နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ကျောက်ဖြူမြို့ရှိ ရမ္မာဝတီခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါက်တာ မူထန်၊  ပြည်ထောင်စုဝန်ကြီး များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာ ရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ကျောက်ဖြူခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်ဆိုင်ရာများနှင့် ဒေသဆိုင်ရာအချက်အလက်များ အား ရှင်းလင်းတင်ပြ

ဦးစွာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်း တို့က ကျောက်ဖြူအထူးစီးပွားရေးဇုန်၏ ဖြစ်ပေါ်လာပုံနှင့် နောက်ခံအခြေအနေများ၊ စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့မှု၊ အစိုးရအဆက်ဆက် ရေရှည်စီမံချက် များ ချမှတ်၍ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ လက်ရှိစီမံကိန်း ဆောင် ရွက်လျက်ရှိမှုနှင့် ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြ သည်။

ထို့နောက် ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲလင်းမောင်က ဒေသဆိုင်ရာအချက်အလက်များ၊  စီးပွားရေး၊ လူမှုရေး၊ စိုက်ပျိုးမွေးမြူရေး၊ ကျန်းမာရေး အထွေထွေအချက်အလက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် မြို့မိ မြို့ဖများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးစေလိုမှု၊ ကျောက်ဖြူမြို့ရှိ သာသနာ့ဗိမာန်အဆောက်အဦသည် နှစ်ပေါင်းကြာရှည်ပြီဖြစ်ပြီး ပျက်စီးယိုယွင်းလျက် ရှိသဖြင့် ပြင်ဆင်ဆောင်ရွက်ပေးရန်လိုအပ်လျက်ရှိမှုတို့ကို အသီးသီး တင်ပြကြသည်။

နိုင်ငံတည်ဆောက်ရေးတွင် ဦးတည်ချက်များ၊ ရည်မှန်းချက် များထားရှိပြီး မပျောက်ပျက်အောင် ဦးတည်ဆောင်ရွက်ရမည်

ယင်းနောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ဆွေးနွေးပြောကြားရာတွင် ကျောက်ဖြူခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူ များကို ပထမဆုံးအကြိမ်တွေ့ဆုံ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ စစ်တွေမြို့၌လည်း ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို တင်ပြဆွေးနွေးကြကြောင်း၊ လူတိုင်းသည် မိမိတို့ဒေသ၊ မိမိတို့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုသည် ဖြစ်သော်လည်း မိမိဒေသနှင့် တိုင်းပြည်၏ ပကတိအခြေအနေနှင့် ကိုက်ညီပြီး ဖြစ်နိုင်သည်နှင့် ဖြစ်သင့်သည်များကို တွက်ချက် ဆောင်ရွက်ကြရကြောင်း၊ နိုင်ငံတည်ဆောက်ရေးတွင် ဦးတည်ချက်များ၊ ရည်မှန်းချက် များထားရှိပြီး ဆောင်ရွက်ကြရကြောင်း၊ ရည်မှန်းချက်များ၊ ဦးတည်ချက်များ မပျောက် ပျက်စေရေး ဦးတည်ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စစ်မှန် စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားရေးလုပ်ငန်းစဉ် ၂ ရပ်အနေဖြင့် လည်း တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ သာယာဝပြောရေးသည် တည်ငြိမ်အေးချမ်းရေးနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိသည့်အတွက် ဒေသတစ်ခုချင်းစီအလိုက် တည်ငြိမ်အေးချမ်း မှ သာလျှင် ဒေသများနှင့် တိုင်းပြည်သည်လည်း သာယာဝပြောလာမည်ဖြစ်ကြောင်း။

ပညာတတ် လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး ပညာရေး အားပေးမြှင့်တင်

ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် အဓိကလိုအပ်ချက်သည် လူသားအရင်း အမြစ်ကောင်းများ များစွာ ပေါ်ထွက်လာရေးပင်ဖြစ်သည့်အတွက် ပညာရေးကို အားပေးမြှင့်တင်လျက်ရှိကြောင်း၊ အတန်းပညာရှိမှသာ အသိပညာ၊ အတတ်ပညာများ တိုးတက်ရရှိမည်ဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြား နိုင်ရေး ပညာရေးကိုအားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောက်ဖြူ ဒေသတွင် ပညာတတ်များပေါများစေရေး ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန်လို ကြောင်း၊ ဒေသတွင်း ပညာတတ်များပေါများမှသာ ဒေသတိုးတက်ရေးအတွက်လိုအပ် သည့် လူသားအရင်းအမြစ်ကောင်းများကို ရရှိမည်ဖြစ်ကြောင်း။

စိုက်ပျိုးမွေးမြူရေး

ကျောက်ဖြူဒေသတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင် ရွက်နိုင်မည့် အခွင့်အလမ်းများ ရှိပြီးဖြစ်ကြောင်း၊ ကျောက်ဖြူခရိုင်အတွင်း စပါး အထွက်နှုန်းများ ယခုထက်ပိုမိုတိုးတက်အောင်ဆောင်ရွက်မည်ဆိုပါက ဒေသအတွက် များစွာအကျိုးရှိမည်ဖြစ်ပြီး စပါးစိုက်တောင်သူများအတွက် ဝယ်လိုအား တက်လာစေ မည်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက်လည်း ဝင်ငွေပိုမိုရရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် တောင်သူတစ်ဦးချင်း တစ်ယောက်ချင်းစီ၏ ဝင်ငွေများတိုးပွားလာမှုမှအစပြု၍ ဒေသတွင်နေထိုင်သူများအားလုံး၏ ဝင်ငွေများ ယခင်ကထက် တိုးတက်ကောင်းမွန်လာပြီး ဒေသတွင်း လည်ပတ် သုံးစွဲငွေများပြားလာ ကာ လူမှုစီးပွားဘဝများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်တစ်ဧကချင်း အထွက်နှုန်းများကို ပန်းတိုင် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသ၏လိုအပ်ချက်ကို ပြည့်မီအောင်ဦးစားပေးဆောင်ရွက်ပြီး ယင်းထက် ပိုမို ထုတ် လုပ်နိုင်မည်ဆိုပါက အခြားဒေသများ၊ ပြည်ပနိုင်ငံများသို့ပါ တင်ပို့ ရောင်းချနိုင်မည် ဖြစ်ကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်ရန်အတွက် မျိုးကောင်းရန်၊ မြေဩဇာနှင့် အောင်ရေလုံလောက်စွာရရှိရန်၊ စိုက်နည်းစနစ်များ ကောင်းမွန်ရန်လိုကြောင်း၊ စိုက်ပျိုး ရေးအတွက် လိုအပ်သည့် မြေဩဇာများရရှိရေးအတွက် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်မည်ဆိုပါက ဇီဝမြေဩဇာများရရှိနိုင်မည် ဖြစ်ကြောင်း၊ မွေးမြူ ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသနှင့်ကိုက်ညီသည့် ငါးနှင့်ပုစွန်မွေးမြူရေး လုပ်ငန်းများကိုအောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကျောက်ဖြူဒေသ၏ စီးပွားရေးကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

စိုက်ပျိုးရေးနှင့် ပတ်သက်၍ ဒေသတွင်း ကောင်းမွန်စွာ ပေါက်ရောက် ဖြစ်ထွန်း သည့် အုန်းပင်ကို အကျိုးရှိစွာအသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ အုန်းနှင့် အုန်းထွက် ပစ္စည်းများမှ အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းအမျိုးအမည် များစွာကို ထုတ်လုပ် ရောင်းချ နိုင်သည်ဖြစ်သဖြင့် ကျောက်ဖြူဒေသတွင် အုန်းစိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်း၊ အုန်းစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်း အုန်းထွက် ပစ္စည်းများကို ထုတ်လုပ်နိုင်သဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖော်ဆောင် နိုင် မည်ဖြစ်ကာ ဒေသဝင်ငွေပိုမိုရရှိစေမည်ဖြစ်ကြောင်း။

