နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံ၊ RIA သတင်းဌာနမှ သိရှိလိုသည်များအား လက်ခံဖြေကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း ဇွန် ၂၄ ရက် ဒေသစံတော်ချိန်နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ RIA သတင်းဌာနမှ အထူးသတင်းထောက် Ms. Kukushkina Tatiana အား ခေတ္တတည်းခိုလျက်ရှိသည့် Metropol Hotel ၌ လက်ခံတွေ့ဆုံ၍ သိရှိလိုသည်များကိုဖြေကြားခဲ့သည်။ အဆိုပါမေးမြန်းမှုများနှင့်ဖြေကြားမှုများကို ဖော်ပြလိုက်ရပါသည်-

မေး။     အဆွေတော်ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ယခုလို  မော်စကိုကို   international security conference ကို လာရောက် တက်ရောက်တာဟာဆိုရင် ဒါပထမအကြိမ် မဟုတ်တော့ပါဘူး။  ယခု ၉ ကြိမ်မြောက် တက်ရောက်တဲ့အချိန်မှာလည်း    မနေ့က အဆွေတော်ဗိုလ်ချုပ်မှူးကြီးရဲ့   ဆွေးနွေးဟောပြောမှုမှာ    အာရှပစိဖိတ်ဒေသရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီးတော့   ဆွေးနွေး ဟောပြော သွားခဲ့တာကို   တွေ့မြင်ခဲ့ကြရပါတယ်။ တကယ့်မြေပြင်မှာ  လုံခြုံရေးနဲ့ပတ်သက်ပြီးတော့  ထပ်မံပြီး  ဘယ်လိုအခြေ အနေရှိတယ် ဆိုတာလေး ထပ်လောင်းပြောကြားပေးလို့ရနိုင်ပါသလား။

ဖြေ။  ပထမဦးဆုံးအနေနဲ့ပေါ့နော်။ အာရှပစိဖိတ်ဒေသကတော့ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ အင်မတန်ကို ကမ္ဘာ့အင်အား ကြီးနိုင်ငံတွေစိတ်ဝင်စား လာတဲ့နေရာတစ်ခုဖြစ်တယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ ဒုတိယကမ္ဘာစစ်ကာလတစ်လျှောက် ပစိဖိတ်ဒေသနဲ့ အတ္တလန္တိတ်ဒေသဘက်၊ ဥရောပစစ်မျက်နှာဘက်မှာ ပိုပြီးတော့အရေးပါလာတယ်။ အာရှအရှေ့ဖျားနဲ့ ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်းကာလကျတော့ အာရှပစိဖိတ်က  ကမ္ဘာ့နိုင်ငံကြီးအားလုံး စိတ်ဝင်စားလာခဲ့ကြတယ်။ ဒါကြောင့် လုံခြုံရေးနဲ့ပတ်သက်လို့ရှိရင်  နိုင်ငံရေးနဲ့ပတ်သက်တာဖြစ်ဖြစ် လုပ်ဆောင်ချက်တိုင်းမှာ သတိတော်တော်လေးထားရမယ့်   အနေအထားဖြစ်တယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ ဥပမာအားဖြင့် ဒုတိယကမ္ဘာစစ်ပြီး နောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ ဗီယက်နမ်စစ်ပွဲတစ်ခုရှိတယ်။ ဒါအရှေ့တောင်အာရှဒေသမှာဖြစ်လာတဲ့ အာရှပစိဖိတ်ဒေသရဲ့ Intrest တစ်ခုဖြစ် တယ်။

မေး။ လက်ရှိမျက်မှောက်ခေတ်မှာတော့ လုံခြုံရေးနဲ့ပတ်သက်လို့ရှိရင်  ဘယ်လိုအန္တရာယ်တွေများ ရင်ဆိုင်နေရပါသလဲ။

ဖြေ။ အန္တရာယ်ကတော့ အမျိုးမျိုးပဲ။ အကြမ်းဖက်တိုက်ခိုက်မှုတွေလည်းရှိလာတယ်။ နောက်တစ်ခါနိုင်ငံတွေအပေါ်မှာ နိုင်ငံရေး အရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ နောက်တည်ငြိမ်အေးချမ်းရေးအတွက်သော်လည်းကောင်း၊ လွှမ်းခြုံမှု တွေ၊ ကြိုးစားမှုတွေ၊  ဒါတွေအများကြီးတွေ့လာရတယ်။ ဒါတွေလည်း အန္တရာယ်ရှိတယ်လို့ ကျွန်တော်ပြောလိုပါတယ်။

မေး။  အဆွေတော်ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဒီတစ်ခေါက်ရုရှားနိုင်ငံ ခရီးစဉ်မှာလည်း ရုရှားဖက်ဒရေးရှင်း နိုင်ငံကာကွယ်ရေး ဝန်ကြီး  Army General Sergey Kuzhugetovich Shoigu နဲ့တွေ့ဆုံပြီးတော့ စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်ဖို့  ကဏ္ဍတွေမှာ    ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ ဒီလိုမျိုးဆွေးနွေးခဲ့ကြတဲ့အချိန်မှာ  စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ်သက်ပြီးတော့ မည်ကဲ့သို့သောကဏ္ဍသစ်တွေ ဆက်လက်ဆောင်ရွက်သွားဖို့ရှိနေပါသလဲ။ ဘယ်လို သတင်း အသစ်များ ရှိနေပါသလဲ။

ဖြေ။  ကဏ္ဍတွေကတော့ အများကြီးဗျ။ လုပ်ရတဲ့ကဏ္ဍတွေကအကျယ်ကြီး။ ဆွေးနွေးတဲ့အကြောင်းအရာတွေလည်း အများကြီးရှိ တယ်။ အဲဒီတော့ အသစ်ဆိုတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ လက်ရှိလုပ်ဆောင်နေတဲ့ဟာကိုပဲ တိုးချဲ့လုပ်ဆောင်ဖို့ပဲ ကျွန်တော်တို့ ဆွေးနွေးတာတွေရှိတယ်။ အသစ်သွားဖို့တော့ ကျွန်တော်တို့မရှိဘူး။ စလုပ်ကတည်းကကို  နယ်ပယ်ပေါင်းစုံက ကျယ်ပြန့်တယ်။

