နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံခြင်း(၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန်ဆက်ဆံခြင်း(၇၅)နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နေပြည်တော်၊ မေ - ၁၄

မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်နှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့မှ ကြီးမှူးကျင်းပသည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေးနှင့်သံတမန်ဆက်ဆံခြင်း(၇၅)နှစ်ပြည့် အထိမ်း အမှတ် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံ အမတ်ကြီး H.E. Mr. Vinay Kumar  နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံ ခြား သံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာ-အိန္ဒိယ အပြည်ပြည် ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများ၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့် နေရာသို့ ရောက်ရှိကြရာ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar နှင့် ဇနီး၊ မြန်မာ နိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌနှင့် တာဝန်ရှိသူများ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့က မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ် ကြည်ရေးနှင့် သံတမန်ဆက်ဆံခြင်း (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ် အခမ်းအနား ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် သံတမန် ဆက်ဆံခြင်း (၇၅) နှစ်ပြည့် စိန်ရတုအထိမ်းအမှတ်ဓာတ်ပုံပြခန်းကို လှည့်လည် ကြည့်ရှုကြသည်။

ထို့နောက် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပပြုလုပ်ရာ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် သံတမန် ဆက်ဆံခြင်း (၇၅) နှစ်ပြည့် စိန်ရတု အထိမ်း အမှတ် Video Clip ကို ပြသသည်။

ယင်းနောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် သံတမန် ဆက်ဆံခြင်း (၇၅) နှစ်ပြည့် စိန်ရတု အထိမ်းအမှတ် မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ သံတမန် ဆက်ဆံရေးကို  ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံလွတ်လပ်ရေး ရသည့် နေ့၌ပင် စတင်ထူထောင်ခဲ့ခြင်းဖြစ်သည့်အတွက် ယခုအခါ (၇၅)နှစ်မြောက် စိန်ရတုတိုင် ခဲ့ပြီဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် ရှည်လျားသည့် နယ်နိမိတ်ထိစပ်မှုအပြင် သံတမန် ဆက်ဆံရေး မထူထောင်မီ ရာစုနှစ်ပေါင်းများစွာကပင် ဘာသာရေး၊ ယဉ်ကျေး မှုနှင့် လူမှုရေးဆိုင်ရာ ဆက်နွယ်မှုသမိုင်းကြောင်း အစဉ်အလာများ ရှိခဲ့ပြီးဖြစ်ပါကြောင်း။

မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ၏ ဘာသာရေးနှင့် ယဉ်ကျေးမှု ဆက်ဆံရေးသည် အသောကမင်းကြီးလက်ထက်ကပင် ရှိခဲ့သည်ဟု မှတ်တမ်းမှတ်ရာများအရ သိရှိရပါ ကြောင်း၊ အသောကမင်းတရားကြီးသည် တတိယသိင်္ဂါယနာတင်ပွဲအပြီးတွင် ကိုးတိုင်း၊ ကိုးခရိုင်ဌာနသို့ သာသနာပြုများကို စေလွှတ်ခဲ့ပြီး အဆိုပါကာလသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်သွယ်မှုအစပျိုးသည့်ကာလဟု ဆိုနိုင်ပါကြောင်း၊ ထို့ပြင် သရေခေတ္တရာခေတ်က နှစ်နိုင်ငံဆက်သွယ်မှုပြုခဲ့သည့် အထောက်အထားများကိုလည်း တွေ့ရှိခဲ့သည်ဟု မှတ်သားမိပါကြောင်း၊ ပုဂံခေတ်ရောက်သည့်အချိန်တွင် နှစ်နိုင်ငံ ဆက်သွယ်မှုသည် ပိုမိုတိုးတက်လာခဲ့ပါကြောင်း။

