နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေမြို့၊ မြို့ရေပေးဝေရေးစီမံဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တွေမြို့၊ မြို့ရေပေးဝေရေးစီမံဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မြို့ ရေပေးဝေရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး သည်။

        ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ ဝင်များသည် မြို့ရေပေးဝေရေး ကန်တော်ကြီးနှင့် ရေစုကန်အစုအဖွဲ့နေရာသို့ ရောက်ရှိ ကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်မိုးနှင့် တာဝန်ရှိသူ များက စစ်တွေမြို့အတွင်းရှိ ပြည်သူများ၏ နေ့စဉ်နှင့် နှစ်စဉ် ပျမ်းမျှ သုံးရေလိုအပ်ချက် ပမာဏ၊ သုံးရေလိုအပ်ချက်အတွက် ကန်တော်ကြီးနှင့် ရေစုကန်အစုအဖွဲ့၊ ဆတ်ရိုးကျ ရေစုကန် အစုအဖွဲ့တို့ဖြင့် မိုးရေကို သိုလှောင်၍ ရေပေးဝေရေး ဆောင်ရွက်လျက်ရှိမှု၊ နှစ်စဉ် မိုးရွာသွန်းမှု အခြေအနေများနှင့် ရေသိုလှောင်နိုင်မှု၊ ၂၀၁၇ ခုနှစ်မှစ၍ မိုးရေချိန် ရရှိမှုနည်းလာခြင်း၊ မြို့နေလူဦးရေ တိုးပွားလာခြင်းတို့ကြောင့် ရေပေးဝေရေးတွင် လိုအပ် ချက်များ ဖြစ်ပေါ်လျက်ရှိမှုနှင့် ရေလှောင်ကန်တိုးချဲ့ခြင်းနှင့် ရေစုကန်များအတွင်းသို့ ခမီကြိမ်ချောင်း ရေလှောင်တမံမှ ရေသွယ်တန်းဖြည့်တင်းခြင်းနည်းလမ်းအပါအဝင် အခြားနည်းများဖြင့် ရေရရှိရေး ဆောင်ရွက်ပေးရန်လိုအပ်လျက်ရှိမှုတို့ကို ရှင်းလင်းတင် ပြကြသည်။

        ရှင်းလင်းတင်ပြမှုများအပေါ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မြို့နေပြည်သူလူထုတို့၏ နေ့စဉ်သုံးရေလိုအပ်ချက်ပမာဏကို ဖြည့်ဆည်း ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရေချိုကို သိုလှောင်၍ ဖြန့်ဖြူး ပေးသည့် နည်းလမ်းအပြင် ဒေသတွင်းရှိ ရေငန်ကို ရေချိုသုံးရေအဖြစ် ပြောင်းလဲ အသုံး ပြုနိုင်မည့် နည်းလမ်းများကိုလည်း စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် မြို့ပတ်ဝန်းကျင်ကို မထိခိုက်စေနိုင်မည့် မြို့၏မြောက်ဘက်ခြမ်းတွင် မြေအောက်ရေ ထုတ်ယူသုံးစွဲနိုင်ရေး ဆန်းစစ်သုတေသနပြုတိုင်းတာခြင်းကို အမြန်ဆုံးဆောင်ရွက်၍ ပြန်လည်တင်ပြရန်လိုကြောင်း၊ မြေအောက်ရေကို လုံလောက်စွာထုတ်ယူသုံးစွဲနိုင်မည့် အခြေအနေရှိပါကလည်း လောင်စာဆီအသုံးပြု၍ ရေတင်ခြင်းထက် လျှပ်စစ်ဖြင့် ရေ တင်ခြင်း၊ ဆိုလာစွမ်းအင်သုံးလျှပ်စစ်ဖြင့် ရေတင်ခြင်းတို့ ဆောင်ရွက်နိုင်ရေး တွက်ချက် ဆောင်ရွက်ကြရန်လိုကြောင်း။

        လက်ရှိ ကန်တော်ကြီးရေစုကန်၏ သန့်ရှင်းသပ်ရပ်မှုနှင့် ကြံ့ခိုင်မှုတို့ကို ပြန်လည် မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေစုကန်များ သတ်မှတ်ပမာဏအထိ ရေစု ဆောင်းနိုင်မှုမရှိခြင်းသည် မိုးရေချိန်လုံလောက်စွာရရှိမှု မရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ဒေသအတွင်းရှိ သစ်တောသယံဇာတများကို အလွန်အမင်း ထုတ်ယူသုံးစွဲခြင်းသည် ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးရွာရက်နည်းခြင်းနှင့်သဘာဝဘေးအန္တရာယ်တို့ကို ဖြစ်ပေါ် စေနိုင်သဖြင့် ဒေသအတွက်အကျိုးရှိသည့် လမုပင်အပါအဝင် သစ်တောသစ်ပင်စိုက်ပျိုး ခြင်းများကို မဖြစ်မနေဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဒေသတွင်း၌ သစ်ပင်သစ်တော များ များပြားစွာရှိမှသာလျင်ရေငွေ့ကို ထိန်းနိုင်မည်ဖြစ်ပြီး မိုးရေချိန်သည်လည်း များပြားစွာ ရရှိနိုင်မည်ဖြစ်သည့်အတွက် ဒေသအကျိုးကို ရေရှည်ကြည့်၍ စဉ်းစား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေစုကန်များအား ကြည့်ရှုပြီး လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်နိုင်‌ရေးနှင့် ဒေသ၏ သုံးရေလိုအပ်ချက်ကို ပြည့်မီအောင်ဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။