မေး။ ဘယ်လိုနယ်ပယ်တွေမှာ ထပ်မံပြီးတော့ တိုးချဲ့သွားဖို့စီစဉ်ထားပါသလဲ။

ဖြေ။ မနေ့ကဆိုရင် လေကြောင်းရန်ကာကွယ်ရေးနဲ့ ပတ်သက်တာပေါ့နော်။ ဒါလေး ကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်။ ထူးထူး ခြားခြား ဆွေးနွေးတယ်လို့မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာကိုဒုက္ခပေးနိုင်တာက  လေကြောင်းရန်နဲ့ပတ်သက်တာက ဒုက္ခပေးနိုင်တာ အလားအလာတွေက အများကြီးရှိတယ်။ ဒါကြောင့် လေကြောင်းရန်နဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက လေတပ်ဖွဲ့ဆို တာ အင်အားအင်မတန်ကို  ကြီးမားအောင်လုပ်နိုင်ဖို့အတွက် ဓနအင်အားကလည်း ကျွန်တော်တို့မှာမရှိဘူး။ မရှိတော့ Air Defence ကိုပိုပြီးတော့မှ ကျွန်တော်တို့အဓိကထားတာပါ။ မနေ့က  ကျွန်တော်တို့ဆွေးနွေးတဲ့ အကြောင်းအရာထဲမှာပါပါတယ်။

မေး။ ရုရှားနိုင်ငံနဲ့   မြန်မာနိုင်ငံဆိုတာကလည်း   စစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးတစ်ခုတည်းနဲ့ရပ်တန့်နေမှာမဟုတ်တဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်ကြပါတယ်။ ဒီစစ်ဘက်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအပြင် အခြားဘယ်လိုကဏ္ဍတွေမှာ ဆက်လက် တိုးမြှင့်ဆောင်ရွက်သွားဖို့   စီစဉ်ထားပါသလဲ။

ဖြေ။ နယ်ပယ်ပေါင်းစုံရှိတယ်ဗျ။ ဥပမာအားဖြင့် တပ်မတော်ရေတပ်ပိုင်းဆိုင်ရာတိုးချဲ့ဆောင်ရွက်တာတို့၊ ဆက်သွယ်ရေးပိုင်းဆိုင်ရာ   တိုးချဲ့ဆောင်ရွက်တာတို့၊ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတို့ ဒါတွေလည်းရှိပါတယ်။ အသေးစိတ်ပြောရမယ်ဆိုရင် တော့ အများကြီးရှိတာပေါ့ဗျာ။

မေး။ လက်ရှိ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးအခြေအနေနဲ့ပတ်သက်တဲ့ မေးခွန်းလေးတစ်ခုမေးခွင့်ပြုပါ။ လက်ရှိကမ္ဘာ့သတင်း မီဒီယာ တွေမှာ မြန်မာနိုင်ငံအကြောင်းကို ရေးသားနေကြတာဟာဆိုလို့ရှိရင် မိမိတို့ရုရှားနိုင်ငံအနေနဲ့သိရှိထားတဲ့ မြန်မာနိုင်ငံမှာ တကယ့် ဖြစ်ပျက်နေတဲ့ အမှန်တရားတွေနဲ့  အရမ်းကိုကင်းကွာလွန်းပါတယ်။ ဘာကြောင့်များ ကမ္ဘာ့မီဒီယာတွေက ဒီလို အမှန်တရားကို မရေးဘဲနဲ့ ဆန့်ကျင်ဘက်ကိုပဲ ရေးနေရတာလဲ။ ဒီအကြောင်းရင်းကို အဆွေတော် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။  အဓိကကတော့ ကျွန်တော်တို့ လက်ရှိစီမံဆောင်ရွက်နေတဲ့ကိစ္စရပ်တွေပျက်ပြား စေလိုတဲ့စိတ်နဲ့  သူတို့လိုလားတဲ့သူတွေ နေရာရဖို့အတွက်ကို ဆောင်ရွက်တဲ့အနေအထားမျိုးလို့ ကျွန်တော်ကတော့ယူဆတယ်။

မေး။ အနောက်နိုင်ငံတွေကိုဆိုလိုတာပါလား။

ဖြေ။ မှန်ပါတယ်။

မေး။ အနောက်နိုင်ငံတွေအနေနဲ့ သတင်းမီဒီယာတွေမှာပဲ ရေးသားနေတာလား။ ဒါမှမဟုတ် သူတို့နိုင်ငံ သံတမန်ရေးအနေနဲ့ ဒီလိုမျိုး သတင်းအမှားတွေထုတ်လွှင့်ပြောကြားနေကြတာမျိုး ရှိပါသလား။

ဖြေ။ ရှိတာပေါ့။ အများကြီးရှိတာပေါ့။ လုပ်နေကြတာတွေ။ သံတမန်လောကကလည်း လုပ်နေကြတယ်။ နောက်ကုလသမဂ္ဂ အမည်ခံထားတဲ့ အဖွဲ့အစည်းတွေလည်းလုပ်နေကြတာပဲ။ NGO၊ INGO အဖွဲ့တွေလည်း လုပ်နေကြတာပဲ။ သတင်းမီဒီယာ လောက ကလည်း လုပ်နေကြတာပဲ။

မေး။ ရုရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာတွေ့ရှိချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ရာထူးမရှိပါဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေမှာမရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးနဲ့ အချိန်အကြာကြီး နိုင်ငံမှာအာဏာတစ်ခုကိုယူထားခဲ့ပါတယ်။ ဒီလိုမျိုးအခြေအနေတွေက ဘာကြောင့်ဖြစ်ပေါ်လာတာလဲ။  ဘာလို့ သူမကဒီလိုမျိုး စဉ်းစားပြီးတော့ လုပ်ခဲ့တယ်လို့ထင်ပါသလဲ။