နှစ်နိုင်ငံဆက်ဆံရေးကို ရေရှည်ခိုင်မြဲစေသည့် အဓိက အကြောင်းရင်းများ ထဲတွင် ဗြိတိသျှကိုလိုနီနယ်ချဲ့ လက်အောက်ခံ ဘဝကျရောက်ခဲ့သည်များ၊ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းအားထုတ်ခဲ့ကြမှုများ၊ ဗြိတိသျှနယ်ချဲ့များသည် မြန်မာဘုရင် နောက်ဆုံး မင်းဆက် သီပေါမင်းကို မန္တလေးရတနာပုံ နေပြည်တော်က ဖမ်းဆီး ခေါ်ဆောင်သွားပြီး အိန္ဒိယနိုင်ငံရတနာဂီရိတွင် ထားရှိခဲ့ရာမှ အဆိုပါနေရာမှာပင် ကံတော်ကုန်ခဲ့ရသကဲ့သို့ အိန္ဒိယနိုင်ငံ၏ နောက်ဆုံး မဂိုဘုရင် ဇဖာရှားကို မြန်မာနိုင်ငံကို ဖမ်းဆီးခေါ်ဆောင် လာခဲ့ပြီး ရန်ကုန်မြို့မှာပင် ကွယ်လွန်သွားခဲ့သည်များ စသည့် နိုင်ငံရေးနောက်ခံ သမိုင်း ကြောင်းများ၊ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာတွင် မြန်မာဘုန်းတော်ကြီးကျောင်း များတည်ရှိ နေမှုနှင့် မြန်မာနိုင်ငံသားထဲမှ ဗုဒ္ဓဘာသာဝင်များ ဘာသာရေးခရီးအဖြစ် စဉ်ဆက်မပြတ် သွားရောက် ဖူးမြော်ကြည်ညိုနေကြသည်များ၊ လယ်ယာစိုက်ပျိုးရေးကို  အဓိကအားထား သည့် နိုင်ငံများဖြစ်နေခြင်းများ အပါအဝင်ဖြစ်ပါ ကြောင်း။

ထိုသို့နှစ်နိုင်ငံအကြား နှစ်ပေါင်းထောင်ချီသည့် ကာလကတည်းက ကိုးကွယ် ယုံကြည်မှု ဘာသာတရားအရလည်းကောင်း၊ အတန်အသင့်တူညီမှုရှိသည့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအရလည်းကောင်း၊ စာပေ အပါအဝင် အနုသုခုမပညာရပ်များ အရ လည်းကောင်း၊ ဗိသုကာဆိုင်ရာ အဆောက်အအုံပညာရပ်များအရလည်းကောင်း၊ စားရေ ရိက္ခာ အဝတ်အစားနှင့် အသုံးအဆောင်ပစ္စည်းများ၊ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာအရ လည်းကောင်း အပြန်အလှန်ကူးလူး ဆက်ဆံမှုများရှိခဲ့ကြသည့် အကျိုးဆက်များမှာ အသုံး အဆောင်ပစ္စည်း၊ အစားအစာနှင့် ဝတ်စားဆင်ယင်မှုများတွင် အသုံးအနှုန်း အခေါ် အဝေါ်များမှာ တူညီမှု များစွာရှိနေသည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါကြောင်း။

အလွယ်တကူ ဥပမာပြရမည်ဆိုပါက အသုံးအဆောင်များဖြစ်သည့် လန်ချား၊ ဘာဂီ၊ ချယ်ဂါရီ၊ ပန်ကာ၊ ပိုက်ဆံ၊ ဘူတာတို့ကို မြန်မာစကားအဖြစ် တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသည်ကို တွေ့ရမည်ဖြစ်သလို မြန်မာများ နှစ်နှစ်ခြိုက်ခြိုက်စားသုံးနေသော အိန္ဒိယအစားအစာများ ဖြစ်ကြသည့် စမူဆာ၊ ချာပါတီ၊ တိုရှည်၊ ပလာတာ၊ မာဆလာ၊ ပူရီစသည်များကိုလည်း မြန်မာများ၏ နေ့စဉ်သုံး ဝေါဟာရများတွင် အကျွမ်းတဝင်ဖြစ် နေသည်ကို တွေ့ရမည်ဖြစ်သကဲ့သို့ မိမိတို့ ဝတ်ဆင်နေသည့် ပုဆိုးကို လုံချည်လို့ သုံးနှုန်း နေသည်ကိုလည်း တွေ့ရမည်ဖြစ်ပါ ကြောင်း။

မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံလုံးသည် ဗြိတိသျှကိုလိုနီလက်အောက်ခံ ဖြစ်ခဲ့ရပြီး ကိုလိုနီလက်အောက်ခံဘဝက လွတ်မြောက်ရန် ကြိုးပမ်းကြရာတွင်လည်း နှစ်နိုင်ငံ ခေါင်းဆောင်အချင်းချင်း အပြန်အလှန် ဆက်သွယ်မှုရှိခဲ့ခြင်းများ၊ အတူတကွ တိုက်ပွဲ ဝင်ခဲ့ကြသည့် သမိုင်းကြောင်းများကလည်း နှစ်နိုင်ငံဆက်ဆံရေးတွင် လွန်စွာ အရေးပါခဲ့ ပါကြောင်း၊ မိမိတို့၏ အမျိုးသားခေါင်းဆောင်ကြီးလည်းဖြစ်၊ လွတ်လပ်ရေး၏ ဗိသုကာ ဖခင်ကြီးလည်းဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အိန္ဒိယနိုင်ငံ အမျိုးသားခေါင်းဆောင် ပဏ္ဍစ်ဂျဝါဟလာနေရူးတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားချစ်ခင်မှု ရှိကြသည့် ခေါင်းဆောင်ကြီးများဖြစ်ကြပါကြောင်း၊ မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါ သည့် အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရန်အတွက် အင်္ဂလန်သို့ မသွားရောက်မီ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံညှိနှိုင်းမှု လုပ်ခဲ့ကြမှုများ၊ မြန်မာ့လွတ်လပ်ရေးအတွက် စိတ်စောနေသည့် ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလန်၏ ရာသီဥတုဒဏ်ခံနိုင်ရန် နေရူးက ၎င်း၏ ကုတ်အင်္ကျီကို ပေးခဲ့ခြင်းများက ၎င်းတို့ နှစ်ဦး ကြား ခိုင်မြဲသည့်ချစ်ခင်ရင်းနှီးမှုနှင့် သံယောဇဉ်တရားတို့ကို ဖော်ကျူးနေခြင်းပင်ဖြစ် ပါကြောင်း။

ယခုကဲ့သို့ သမိုင်းနောက်ခံအရရော၊ ပထဝီဝင်အနေအထားအရပါ တူညီ သည့် သဘောသဘာဝ များစွာရှိသည့်အပြင် နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည်ရင်းနှီး မှုများနှင့်အတူ ကုန်သွယ်မှုကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး ပြည်သူအချင်းချင်း ထိတွေ့မှုရှိခြင်းများကလည်း စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေခဲ့သည်ကို တွေ့ရမည်ဖြစ်ပါ ကြောင်း။

ယခုကဲ့သို့နှစ်ထောင်ချီခဲ့သည့် သမိုင်းကြောင်းရှိခဲ့သည့်အပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစကာလ၌ တွေ့ကြုံရင်ဆိုင်ခဲ့ရသည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ အတွင်း အိန္ဒိယနိုင်ငံက လက်နက်အကူအညီပေးခဲ့မှုများ၊ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံကို ကူမင်တန်များ ကျူးကျော်လာခဲ့စဉ်က အိန္ဒိယဝန်ကြီးချုပ် နေရူး သည် မြန်မာ နိုင်ငံ ဘက်က အပြည့်အဝရပ်တည်ပေးခဲ့မှုများ၊ မြန်မာနိုင်ငံက ကူမင်တန်ကျူးကျော်မှုကို ကုလ သမဂ္ဂသို့ ကန့်ကွက်စာတင်ခဲ့စဉ်ကလည်း အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံဘက်မှ အားတက် သရော ထောက်ခံပေးခဲ့မှုများက မိမိတို့ မည်သည့်အခါမှ မေ့ပျောက်၍ မရနိုင်သည့် ကျေးဇူး တရားများ ဖြစ်ပါကြောင်း။

လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း မိမိတို့နှစ်နိုင်ငံအကြား အပြန်အလှန် နားလည်မှု၊ အိမ်နီးချင်းကောင်းပီသမှုတို့ကို အခြေခံပြီး ပိုမိုချစ်ခင်ရင်းနှီးစွာ ဆက်ဆံခဲ့ ကြသကဲ့သို့ ခေတ်အဆက်ဆက် နှစ်နိုင်ငံခေါင်းဆောင်များအကြား အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များနှင့်လည်း နှစ်နိုင်ငံကြားဆက်ဆံရေးကို ပိုမိုတိုးတက် ကောင်းမွန် လာအောင် တည်ဆောက်နိုင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် ၁၉၅၁ ခုနှစ်၊ ဇူလိုင် ၇ ရက်တွင် “ငြိမ်းချမ်း ရေးနဲ့ ချစ်ကြည်ရေးစာချုပ်” (Treaty of Peace and Friendship) ကို ချုပ်ဆိုခဲ့ကြ ပါကြောင်း၊ အဆိုပါစာချုပ်အရ “နှစ်နိုင်ငံကြား ထာဝရတည်မြဲသော ငြိမ်းချမ်းရေးနဲ့ မပြောင်းလဲသော ချစ်ကြည်ရေး ”ကို တည်ဆောက်နိုင်ခဲ့ကြပါ ကြောင်း၊  ၁၉၅၄ ခုနှစ်၊ ဧပြီ လတွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ကျင်းပခဲ့သည့် ကိုလံဘိုညီလာခံတွင် မြန်မာ ဝန်ကြီးချုပ် ဦးနုနှင့် အိန္ဒိယဝန်ကြီးချုပ် နေရူးတို့သည် သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ပါကစ္စတန် တို့နှင့်အတူ တက်ရောက်ခဲ့ပြီး ကက်ရှ်မီးယား အရေးနှင့် ပတ်သက်၍ အိန္ဒိယနှင့် ပါကစ္စတန်တို့၏ ပဋိပက္ခဖြစ်ပွားမှုကို မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနု၏ ကြိုးပမ်း မှုနှင့် ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါကြောင်း။

