နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း အကောင် အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

        ဦးစွာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက စီမံကိန်းဖြစ်ပေါ်လာသည့် အခြေအနေများနှင့် စီမံကိန်းတွင်ပါဝင်သည့် လုပ်ငန်းများ၊ ကုလားတန်ဆိပ်ခံတံတားဆိုင်ရာအချက် အလက်များနှင့် တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ရုံးနှင့်ဆက်စပ်အဆောက်အဦ များ တည်ဆောက်ပြီးစီးမှု၊ စက်ယန္တရားများနှင့် မြစ်တွင်းသွားသယ်ယူပို့ဆောင်ရေး ယာဉ်များ ရောက်ရှိမှု၊ ပလက်ဝပြည်တွင်းရေကြောင်း ဆိပ်ကမ်း တည်ဆောက်ပြီးစီးမှု၊ ရေလမ်းကြောင်း သောင်တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ပလက်ဝမှ မြန်မာ-အိန္ဒိယနယ်စပ်အထိ အဝေးပြေးကားလမ်းဖောက်လုပ်ရန် ဆောင်ရွက်နေမှု၊ အပြည်ပြည်ဆိုင်ရာ အကောက်ခွန်ဆိပ်ကမ်းအဖြစ် သတ်မှတ်ဆောင်ရွက်ခြင်း၊ ပြည်တွင်းဆိပ်ကမ်းအဖြစ် သတ်မှတ်ရန်ဆောင်ရွက်လျက်ရှိမှု၊ စီမံကိန်းပြီးစီးပါက ရရှိ နိုင်မည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

        ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်း သယ်ယူ ပို့ဆောင်ရေး စီမံကိန်းသည် ရခိုင်ပြည်နယ်အတွက်များစွာ အကျိုးဖြစ်ထွန်းစေနိုင်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ကုန်စည်စီးဆင်းမှုများကို ပိုမိုလျှင်မြန်စေမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံသည် ကောင်းမွန်သည့် ဆက်ဆံရေးသမိုင်း ကြောင်းရှိပြီး အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ ယခုစီမံကိန်း သည် နှစ်နိုင်ငံ ကူးလူးဆက်သွယ်မှု၊ ကုန်သွယ်မှုကို ပိုမိုတိုးမြှင့်လာစေနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ အရေးကြီးသည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ လျင် ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဖွံ့ဖြိုးရေးကို ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ကုလားတန်မြစ်ကြောင်းတစ်လျှောက် ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံကိန်းအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် မှာကြားပြီး တက်ရောက်လာ ကြသူများနှင့် စီမံကိန်းဆိုင်ရာများကို အပြန်အလှန်ဆွေးနွေးသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုရာ စစ်တွေမြို့ဆိုင်ရာ အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr. Bibekananda Bhattamishra နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှု များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ် သည်များ ပြန်လည်ဆွေးနွေးမှာကြားသည်။

အဆိုပါ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေး စီမံကိန်း ဆောင်ရွက်ပြီးစီးပါက မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ ကုန်သွယ်မှု အခွင့်အလမ်း ပိုမိုရရှိစေခြင်း၊ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ ပေါ်ပေါက်လာပြီး အိန္ဒိယနိုင်ငံနှင့် သာမက အခြားနိုင်ငံများနှင့်ပါ တိုက်ရိုက်ကုန်သွယ်နိုင်ခြင်း၊ ရခိုင်ပြည်နယ်နှင့် ချင်း ပြည်နယ်တို့တွင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသဖွံ့ဖြိုးတိုးတက် မှုကို များစွာ အထောက်အကူဖြစ်စေခြင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေခြင်း၊ ဒေသခံများအနေဖြင့် ရေကြောင်းသွားလာမှုကို အခြေခံသော ကမ္ဘာလှည့်ခရီးသွားများနှင့် ပတ်သက်သည့် အခွင့်အလမ်းများ ရရှိလာ နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။