ဖြေ။  နိုင်ငံတော်အတိုင်ပင်ခံ ရာထူးမျိုးဆိုတာကတော့ ကိုယ့်ဟာကို ဖန်တီးယူတဲ့ဟာမျိုးပါ။ ဥပဒေမှာတော့ ပုဒ်မတစ်ခုရှိတယ်။ အဖွဲ့အစည်းတစ်ခုခု ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ယောက်ကို တာဝန်ပေးနိုင်တယ်ဆိုတဲ့ပုဒ်မတစ်ခုရှိတယ်။ အဲဒီပုဒ်မအရသူတို့ပေးတာ။ သို့သော်လည်းပဲ လုပ်လို့ရတဲ့လုပ်ပိုင်ခွင့်တွေရှိတယ်။ လုပ်ပိုင်ခွင့်တွေအရတော့ လုပ်နေကြတဲ့ ကျွန်တော်တို့မှာ  အာဏာ ၃ ရပ်ရှိတာပေါ့။ တရားဥပဒေနဲ့ပတ်သက်တဲ့ ဥပဒေပြုရေးအာဏာရှိတယ်။  အုပ်ချုပ်ရေးအာဏာရှိတယ်။ နောက်တစ်ခါ  တရားစီရင် ရေးအာဏာရှိတယ်။ ဥပဒေပြုရေးရယ်၊ အုပ်ချုပ်ရေးရယ်၊ တရားစီရင်ရေးရယ်။ ဒီအာဏာ ၃ ရပ်အပေါ် လွှမ်းခြုံတဲ့ဟာမျိုးတော့ ဘယ်သူမှလုပ်လို့မရဘူး။ သူက အမြင့်ဆုံးပဲ။ သူကအမြင့်ဆုံးအဖွဲ့အစည်းတွေပဲ။ ဒါကိုဘယ်သူမှ ကျော်လွှားလို့မရဘူး။ ဥပဒေ ပြဋ္ဌာန်းတဲ့အခါမှာ   ဒီဟာကျော်လွှားပြီးလုပ်ရတဲ့ ဥပဒေမျိုး ပြဋ္ဌာန်းလို့တော့  ဘယ်လိုမှလုပ်လို့မရဘူး။ ဒါပေမဲ့ ဒီပြဋ္ဌာန်းထားတဲ့ ဥပဒေကို ကျော်လွန်ပြီးတော့ သူကလုပ်လို့ သူကဒီလိုဖြစ်လာတာ။ အဲဒီမှာ ကျွန်တော်ပြောချင်တာက  ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ-၅၉ (စ)မှာ ဖော်ပြထားတဲ့ဟာ တစ်ခုရှိတယ်။ အဲဒါဘာလဲဆိုတော့ မြန်မာနိုင်ငံသားတစ်ယောက်ဟာ    နိုင်ငံခြားသား တစ်ယောက်နဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့  သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေဖြစ်တယ်။ သူက အဲဒီကန့်သတ်ချက်ထဲမှာ ငြိနေတာရှိပါတယ်။ သူသည် သမ္မတဖြစ်နိုင်ခွင့် အရည်အချင်းထဲမှာ  ငြိစွန်းနေတာ  လုပ်လို့မရပါဘူး။ လုပ်လို့မရတော့ သူက အတိုင်ပင်ခံပုဂ္ဂိုလ် ဆိုတဲ့ဥပဒေကို ပြဋ္ဌာန်းပြီးတော့မှ ပြန်လုပ်လိုက်တာပေါ့။ ဒါပေမဲ့ နိုင်ငံတော်သမ္မတရဲ့ အရည်အချင်းသတ်မှတ်ချက်နဲ့  ဒုတိယသမ္မတတစ်ယောက်ရဲ့ အရည်အချင်း သတ်မှတ်ချက်တွေမှာ အစောကပြောတဲ့ ၅၉(စ)နဲ့ ပတ်သက်တဲ့ဟာတွေက အကျုံးဝင်တဲ့သူဖြစ်တယ်။ သူ့ကို ကျွန်တော်တို့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ပြီးတဲ့ အချိန်မှာ သူရဲ့ protocol တန်းစီတဲ့အခါမှာ သမ္မတနဲ့ဒုတိယသမ္မတကြားမှာရှိတယ်ဆိုပြီးတော့ သူကထည့်လိုက်တာ။ ပြန်တမ်းနဲ့ ထည့်ထားတာ။ ဒါဟာ အဲဒါဆိုရင် အလိုအလျောက် ခုန ၅၉(စ)နဲ့ပတ်သက်တဲ့သူ အကျုံးဝင်တဲ့လူပဲ ဖြစ်ရမယ်။ အဲဒါကို ဥပဒေကဘယ်လိုပဲရှိရှိ။ သူက  ဒါကိုရှောင်ရှားချင်လို့။  ဒါပေမဲ့ တကယ်တော့   ဥပဒေနဲ့ငြိနေတယ်။ ဒီတစ်ချက်ကိုက မလွတ်ပါဘူး။  ပြန်ပြီးပြည့်စုံအောင်ပြောရလို့ရှိရင် ကျွန်တော်တို့နိုင်ငံမှာတော့ ဝါစဉ်စီတာရှိတယ်။ သမ္မတပြီးရင် ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ။ ၂၅ ဆင့်ရှိတယ်။ နိုင်ငံတကာမှာလည်းရှိတယ်။ ခင်ဗျားတို့နိုင်ငံမှာလည်း သမ္မတပြီးလို့ရှိရင် ဒုတိယတာဝန်အရှိဆုံးဘယ်သူလဲ။ တတိယတာဝန်အရှိဆုံးသူဘယ်သူလဲ။ protocol တွေ စီလိုက်တာရှိတယ်။ တရားဝင် စာထုတ်ပေးတာပေါ့။ အဲတော့ သူက  တရားဝင်စာ  နိုင်ငံတော်ပြန်တမ်းထုတ်ပြီးတော့ သမ္မတလက်မှတ်ထိုးထားတဲ့စာထဲမှာ သူသည် ဒုတိယနေရာမှာဖော်ပြထားတယ်။ ဒါကြောင့်  ကျွန်တော်တို့က ဒါဥပဒေနဲ့ငြိတယ်လို့ ကျွန်တော်တို့ ပြောတာ။ သူမဖော်ပြမထားဘဲနဲ့ စာမထုတ်ထားဘဲနဲ့  သူ့ဟာသူ အပြင်မှာ သက်သက်နေရင် ပြဿနာမရှိဘူး။ ဒီမှာ စာနဲ့တရားဝင်ထုတ်ထားတာ။

မေး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး တရားစွဲဆိုမှုတွေရှိတယ်ဆိုတာ သိရပါတယ်။ သူမကိုဘယ်လိုပြစ်မှုမျိုးနဲ့ ဘယ်လို ပြစ်ဒဏ်ချမှတ်နိုင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ပနိုင်ငံတွေက တောင်းဆိုမှုတွေရှိခဲ့ပါသလား။ ရှိခဲ့တဲ့နိုင်ငံတွေနဲ့ တောင်းဆိုမှု တွေကို အနည်းငယ်ရှင်းပြပေးစေလိုပါတယ်။

ဖြေ။  ကျွန်တော်က တရားသူကြီးမဟုတ်တော့လည်း ခက်တယ်လေပြောရတာ။ အဲဒါ တရားရုံးကနေပြီးတော့သူ့အပေါ်မှာ    စွပ်စွဲထားတဲ့ အချက်တွေ အပေါ်မှာ တရားသူကြီးက ဆင်ခြင်တုံတရားနဲ့ စစ်ဆေးမေးမြန်းပြီးတော့ ဆုံးဖြတ်ဆောင်ရွက်ပါလိမ့်မယ်။ တရားစွဲတဲ့အဖွဲ့စည်းတွေကတော့ သူတို့တွေ့ရှိချက်အပေါ် မူတည်ပြီးတော့ သူမအပေါ်မှာ တရားစွဲမှုလုပ်ခဲ့တာပေါ့။ ဒါပေမဲ့ တရားသူကြီးကနေ သူစစ်ဆေးမေးမြန်းပြီးတော့မှ  စဉ်းစားဆုံးဖြတ်ပါလိမ့်မယ်။