အလားတူ သဘာဝဘေးဒဏ်ကို ခံနိုင်ရေးနှင့် မိုးလေဝသမှန်ကန်စေရေးတို့ အတွက် အရိပ်ရ လေကာပင်များ၊ လမုပင်များကို စိုက်ပျိုး ရန်လိုသကဲ့သို့ ရှိပြီးဖြစ်သည့် သစ်ပင်သစ်တောများကိုလည်း ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ သစ်ပင် သစ် တောများအားလုံးသည် သဘာဝဘေးဒဏ်ကာကွယ်ရေးကို များစွာအထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ပြည်ပကုန်သွယ်မှုလုပ်ငန်းများ ပိုမိုတိုးတက်စေရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကျောက်ဖြူစက်မှုဇုံနှင့်ပတ်သက်၍လည်းစီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ဒေသတစ်ခုချင်းစီအလိုက် ၎င်းဒေသနှင့် ကိုက်ညီနိုင်မည့် စီးပွားရေး  လုပ်ငန်း များကို ရေတိုရေရှည်တွက်ချက် ဘက်ပေါင်းစုံမှ တွက်ချက်စဉ်းစား ဆောင်ရွက်ကြ ရခြင်းဖြစ်ကြောင်း၊  ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ဆောင်ရွက်ရာတွင် လည်း နိုင်ငံတော်အတွက် အဘက်ဘက်မှ ကြည့်ရှုစဉ်းစားပြီး အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းမှထွက်ရှိ သည့် ကုန်ကြမ်းများကို အဓိကထားဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူ ရေးလုပ်ငန်းများမှထွက်ရှိသည့် ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ် နိုင်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ကျောက်ဖြူဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြစေလိုပြီး ဒေသဖွံ့ဖြိုးရေး ကို အထောက်အကူဖြစ်စေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ အတွက် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို ထုတ်ပေးလျက်ရှိကြောင်း။

အိမ်သာလျင် ဧည့်လာမည်

ထို့ပြင် ကျောက်ဖြူဒေသသည် သာယာလှပသည့် ပတ်ဝန်းကျင်နှင့် သဘာဝ အလှရှုခင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်သဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို လည်း အောင်မြင်စွာ ဆောင်ရွက်၍ ရနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းသို့ လာရောက် သူများပြားစေရေး ဒေသတည်ငြိမ်အေးချမ်းမှု၊ သန့်ရှင်းသပ်ရပ်မှု၊ ဒေသထွက်အစား အစာများနှင့် သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်မှုတို့ဖြင့် ပြည်တွင်း၊ ပြည်ပ ဧည့်သည်များကို ဆွဲဆောင်နိုင်ရမည်ဖြစ်ကြောင်း၊ အိမ်သာယာမှ သာလျင် ဧည့်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ တွင် လာရောက်တာဝန်ထမ်းဆောင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံများ အားလုံးက အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသနှင့် တိုင်းပြည်အကျိုးကိုကြည့်၍ မိမိတို့တစ်ဦးချင်းစီအလိုက် ဆောင်ရွက်ရမည်များကို တတ်စွမ်းသရွေ့ ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြစေလိုပြီး မျိုးဆက်သစ်များ၊ နောင်လာနောက်သားများအတွက် အနာဂတ်ကောင်းကို ဖန်တီးပေးနိုင်ရမည်ဖြစ် ကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည်  တက်ရောက်လာကြသည့်  ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိကြရာ ကျောင်းအုပ် ဆရာမကြီး ဒေါ်မီမီဝင်းနှင့် ပညာရေးဝန်ထမ်းများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ကောလိပ်အတွင်း အသစ် ဆောက်လုပ်လျက်ရှိသည့် ၃ ထပ်ပင်မစာသင်ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေ အနေများနှင့် ကောလိပ်အတွက် လိုအပ်ချက်များကို တင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အသစ်ဆောက်လုပ်ထားရှိသည့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း အဆောက်အဦ ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။