နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး

နေပြည်တော်၊ ဧပြီ - ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများအား နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။

 တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နေပြည်တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တနင်္သာရီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို၊ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ပအိုဝ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တားသိန်းဇော်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသများတွင် ရောက်ရှိပြီးဖြစ်သည့်  COVID -19 ကာကွယ်ဆေးများ ပြည်သူများအမြန်ဆုံးထိုးနှံနိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ CDM ပြုလုပ်မှုများကြောင့် ကျန်းမာရေးဝန်ထမ်းလိုအပ်လျက်ရှိသည့် ဒေသများတွင် နယ်မြေခံ တပ်များမှ ဆေးမှူးများ၊ သူနာပြုများနှင့်ပေါင်းစပ်၍ ပြည်သူများ COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကမ္ဘာပေါ်တွင် COVID-19 ကြောင့်သေဆုံး မှုနှုန်း လျော့နည်းမှုမရှိသေးကြောင်း၊ မိမိတို့နိုင်ငံတွင် ရောဂါကူးစက်မှုနှုန်းနှင့်သေဆုံးမှု လျော့နည်းလာသော်လည်း မပေါ့ဆရန်လိုပြီး ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်သင့်သည် များကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ COVID-19 ကာကွယ်ဆေးထိုးထားသော်လည်း ရောဂါကူးစက်နိုင်သေးသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင်ဆောင်ရွက်ကြရန်လိုကြောင်း၊ နှစ်သစ်ကူး ကာလမတိုင်မီ COVID-19 ရောဂါကာကွယ်ဆေး အလုံးရေ ၅ သိန်း ဆက်လက်ထိုးနှံရန် ရှိကြောင်း။

 ပြည်သူများစီးပွားရေးကောင်းမွန်မှသာ စိတ်ချမ်းသာစွာဖြင့် နေထိုင်နိုင်ကြမည်ဖြစ်ကြောင်း၊ ပြည်သူများဝင်ငွေရရှိစေရန် စက်ရုံအလုပ်ရုံများ၊ လုပ်ငန်းများ ပြန်လည်လည်ပတ်ရန်လိုသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖြည့်ဆည်းပေးနိုင်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး ရန်လိုကြောင်း၊ COVID-19 ဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုများဖြစ်ပေါ်နေချိန်တွင်  ဆူပူမှုများ ကြောင့် စီးပွားရေးထိခိုက်မှုများ မရှိအောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများ အလုပ် အကိုင်များရရှိ၍ ဝင်ငွေကောင်းမွန်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများ စီးပွားရေး ကောင်းမွန်မှသာ တိုင်းပြည်တိုးတက် အေးချမ်းမည်ဖြစ်ကြောင်း။

ပညာသင်ကြားရေးနှင့်ပတ်သက်ပြီး မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ်အတွင်း ကောက်ခံထား သည့် စာရင်းများအရလုံးဝကျောင်းမနေဘူးသူ ၃ ဒသမ ၇ သန်းရှိကြောင်း၊ အဆိုပါ ကျောင်း မနေဘူးသူများသည် ပြည်နယ်များမှအများဆုံးဖြစ်ကြောင်း၊ မိမိတို့တာဝန်ယူ ဆောင်ရွက် နေရသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ကိုယ်အုပ်ချုပ် ခွင့်ရဒေသများအတွင်းရှိ ပြည်သူပြည်သားများ ပညာတတ်များဖြစ်အောင် ဆောင်ရွက်ပေးရန်လို ကြောင်း၊ ပညာသင်ကြားရေးသည် လူမှုရေးကိစ္စဖြစ်ပြီး ပြည်သူများစာတတ်မြောက်ရေး အတွက် စာဖတ်ဝိုင်းများပြုလုပ်ပေးရန်လိုကြောင်း၊ ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ရဟန်း သံဃာတော်များအနေဖြင့် ဘာသာရေးနှင့်ပတ်သက်၍ စိတ်မချမ်းမြေ့မှုများ ဖြစ်ပေါ်ခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ ရဟန်းသံဃာများ စိတ်လက်ချမ်းသာစွာ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များအား ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဗုဒ္ဓဘာသာ ကိုးကွယ်မှု ၈၇ ရာခိုင်နှုန်းရှိပြီး ဂုဏ်ထူးဝိသေသနှင့်လျော်ညီသည့် ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံ တစ်ခုဖြစ်ကြောင်း၊ အခြားဘာသာဝင်များကိုလည်း စိတ်ချမ်းမြေ့စွာဖြင့် သက်ဆိုင်ရာဘာသာရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ အခုအခါ မိမိတို့နိုင်ငံရှိ လူငယ်အများစုသည် ယဉ်ကျေးမှုများပျက်ပြားလာပြီး မိမိ၏မိဘကိုပင်စွန့်လွှတ်ခြင်း၊ ဘုန်းတော် ကြီးများနှင့် ဆရာ၊ ဆရာမများကို ရိုင်းစိုင်းစွာစော်ကားခြင်းများအထိ ပြုလုပ်လာသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံရှိ လူငယ်များစာရိတ္တကောင်းမွန်ရေးနှင့် ယဉ်ကျေးလိမ္မာမှုရှိစေရေး ပြန်လည်တည့် မတ်ပေးရန်လိုကြောင်း၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA)မှလည်း လူငယ်များ ယဉ်ကျေးလိမ္မာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာပညာရပ်များ တတ်ကျွမ်း စေရေးအတွက်လည်း သင်တန်းများဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ ဘာသာတရားများနှင့်အညီ ယဉ်ကျေးလိမ္မာမှုရှိစေရေး တာဝန်ရှိသူများက ဝိုင်းဝန်းထိန်းသိမ်း ပေးရန်လိုကြောင်း။