မေး။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ အစပိုင်းမှာတော့ ရွေးကောက်ပွဲကို တစ်နှစ်အတွင်း ပြန်လည် ကျင်းပပေးမယ်လို့ ပြောပါတယ်။ မကြာသေးခင်အချိန်က ဗိုလ်ချုပ်မှူးကြီးပြောသွားတဲ့အထဲမှာ ၂ နှစ်အတွင်းမှာ ပြန်လည် ကျင်းပပေးမယ်လို့ပြောပါတယ်။  အဲ့ဒီ အကြောင်းအရာနဲ့ပတ်သက်လို့ အနည်းငယ်ရှင်းပြပေးစေလိုပါတယ်။

ဖြေ။  ရွေးကောက်ပွဲရလဒ်တွေ စိစစ်တာကတော့   ကျွန်တော်တို့က ပထမဆုံး တပ်မတော်က စစ်ပြီးတော့ကြေညာလိုက်တာပါ။  မဲစာရင်းတွေ  မှားနေတယ်လို့ ကြေညာလိုက်တာပေါ့။   အဲဒါတွေကို ကျွန်တော်တို့က  တာဝန်ယူတဲ့အခါမှာ ရွေးကောက်ပွဲကျင်းပရေး ပြည်ထောင်စု ကော်မရှင့်နဃ လို့ခေါ်တဲ့ ကျွန်တော်တို့ ရွေးချယ်တင်မြှောက်ခဲ့တဲ့ကော်မရှင်ပြန်ဖွဲ့ပြီးတော့ ပြန်စစ်ခိုင်းတာပါ။ သူတို့ရဲ့စစ်ဆေးတွေ့ရှိချက်ပေါ်မူတည်ပြီး ကျွန်တော်တို့ ထုတ်ပြန်ကြေညာတာရှိတယ်။ အဲတော့ ဒီလုပ်ငန်းတွေပြီးသွားပြီဆိုရင် ကျွန်တော်တို့က ရွေးကောက်ပွဲပြန်လုပ်ဖို့ ကြေညာခဲ့တာပေါ့။ ၆ လအတွင်းလုပ်မယ် ၁ နှစ်အတွင်း လုပ်မယ်လို့တော့ မဟုတ်ပါဘူး။ အရေးပေါ်ကာလအခြေအနေအတွင်းမှာ ဆောင်ရွက်ဖွယ်ရာကိစ္စများ ပြီးမြောက်ပြီဆိုလို့ရှိရင် ရွေးကောက်ပွဲကျင်းပဖို့ကို ကျွန်တော် ပြန်လုပ်မယ်။ အဲ့ဒီက ရွေးချယ်တင်မြှောက်တဲ့ပါတီက အစိုးရဖွဲ့နိုင်ဖို့အတွက်ဆောင်ရွက်ပေးမယ်။ လွှဲပေးမယ်။ ကျွန်တော်ပြော ခဲ့တာပါ။  နောက်တစ်ခု ကလည်း ခုနကပြောတဲ့ ဒီရွေးကောက်ပွဲ မဲစာရင်းတွေမှားတဲ့အထဲမှာ  အဓိကမှားတာက မှတ်ပုံတင်မရှိဘဲနဲ့ မဲစာရင်းတွေပါနေတဲ့ကိစ္စတွေ။ မဲစာရင်းမှာမှတ်ပုံတင်မပါတာ လူပေါင်း ၁၀ သန်းကျော်လောက်ပါနေတယ်။ အဲလူတွေကို  ကျွန်တော်တို့စစ်ဆေးတဲ့အခါမှာ လေးသန်းကျော်လောက်က မှတ်ပုံတင်ပေးဖို့အရေးတကြီးပေးဖို့လိုနေတယ်။   ကျွန်တော်တို့  မှတ်ပုံတင်တွေ ထပ်ထုတ်ပေးနေတာတွေရှိတယ်။ ဒါတွေကလည်း အနည်းဆုံး ၁၈ လကြာမယ်လို့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ခန့်မှန်းတာပေါ့။ ၁၈ လကြာမယ်ဆိုတော့ ဒါက သတ်မှတ်တစ်နေ့ကို လူ ၃၀၀ လုပ်ရမယ်။ အဲ့ ၃၀၀ လုံး မှန်မှန် ကန်ကန်လုပ်မှ ၁၈ လနဲ့ပြီးမှာ။ တကယ်လို့ အဲ့ဒီလို အရေအတွက်အတိုင်းမလာဘူးဆိုရင် ဒီထက်ပိုကြာဖို့ပဲရှိတော့တာ။ ကျွန်တော် တို့က မဲစာရင်းမှားတာ  မှတ်ပုံတင်မပါဘဲနဲ့ မဲစာရင်းတွေ  ထည့်တဲ့အတွက်ကြောင့် မှားတာကိုထောက်ပြထားတာ။ အဲ့ဒီတော့ လာမယ့်ရွေးကောက်ပွဲအသစ်လုပ်လို့ရှိရင်မှတ်ပုံတင်မပါဘဲနဲ့ မဲစာရင်းထဲမှာပါလာလို့ရှိရင် ကျွန်တော်တို့ပြောစရာဖြစ်လာမယ်။ ဒါကြောင့်   မှတ်ပုံတင်က   မရှိမဖြစ် ကျွန်တော်တို့ပေးရမယ့်  လုပ်ငန်းတစ်ရပ်ဖြစ်တယ်။ ဒီလုပ်ငန်းပြီးမှ ကျွန်တော်တို့က ရွေးကောက်ပွဲကို စာရင်းဇယားမှန်မှန်နဲ့ရွေးကောက်ပွဲတစ်ခုလုပ်လို့ရမယ်။ ဒီဟာကို ကျွန်တော်တို့ အချိန်တစ်ခုပေးရလိမ့်မယ်။ ဒါကြောင့် ၂ နှစ်လည်းဖြစ်ရင် ဖြစ်သွားမယ်လို့ ကျွန်တော်ပြောတာ။ နောက်တစ်ခုရှိသေးတယ်။   အဲဒါကဘာလဲဆိုတော့ ကျွန်တော် တို့ဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေဆိုတာရှိတယ်။ ဒီဥပဒေဟာ နိုင်ငံသားပေးရမယ့်ပုဂ္ဂိုလ်တွေပေးဖို့။ ဒါတွေလည်း ဒီမဲပေးတဲ့ ကာလအတွင်းမှာ မကြာရအောင်လုပ်ဖို့ဆိုပြီးတော့ တာဝန်တစ်ခုရှိတယ်။ ဒါလည်းကျွန်တော်တို့သက်ဆိုင်ရာတွေနဲ့ဆွေးနွေးပြီးတော့ ဆောင်ရွက်နေ တာလည်းရှိတယ်။ ဒါလည်း နှောင့်နှေးနေလို့မရဘူး။ နှောင့်နှေးမယ်ဆိုရင်လည်း ဒါတွေဟာ ကျန်ခဲ့တယ် ဆိုရင်လည်း အဲဒီမှာ ပြဿနာတစ်ခုက လာလိမ့်မယ်။ ဒါလည်းဖြေရှင်းဆောင်ရွက်ဖို့  ရှိနေသေးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

