွက် နိုင်ပြီး မြို့သည် သန့်ရှင်းသပ်ရပ်နေရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်ရရှိရန်လိုအပ်ပြီး လျှပ်စစ် ကိုအခြေခံသည့် လျှပ်စစ်ဘတ်စ်ကားလုပ်ငန်းများနှင့် မြို့ပတ်ရထားလမ်းများ၊ မြေအောက်ရထားလမ်းများဖြင့် မြို့အားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ နေပြည်တော်အတွင်းလျှပ်စစ် ဘတ်စ်ကားနှင့် လျှပ်စစ်ကားများ ပြေးဆွဲနိုင်ရေးဆောင်ရွက်ပြီး ထိုမှတစ်ဆင့်တစ်နိုင်ငံလုံး အသုံးပြုနိုင် သည်အထိ ထည့်သွင်း စဉ်းစားရန်လိုကြောင်း၊ အဓိကအားဖြင့် နေပြည်တော်ရှိ ပြည်သူလူထု၏ဘဝမြှင့်တင်ရေး အထောက်အကူရရှိစေရန် ဦးတည်ဆောင်ရွက်သွား ရန်လိုကြောင်း၊ နေပြည်တော်တွင် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါကြွယ်ဝရေး များစွာလိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရည်မြှင့်တင် ရေးအတွက် တိုက်တွန်းပြောကြားခြင်းဖြစ်ကြောင်း၊ ပညာတတ်မှသာ အတွေး အခေါ်များ မြင့်မားပြီး ကျွမ်းကျင်အလုပ်သမား Skill Labour များကို မွေးထုတ် ပေးနိုင်မည်ဖြစ်ကြောင်း။
နေပြည်တော်ကောင်စီအနေဖြင့် စီမံကိန်းအလိုက်ပေးထားသည့် မြေနေရာများ တွင် လုပ်ငန်းများအမှန်တကယ် ဆောင်ရွက်ခြင်းရှိ/မရှိ စိစစ်ကြပ်မတ်ဆောင်ရွက် နေရန်လိုကြောင်း၊ စက်မှုဇုန်များနှင့်ပတ်သက်၍ Skill Labour များရရှိစေရေး Certificate များဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ပစ္စည်းများ နိုင်ငံအတွင်း၌ ဈေးကွက်ဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လမ်းများဖောက် လုပ်မှုနှင့်ပတ်သက်၍ လမ်းများမှာ နိုင်ငံတကာမှလက်ခံသည့် စံချိန်စံညွှန်း မီရန်လိုအပ် ကြောင်း၊ နောင်တစ်ချိန်တွင် လမ်းများတိုးချဲ့နိုင်ရေး ဆောင်ရွက် နိုင်ရန်အတွက် ကြိုတင်တွက်ချက် ဆောက်လုပ်ရန်လိုသကဲ့သို့ လမ်းပခုံး များထည့်သွင်းတည်ဆောက် ရာတွင်လည်း လမ်းများ၏အဆင့်အလိုက် အဆင့်မီအောင်ထည့်သွင်း ဆောင်ရွက် ရန်လိုကြောင်း။

နေပြည်တော်တွင် သစ်တောဖုံးလွှမ်းမှု ဧရိယာလျော့နည်း ကျဆင်းမသွားရန် ထိန်းသိမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့မှသာ ရာသီဥတုမျှတမည်ဖြစ်ကြောင်း၊ စိုက်သင့်သည့်နေရာများတွင် သစ်တောသစ်ပင်များ ပြန်လည်စိုက်ပျိုးသွားရန် လိုအပ် ကြောင်း၊ စိုက်ပျိုးရေးဇုန်နှင့် မွေးမြူရေးဇုန်များတွင် အမှန်တကယ် စိုက်ပျိုးမွေးမြူရန်နှင့် စည်းကမ်းနှင့်အညီ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ခေတ်မီသည့် စက်မှုလယ်ယာ စိုက်ပျိုးစနစ်ကို ဖော်ဆောင်သွားရန်နှင့် ဒေသခံတောင်သူများကို လိုအပ်သည်များ ဖြည့်ဆည်းပံ့ပိုးပေးသွားရန်လိုကြောင်း၊ နေပြည်တော်ကို တစ်နိုင်ငံလုံး၏ စိုက်ပျိုးမွေးမြူရေး တွင် စံပြဒေသဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် ရေ၊ မြေ၊ မျိုး၊ နည်းစနစ် ကောင်းမွန်ရန်လို အပ်ကြောင်း၊ တောင်သူများ သဘာ၀မြေဩဇာ အသုံးချနိုင်ရေး နိုင်ငံတော် အစိုးရ အနေဖြင့် နည်းပညာ ကူညီဆောင် ရွက်ပေးရန် လိုအပ်ကြောင်း။
မွေးမြူရေးသုတေသနဦးစီးဌာန ဖွဲ့စည်းဆောင်ရွက်ရေးကို အမြန်ဆုံး ဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ တက္ကသိုလ်တွင် စိုက်ပျိုးရေး အင်ဂျင်နီယာ ဘာသာရပ် သင်ကြားနိုင်ရေးကို စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မျိုးစေ့ပြပွဲများ၊ နွားပြပွဲများ ပြသနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး မွေးမြူးရေး အပိုင်းတွင် အသား စားနွားနှင့် နို့စားနွားများကို အဓိကထား မွေးမြူသွားရ မည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်တွင် နွားနောက် မွေးမြူရေးကို အောင်မြင်အောင် စနစ်တကျ ဆောင်ရွက်ပြီး ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွားရန် လိုကြောင်း။

နေပြည်တော်သည် ဖွံ့ဖြိုးတိုးတက်ပြီး သန့်ရှင်းသာယာလှပမှသာ ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာ အခမ်းအနားများကိုလည်း နေပြည်တော် တွင်သာ ကျင်းပနိုင်ရေး ဦးတည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အိမ်သာမှ ဧည့်လာ မည်ဖြစ်ကြောင်း၊ သို့အတွက် ဆက်သွယ်သွားလာမှုစနစ်တွင်လည်း နေပြည်တော် ကိုဗဟိုပြု၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထို့ပြင် ဆက်သွယ် ရေးစနစ် ကောင်းမွန်စေရန်အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍လည်း စံနမူနာပြ ကောင်းမွန်နေရန်လိုအပ်ကြောင်း၊ နေပြည် တော်တွင် လျှပ်စစ်ကားပြေးဆွဲနိုင်ရေးကို မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ စာတိုက် စနစ်နှင့် ပတ်သက်ပြီး ကောင်းမွန်နေရန်နှင့် စာဖြန့်ဝေမှုစနစ် လျှင်မြန်သွက်လက်စေရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အထက် ပေါင်းလောင်းဆည်တွင်ငါး၊ ပုဇွန်မွေးမြူနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန များအနေဖြင့် ကွင်းဆင်းစိစစ်ဆောင်ရွက် သွားရန်လိုကြောင်း၊ နေပြည်တော်နှင့် ရန်ကုန်မြို့ တို့တွင် မီးရထားပြတိုက်တည်ဆောက် နိုင်ရေးအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နေပြည်တော်ကို Green City ၊ Clean City ၊ Smart City အဖြစ် သန့်ရှင်း၊ သန့်ရပ်၊ သာယာ၊ လှပ စိမ်းလန်း၊ စိုပြည် သည့် မြို့တော်တစ်ခုဖြစ်စေရေးအတွက် အဖက်ဖက်မှ စဉ်စားသုံးသပ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိသည်။