နိုင်ငံစီးပွားရေးကောင်းမွန်မှသာမိမိတို့နိုင်ငံ၏ငွေကြေးတန်ဖိုး ခိုင်မာလာမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလိုငွေပြနေခြင်းများကြောင့် ယခုအခါမိမိတို့ငွေကြေးတန်ဖိုးကျဆင်း နေသည်ကို တွေ့ရကြောင်း၊ နိုင်ငံစီးပွားတိုးတက် ကောင်းမွန်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်များ ဆောင်ရွက်၍ ထုတ်ကုန်များထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် မိမိတို့ဒေသများနှင့် ကိုက်ညီသည့် ထုတ်ကုန်များထုတ်လုပ် ခြင်းဖြင့် ကုန်သွယ်မှု တိုးတက်လာမည်ဖြစ်ကြောင်း၊ သယံဇာတများထုတ်ယူသုံးစွဲခြင်းထက် စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များအား ပြည်ပနိုင်ငံများသို့တင်ပို့၍ စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အလားတူ သမဝါယမလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန်လို ကြောင်း၊ အခြားနိုင်ငံများတွင်လည်း သမဝါယမစနစ်ဖြင့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင်ရှိပြီးဖြစ်သည့် မြေခံ၊ ရေခံနှင့် လူ့စွမ်းအားအရင်းအမြစ်များအား အသုံးချရန်လိုကြောင်း၊ အခြေခံလူတန်းစားများ အလုပ် အကိုင် ရရှိအောင် ဆောင်ရွက်ပေးပြီး စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့အစိုးရအနေဖြင့် မူဝါဒများ ချမှတ်ပေးမည်သာဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ရန် လိုကြောင်းမှာကြား သည်။

ထို့နောက် တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌများက မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဆူပူဆန္ဒပြမှုများ ဖြစ်ပွား ခဲ့မှုနှင့်ဆူပူမှုများလျော့နည်းလာမှု၊ ကျန်းမာရေးဝန်ထမ်းအချို့ CDM ပြုလုပ်မှုကြောင့် ပြည်သူများ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်မှု အခက်အခဲဖြစ်ပေါ်ခဲ့သဖြင့် နယ်မြေခံတပ်မတော်ဆေးရုံ များမှ ဆေးမှူများ၊ သူနာပြုများဖြင့်ပူးပေါင်း၍ ပြည်သူများကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေးနေမှုနှင့် ပိတ်ထားသည့်ဆေးရုံအချို့ပြန်လည် ဖွင့်လှစ်နိုင်ရေးဆောင်ရွက် နေမှု၊ ပြည်သူများ၏ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဘာသာရေးဆိုင်ရာများ ဆောင်ရွက်ပေးနေမှု၊ ဘဏ်များဖွင့်လှစ်နေမှု၊ COVID-19 ရောဂါကာကွယ်ရေးဆောင်ရွက်နေမှု၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နယ်စပ်ဒေသကုန်သွယ်ရေးဆောင်ရွက်နေမှု၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန် အောင်ဆောင်ရွက်နေမှု၊ ပြည်သူများမှတ်ပုံတင်ရရှိရေး ဆောင်ရွက်ပေးနေမှု၊ စက်ရုံအလုပ်ရုံ အနည်းငယ်မှအပ ကျန်သည့်စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်နေမှု၊ တိုက်ပွဲရှောင်ပြည်သူများ အား ထောက်ပံ့ပေးနေမှုနှင့် နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ကိုဗစ်ကာလဖြစ်သည့်အတွက်သင်္ကြန်ပွဲတော်နှင့်ပတ်သက်ပြီး သင်္ကြန်မဏ္ဍပ်များ ဆောက် လုပ်ခွင့်မပြုဘဲ စည်းကမ်းများနှင့်အညီ ရေပက်ကစားခြင်းအား ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ အားကစားပွဲများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြင်ပအားကစားပွဲများ ကျင်းပပြုလုပ်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုနှင့် စိတ်ဓာတ်မြင့်မား မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ပတ်သက်၍ One Village ၊ One Product ဆိုသည့်အတိုင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တန်ဖိုးမြင့်ထုတ်ကုန်ပစ္စည်းများအား အရည်အသွေးမီစွာဖြင့် ထုတ်လုပ်စေလိုကြောင်း၊ ထိုသို့ထုတ်လုပ်နိုင်ပါက ခရီးသွားလုပ်ငန်း များနှင့် ပြည်ပပို့ကုန်များ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ဒေသအလိုက် စီးပွားရေးဖွံ့ဖြိုးရေးဇုန်နှင့် စက်မှုဇုန်များဖွင့်လှစ်၍ လုပ်ငန်းများအား ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်း ရရှိသည်။