မေး။  အခုအသစ်ဖွဲ့စည်းလိုက်တဲ့ UEC အနေနဲ့ စုံစမ်းမှုတွေပြုလုပ်ပြီးမှသာ ရွေးကောက်ပွဲကို ကျင်းပလို့ရမယ်လို့  နားလည် ထားပါတယ်။ ဒီလို သန်းဆယ်ချီပြီးမှားယွင်းနေမှုကို  စစ်ဆေးမှုဟာ အချိန်ဘယ်လောက်ကြာနိုင်ပါသလဲ။ ဘယ်အချိန်လောက်ပြီး မယ်လို့ ခန့်မှန်းထားပါသလဲ။

ဖြေ။ ကျွန်တော်တို့ တော်တော်များများတော့ပြီးနေပြီ။ ၉၀ ရာခိုင်နှုန်းလောက် စစ်ဆေးတာ ပြီးသွားပါပြီ။ ကျွန်တော်တို့လာမယ့် ဇူလိုင်လ နောက်ဆုံးအပတ် သို့မဟုတ် သြဂုတ် ပထမပတ်ထဲမှာ ကျွန်တော်တို့ တရားဝင်အဲဒါကိုရှင်းလင်းဖို့ရှိပါတယ်။

မေး။ မဖြစ်မနေဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေအားလုံးပြီးသွားလို့ ရွေးကောက်ပွဲကျင်းပဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မှာ မြန်မာ နိုင်ငံမှာရှိတဲ့   နိုင်ငံရေးပါတီတွေအားလုံးအနေနဲ့    ဒီရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသလား။

ဖြေ။ ပြိုင်နိုင်ပါတယ်။ ပြိုင်ခွင့်ရှိတာပေါ့။ဒါပေမဲ့ သူကသတ်မှတ်တဲ့စည်းကမ်းတွေရှိတယ်။ ဥပမာအားဖြင့် မဲဆန္ဒနယ်ဘယ်နှခု ဝင်ရောက်ယှဉ်ပြိုင်ရမယ်တို့ ဒါတွေလည်းရှိတာပေါ့။ အဲဒါတွေနဲ့စည်းကမ်းကိုက်ညီမယ်ဆိုရင်တော့ အားလုံးယှဉ်ပြိုင်ခွင့်ရှိပါတယ်။ တစ်ခုရှိတာပေါ့ဗျာ၊ အဲဒါဘာလဲဆိုတော့ ပါတီများဖွဲ့စည်းခြင်းနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေရှိတယ် ဒါတွေနဲ့လည်း ကိုက်ညီဖို့ လိုတာပေါ့။ ဖွဲ့စည်းမှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းကိုက်ညီဖို့လိုတယ် ပြီးရင်ရွေးကောက်ပွဲဝင်နိုင်မယ့် စည်းမျဉ်း စည်းကမ်းတွေကိုက်ညီဖို့လိုတယ်၊ ဒီနှစ်ခုနဲ့ ဒီနှစ်ခုပြည့်စုံတဲ့ ဘယ်နိုင်ငံရေးပါတီတွေမဆို ယှဉ်ပြိုင်ခွင့်ရှိပါတယ်။

မေး။ လက်ရှိမှာဆိုရင်တော့ ဆူပူဆန္ဒပြတဲ့အဆင့်ကိုကျော်လွန်ပြီးတော့ အကြမ်းဖက်တဲ့အဆင့်အထိကို  ရောက်နေပြီဖြစ်ပါတယ်။ ဆူပူဆန္ဒပြမှုတွေဟာလည်း ဒီမသမာတဲ့ ရွေးကောက်ပွဲကြောင့်ဖြစ်ခဲ့တာဖြစ်ပြီးတော့ ယခုလက်ရှိဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ ကျတော့ ဘယ်အကြောင်းရင်းကြောင့်ဖြစ်တယ်လို့ ဗိုလ်ချုပ်မှူးကြီးအနေနဲ့မှတ်ချက်ပေးချင်ပါသလဲ။

ဖြေ။ အကြမ်းဖက်မှုကတော့ ပထမဦးဆုံးရိုးရိုးဆန္ဒပြတာနေပြီးတော့ နောက်ပိုင်းမှာတော့ ဒီဆန္ဒပြတာတွေကနေတစ်ဆင့် ကျော်တက်လာတာပေါ့။  အကြမ်းဖက်မှုတွေရှိတယ်။  ဒါပေမဲ့   အခုအကြမ်းဖက်မှုတွေကတော့   အရင်လိုတော့   မများတော့ဘူး  တော်တော်တော့ကျသွားပါပြီ။ လက်လုပ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတို့၊ လူတွေချောင်းမြောင်းပစ်ခတ်တာတို့ အနည်း အကျဉ်းတော့ရှိပါတယ်။ ဒါလည်းဘာလဲဆိုလို့ရှိရင်တော့ လူတွေအကြောက်တရားတွေဖြစ်အောင်လည်း နောက်တစ်ခါ နိုင်ငံတော် အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းကို ထိထိရောက်ရောက်မဆောင်ရွက်နိုင်ဘူးဆိုတာကို နိုင်ငံတကာမှာ  ပုံရိပ်တစ်ခု ပျက်ပြားအောင်  နိုင်ငံတကာရဲ့ပုံရိပ်မှာ ကျွန်တော်တို့ရဲ့ အနေအထိုင်ပျက်ပြားအောင်လည်း ဆောင်ရွက်တာ ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုကတော့     သူတို့ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ပေါ်မှာ တစ်ဖက်ကလည်းအားပေးတဲ့သူတွေပေါ့ စိတ်ဓာတ် တက်ကြွပြီး တော့မှ     ဒီထက်ပိုမိုအရှိန်ပြင်းပြင်း လုပ်ဆောင်နိုင်အောင်      လုပ်နိုင်တဲ့ရည်ရွယ်ချက်လည်းရှိနိုင်ပါတယ်။   ဒါပေမဲ့လည်း အများ ပြည်သူကလက်မခံဘူး၊ အကြမ်းဖက်မှုကို  ဘယ်သူမှလက်မခံဘူး  တော်တော်များများလည်းအခု   နှိမ်နင်း ဆောင်ရွက်နိုင်တာ တော့ရှိတယ်။ သူတို့မျှော်လင့်ထားတာတော့ ဒီအကြမ်းဖက်မှုတွေက အရှိန်ပြင်းထန် လာလိမ့်မယ်လို့ မျှော်လင့်ထားတာပဲ။ ပြင်းထန် လာလို့ရှိရင်   ကျွန်တော်တို့ရဲ့တုံ့ပြန်ချက်ကလည်း ပြင်းထန်လာလိမ့်မယ်။ ပြင်းထန်လာလို့ရှိရင် နိုင်ငံတကာကဝင်ရောက်စွက်ဖက်ဖို့ အခွင့်အရေးတွေလည်း ပိုပြီးတော့မှ သူတို့ မျှော်မှန်းနိုင်တဲ့အခြေအနေမျိုးမှာရောက်သွားမယ်။ ဒါပေမဲ့သူတို့ ဒီလိုအခြေအနေမျိုး လုံးဝရောက်ဖို့လည်းဘယ်သူမှမရှိနိုင်ဘူး။ ဒါကတော့ သူတို့ အမြင့်ဆုံး ကျွန်တော်တွက်ကြည့်တာ။   ဒီလိုတော့မှန်းလို့ရပါတယ်။

မေး။     ဒီလိုမျိုးအကြမ်းဖက်မှုတွေကို ထောက်ခံတဲ့သူတွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်နေတယ်လို့ပြောတဲ့ အချိန်မှာ ထောက်ခံသူတွေအနေနဲ့ နိုင်ငံရေးအရထောက်ခံသူကိုဆိုလိုတာလား။ ဒါမှမဟုတ်ငွေရေးကြေးရေးအရ  ထောက်ခံသူကို ဆိုလို တာလား။

ဖြေ။ နိုင်ငံရေးအရ ထောက်ခံသူတွေရဲ့ ဦးဆောင်မှုနဲ့ငွေကြေးနဲ့ လိုက်လုပ်နေသူတွေပိုများတာပေါ့ ဦးဆောင်တဲ့သူတွေကတော့ နိုင်ငံရေးအရဆန့်ကျင်တဲ့သူတွေဦးဆောင်တာရှိတယ်။  သူတို့ရဲ့ငွေကြေးတွေနဲ့ခိုင်းတဲ့အခါမှာ   ရတဲ့သူတွေက ငွေကြေးရတဲ့သူတွေက လိုက်လုပ်ကြတာပေါ့။ အဲတော့သူတို့က နိုင်ငံရေးအရတော့မဟုတ်ဘူး။ ပိုက်ဆံကြောင့်လုပ်တာ။ ဦးဆောင်တဲ့သူတွေကတော့ နိုင်ငံ ရေးအရ ဦးဆောင်တဲ့သူတွေ။

မေး။     ကမ္ဘာမှာ  ယခုလက်ရှိ  ရှိတဲ့ ကမ္ဘာ့နိုင်ငံရေးအသိုင်းအဝိုင်းထဲကနေမှ  ဒီနိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ရော အရှေ့ တောင်အာရှ   ဒေသအတွင်းမှာရှိတဲ့   နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ပါ မြန်မာနိုင်ငံရဲ့ အခြေအနေကို တည်ငြိမ်အေးချမ်းဖို့ အတွက်   ဘယ်လိုအကူအညီမျိုးတွေပေးနိုင်ပါသလဲ။   ဘယ်လိုအကူအညီမျိုးတွေဆိုရင်တော့  မြန်မာနိုင်ငံအနေနဲ့   လက်ခံဆောင် ရွက်ပေးဖို့ရှိပါသလဲ။

ဖြေ။ (၁)အချက်ကတော့ဗျ- မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုကိုတော့ နားလည်ဖို့လိုတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ယဉ်ကျေးမှု နားလည်ဖို့လိုတယ်။ နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ဥပဒေလည်းနားလည်ဖို့လိုတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေလည်း နားလည်ဖို့လိုတယ်။ ဒီပေါ်မှာနားလည်ပြီးတော့မှပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ ပိုပြီးတော့ အကျိုးရှိ လိမ့်မယ်လို့ ကျွန်တော်တို့မြင်ပါတယ်။   ဒါတွေနားမလည်ဘဲနဲ့  သူတို့လိုချင်ရာကိုဆွဲပြီးတော့မှ ရရှိတဲ့သတင်းတွေကို နံပါတ်(၁) အချက်ရရှိတဲ့သတင်းပေါ်မူတည်ပြီး သူတို့လိုချင်ရာကောက်ချက်ချတာရရှိတဲ့သတင်းတွေကလည်း ဒီအနောက်နိုင်ငံ အဖွဲ့အစည်း တွေကျလည်း  သူတို့ရဲ့လိုချင်တဲ့ပုံစံကိုသွားနိုင်ဖို့လည်း  သူတို့ကလုပ်တာပေါ့၊ အဲ့ပေါ်မှာမူတည်ပြီးသတင်းတွေတင်တဲ့အခါ ဒီပေါ်မှာ ရရှိတဲ့နိုင်ငံတွေကလည်း  ဒီပေါ်မှာ  ဗညေူပျန လုပ်ပြီးတော့ပြောတာပေါ့၊ ဒါပေမဲ့ ပကတိအခြေအနေမှာတော့ ကွဲပြားခြားနား တာရှိတယ်။ မြန်မာနိုင်ငံရဲ့ပြည်တွင်းပကတိအခြေအနေတွေကိုလည်း သူသိဖို့လိုတယ်၊ အဲလိုဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ သိပ်ကောင်းတယ်။ ကျွန်တော်တို့လည်း   နိုင်ငံတစ်နိုင်ငံဆိုတော့ ကျွန်တော်တို့နိုင်ငံပြည်တွင်းရေးဆိုတာတော့ ကျွန်တော်တို့ ဟုတ်ပါ တယ်။ သို့သော်လည်းပဲ တစ်ဖက်ကလည်းနိုင်ငံတကာကနေပြီးတော့ ပူးပေါင်းဆောင်ရွက်လို့ရတဲ့ နယ်ပယ်တွေမှာလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ဥပမာ အကောင်းဘက်ကနေအပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုမျိုးဆိုရင် ကျွန်တော် တို့ဘာလို့ မလုပ်မလဲ နိုင်ငံတကာမှာ ကျွန်တော်တို့အထီးကျန်လို့မရဘူး ပူးပေါင်းဆောင်ရွက်မှုတွေဘယ်လိုပဲဖြစ်ဖြစ်လုပ်ရမှာ အခု ကျွန်တော် ရုရှားနဲ့    ပူးပေါင်းဆောင်ရွက်မှုရှိတယ်။တရုတ်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။ အိမ်နီးနားချင်း နိုင်ငံများနဲ့ ဆက်ဆံမှု တွေရှိတယ် အကုန်ရှိတယ်။ နိုင်ငံတွေအကုန်လုံးဆက်ဆံမှုတွေရှိတယ် ဒါအရေးကြီးတာနားလည်ဖို့လိုတယ်။

မေး။     စောစောက   ဗိုလ်ချုပ်မှူးကြီး ဖြေကြားသွားတဲ့ထဲမှာ ရုရှားနိုင်ငံနဲ့လည်းလက်ရှိမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ် နေပါတယ်။ တရုတ်နိုင်ငံနဲ့လည်း ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်လို့ ဖြေကြားသွားပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့  အခုမြန်မာ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုတည်ဆောက်ရေးအတွက်ရောဒီမိတ်ဖက်နိုင်ငံနှစ်နိုင်ငံက ကူညီဆောင်ရွက်ပေးနေတာ တွေရှိပါတယ်။    ဘယ်လို အကူအညီတွေပြုလုပ်သွားဖို့ စီစဉ်သွားဖို့ရှိပါသလဲ။

ဖြေ။      ပူးပေါင်းဆောင်ရွက်မှုတွေကတော့ရှိတယ်ဗျ၊ မြန်မာနိုင်ငံရဲ့အခြေအနေအမှန်ကို သူတို့သိအောင် ကြိုးစားပြီးတော့မှ နိုင်ငံတကာ မျက်နှာစာတွေမှာ    သူတို့ကျွန်တော်တို့ရဲ့   နိုင်ငံရေးအခြေအနေသိအောင်ပြန်ပြီးတော့မှ   ဆောင်ရွက်ပေးတာတွေဟာ သူတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုတွေပဲ။

မေး။     မြန်မာနိုင်ငံအကြောင်းကို မေးမြန်းတဲ့အချိန်မှာ ယခုလက်ရှိကာလကြီးမှာတော့ မဖြစ်မနေမေးရမယ့် မေးခွန်းလေး တစ်ခုတော့ရှိပါတယ်။ ဒီတစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်ရောဂါအန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့အချိန်မှာ မြန်မာနိုင်ငံမှာရော COVID-19 ကာကွယ်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီးတော့  ဆောင်ရွက်မှုတွေ အလျင်မီပါသလား။  ဘယ်လိုအခက်အခဲတွေရှိပြီးတော့ ဘယ်လို အောင်မြင်မှုတွေရှိပါသလဲဆိုတာကိုသိချင်ပါတယ်။

ဖြေ။ ကိုဗစ်ရောဂါစဖြစ်တဲ့   ပထမလှိုင်းပေါ့ဗျာ၊   ပထမလှိုင်းဖြစ်တဲ့အချိန်မှာတော့ သိပ်မများဘူး၊ ဒုတိယလှိုင်းဖြစ်တဲ့အချိန်မှာတော့ ကျွန်တော်တို့တော်တော်လေးများသွားတယ်။  ကျွန်တော်တို့ဒါကိုလည်း ပြန်ထိန်းနိုင်တာပေါ့၊  အဲချိန်မှာ COVID ကာကွယ်ဆေးတွေ ပေါ်လာတော့ ကာကွယ်ဆေးတွေနဲ့ ကျွန်တော်တို့ကာကွယ်ဆေးထိုးနိုင်ဖို့လုပ်တယ်၊ ပထမဦးစပေါ်တာ  အိန္ဒိယနိုင်ငံကနေစပြီး တော့ နောက်ကျအိန္ဒိယနိုင်ငံကနေအကြောင်း အမျိုးမျိုးကြောင့် သူတို့ရဲ့ပြည်တွင်းရေးမှာလည်းရှိနိုင်တဲ့ အခက်အခဲတွေကြောင့် သူတို့ရဲ့ ကာကွယ်ဆေးတွေ ကျွန်တော်တို့ကိုရောင်းချမှုတွေ ခဏတော့ရပ်ဆိုင်းထားတာပေါ့၊ အဲအချိန်မှာ ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ်ဆေး  လက်ခံရရှိတဲ့အချိန်ကလည်း  အခု  ကျွန်တော်တို့ဆီမှာလည်း စမ်းသပ်သုံးစွဲပြီးလည်းဖြစ်တယ်၊ နောက်ထပ်လည်း ရုရှားနိုင်ငံ ကနေထပ်ပြီးတော့ တိုးချဲ့ဝယ်ယူဖို့အတွက်လည်း ကျွန်တော်တို့ညှိနှိုင်းဆွေးနွေးတာရှိတယ်။ ထို့အတူပဲ တရုတ်နိုင်ငံက နေပြီးတော့လည်း ကျွန်တော်တို့နိုင်ငံပေါ်မှာ ကျွန်တော်တို့ရဲ့နိုင်ငံအတွက် ကာကွယ်ဆေးတွေ  ပေးပို့ခဲ့တာရှိတယ်။ ဒါကိုလည်း ကျွန်တော်တို့သုံးစွဲပြီးဖြစ်ပါတယ်။ ဒါလည်းဆက်လက်ပြီး တရုတ်နိုင်ငံနဲ့ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိပါတယ်။ တတိယလှိုင်းကတော့ နည်းနည်းရံဖန်ရံခါတော့ ပြန်ဖြစ်တဲ့သဘောတော့တွေ့တယ်။ တစ်နေ့တစ်နေ့တွေ့ရှိတဲ့ရာခိုင်နှုန်းက ၁၀ ရာခိုင်နှုန်း ပတ်ဝန်းကျင် လောက်ရှိတယ်။ နည်းနည်း နည်းလာတဲ့ရက်တွေရှိတယ်၊ များလာတဲ့ရက်တွေလည်းရှိတယ် သို့သော် တွေ့ရှိတဲ့ရက် တွေ့ရှိတဲ့ ပမာဏကတော့ ၁၀ ရာခိုင်နှုန်းပတ်ဝန်းကျင်လောက်မှာရှိနေတဲ့အတွက်ကြောင့် အရင်ထက်စာတော့ နည်းနည်းပိုများ လာတဲ့ သဘောရှိတယ်။   သို့သော် နိုင်ငံတကာမှာဖြစ်နေတဲ့   ဒီပြန့်ပွားမှုနှုန်းထက်စာလို့ရှိရင် ကျွန်တော်တို့နိုင်ငံမှာတော့ အများကြီးတော့ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ကောင်းကောင်းမွန်မွန် စည်းကမ်းတကျ    လိုက်နာမယ်ဆိုရင် ထိန်းသိမ်းနိုင်တဲ့ အနေအထားရှိတယ် လို့လည်းကျွန်တော်ပြောထားပါတယ်။ ဒါလည်းတတ်နိုင်သလောက် ကြိုးစားပြီးဆောင်ရွက်ပေးနေပါတယ်။

မေး။     ရုရှားနိုင်ငံက ကာကွယ်ဆေးကိုတင်သွင်းဖို့ညှိနှိုင်းတာနဲ့ပတ်သက်ပြီးတော့ အရေအတွက်အားဖြင့် ဘယ်လောက်ဖြစ်နိုင် မလဲလို့ပြောလို့ရပါသလဲ။

ဖြေ။ လောလောဆယ်ကျွန်တော် နှစ်သန်းဝယ်ဖို့လုပ်ထားတယ်၊ နောက်ထပ်လည်း ခုနစ်သန်းဝယ်ဖို့လည်း တစ်ဖက်ကနေ စီစဉ်နေတာရှိပါတယ်။ ဒါကတော့ ညှိနှိုင်းဆဲဖြစ်ပါတယ်။ ဒီဘက်ကလည်း ပို့နိုင်တဲ့အခြေအနေပေါ်  မူတည်ပြီးတော့လည်း ကျွန်တော်တို့ကလည်း   တွက်ချက်ပြီး စောင့်ရတာဖြစ်ပါတယ်။ ရုရှားနိုင်ငံကလည်း သူ့ရဲ့တစ်ကမ္ဘာလုံးကို ဖြန့်နေရတဲ့အတွက် ကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ လိုအပ်ချက်ကို တစ်ပြိုင်နက်ထဲ မပေးနိုင်ဘူးဆိုတာ သိရှိထားပါတယ်။

မေး။     ရုရှားနိုင်ငံမှာ တရားဝင်ခွင့်ပြုထားတဲ့ ကာကွယ်ဆေး(၃)မျိုးရှိပါတယ်။ အဲ့ထဲမှာ Sputnik V တစ်မျိုးကိုပဲ စိတ်ဝင်စားဖို့ ရှိတာပါလား။

ဖြေ။ Sputnik V ရယ်၊ Sputnik Light ရယ် နှစ်မျိုးရှိပါတယ်။

မေး။ ယခု  ဗိုလ်ချုပ်မှူးကြီးရဲ့  ရုရှားနိုင်ငံခရီးစဉ် ယခုလိုမော်စကိုမြို့မှာ ရောက်ရှိတုန်းမှာ (၉)ကြိမ်မြောက်  နိုင်ငံတကာ လုံခြုံရေး ညီလာခံကို  တက်ရောက်ခဲ့တာအပြင်   အခြားဘာအစီအစဉ်တွေရှိပါသေးသလဲ။  အကြမ်းဖျင်းလေးပြောပြလို့ရမယ်ဆိုရင် သိချင်ပါ တယ်။

ဖြေ။ ကျွန်တော်  လုံခြုံရေးကောင်စီအထွေထွေအတွင်းရေးမှူးနဲ့လည်း တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့တယ်။  ကာကွယ်ရေးဝန်ကြီးနဲ့လည်း  ဆွေးနွေးမှုလုပ်ခဲ့တယ်။ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်တက္ကသိုလ်  ကျွန်တော်သွားပြီးတော့  ကျွန်တော့်ကို ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ပေးတုန်းက ကျွန်တော်လက်ခံခဲ့တယ်။   မော်စကိုမှာရှိတဲ့ အထင်ကရနေရာတချို့ကို ကျွန်တော်ရောက်ခဲ့တယ်။    နောက်ဒီကပြီးရင် တခြားနေရာတချို့ကို    ကျွန်တော်သွားဖို့ရှိတယ်။ နောက်တစ်ခုကလည်း မော်စကိုမှာရှိတဲ့ ထေရဝါဒဗုဒ္ဓဘာသာ ကျောင်းကိုလည်းကျွန်တော်သွားခဲ့တယ်။ အဲ့မှာလည်း သိမ်ရေစက်ချတာလုပ်ခဲ့တယ်။  ဒါကတော့ မော်စကိုနဲ့ ရုရှားနိုင်ငံမှာရှိ တဲ့ဗုဒ္ဓဘာသာဝင်များအတွက်   ဘာပဲပြောပြော  အထောက်အကူရမယ့်နေရာတစ်ခုလို့  ကျွန်တော်ပြောလိုတယ်။

မေး။     နောက်ထပ်သွားရောက် လည်ပတ်မယ့်မြို့တွေနဲ့ပတ်သက်ပြီးတော့ သိလို့ရပါသလား။ ဘယ်မြို့တွေသွားဖို့ စီစဉ်ထားပါ သလဲ။

ဖြေ။ သေချာတာကတော့ ရုရှားနိုင်ငံရဲ့ ထင်ရှားတဲ့မြို့တွေပါပဲ။  Kazan ရယ်နောက်တစ်ခါ   Novosibirsk ရယ် ကျွန်တော်သွားမယ်။

မေး။     Novosibirsk ကို  သွားမယ်လို့တော့ထင်မထားပါဘူး အရမ်းဝေးပါတယ်။

ဖြေ။ သွားမယ် ရောက်အောင်သွားပါမယ်။ အဲ့ဒါလှပတဲ့ မြို့လို့ပြောပါတယ်။

မေး။     ယခုချိန်ခရီးစဉ်ကတော့ ဆက်လက်ပြီးလည်း    သွားရောက်လည်ပတ်ဦးမှာ ဖြစ်တဲ့အတွက် မပြီးဆုံးသေးပါဘူး။ ဒါပေမဲ့ အခု ယနေ့ထိ   ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ခံစားရတဲ့  စိတ်ခံစားချက်ကို  သိလိုပါတယ်။

ဖြေ။ ကောင်းမွန်တဲ့ ခရီးစဉ်ပါပဲ။ ဘာပဲပြောပြော  ကျွန်တော်တို့  လာရောက်ဆောင်ရွက်ခဲ့တဲ့ ကိစ္စအားလုံး အောင်အောင်မြင်မြင် ရှိပါတယ်လို့ပဲ   ပြောချင်ပါတယ်။

မေး။     ကျေးဇူးအများကြီးတင်ပါတယ်၊ ယခုလိုအချိန်ပေးပြီး   ဖြေကြားပေးတဲ့အတွက်။

ဖြေ။      ကောင်းပါပြီ၊ ဒီနေ့က ခင်ဗျားတို့ RIA သတင်းဌာနရဲ့  နှစ်(၈၀)ပြည့်နေ့လို့ သိထားရတယ်။ ဒီလိုသတင်းတွေ ကျော်ကြားတဲ့ ခင်ဗျားတို့ရဲ့ ဒီလိုသတင်းဌာနတွေရဲ့ ဒီလိုနှစ်ပေါင်း (၈၀)ကြာအောင် ဒီလိုအောင်အောင်မြင်မြင် ဆောင်ရွက် ခဲ့တာနဲ့ပတ်သက်ပြီး အထူးပဲချီးကျူးဂုဏ်ပြုကြောင်း ပြောလိုပါတယ်။ ဆက်လက်ပြီးလည်း ဒီထက်မက အောင်မြင် တိုးတက်ပါစေလို့ ကျွန်တော်ဆုမွန်ကောင်းတောင်းပါရစေ။

မြဝတီ