၁၉၅၅ ခုနှစ်တွင်အင်ဒိုနီးရှားနိုင်ငံ၊ ဘန်ဒေါင်းမြို့၌ ကျင်းပခဲ့သည့် ဘန်ဒေါင်း ညီလာခံတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေးမူကြီး (၅)ချက် (Five Principles of Peaceful Coexistence) ” ချမှတ်ရာတွင် အတူတကွ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း။

မြန်မာနိုင်ငံတွင် ၁၉၅၄ ခုနှစ် စီးပွားရေးအကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ ရစဉ် အချိန်၌ အိန္ဒိယနိုင်ငံက မိတ်ဆွေကောင်းပီသစွာဖြင့် ဆန်တန်ချိန် (၉)သိန်း ရောင်းချပေး ခဲ့သည်ကိုလည်း မိမိတို့ မြန်မာများ ရင်ထဲတွင် အမြဲအမှတ်တရရှိနေသည်ကို ပြောကြား လိုပါကြောင်း။

၁၉၇၀ ပြည့်နှစ်တွင် မြန်မာ-အိန္ဒိယ ကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ် ရေးထိုးပြီးနောက်ပိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုသည် တစ်ဖြည်းဖြည်း တိုးတက်လာခဲ့သည်ကို တွေ့ရမည်ဖြစ်ပြီး အခုအခါ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ပဉ္စမမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ၊ ပို့ကုန်တင်ပို့မှုတွင် စတုတ္ထမြောက်နှင့် သွင်းကုန်တင်သွင်းမှုမှာ ဆဋ္ဌမ မြောက် အများဆုံးနိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံက ပဲနှင့် အခြားထွက်ကုန်များကို အိန္ဒိယ ကို တင်ပို့နေခြင်းဖြစ်သကဲ့သို့ အိန္ဒိယနိုင်ငံကလည်း မြန်မာနိုင်ငံကို ဆေးဝါးနှင့် စက်မှုပစ္စည်းများတင်သွင်းမှုအပြင် နည်းပညာ အထောက်အပံ့များလည်း ပေးအပ်လျက် ရှိပါကြောင်း။

လူမှုရေးအကူအညီများအဖြစ် ၂၀၁၆ ခုနှစ်တွင် ငလျင်ဒဏ်ခံခဲ့ရသည့် ပုဂံဘုရား များကို ပြုပြင်ရာတွင် အိန္ဒိယအစိုးရက လှူဒါန်းမှုများ ပြုလုပ်ခဲ့သကဲ့သို့ လက်ရှိကမ္ဘာ တစ်ဝန်း ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးအတွက် အိန္ဒိယ နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covishield (၁၃ ဒသမ ၄) သန်းကို ရောင်းချ ပေးသည့်အပြင် Sasakawa ဖောင်ဒေးရှင်းက Covaxin (၂)သန်းနှင့် အိန္ဒိယအစိုးရက Covaxin (၁)သန်းတို့ကို မိတ်ဆွေကောင်း ပီသစွာ ပေးအပ်လှူဒါန်းခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိသည်ကို မှတ်တမ်းတင် ပြောကြားလိုပါတယ်။

ထို့ပြင် နှစ်နိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးမှုလုပ်ငန်းများဖြစ်သည့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ  အဝေးပြေးလမ်းမစီမံကိန်း တို့ကိုလည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းသည် ကုလားတန်မြစ်ကြောင်းတစ်လျှောက် စစ်တွေဆိပ်ကမ်းမှ အိန္ဒိယ နိုင်ငံအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်အထိ ဆက်သွယ်ပေးမည်ဖြစ်သည့်အတွက် ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်မှ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ကောင်းမွန်လာနိုင်သည့်အပြင် ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် စီမံကိန်းတစ်ခုဖြစ်လာမည်ဖြစ်ပါကြောင်း၊ ကုလားတန်စီမံကိန်းတွင် ပါဝင်သည့် စစ်တွေ ဆိပ်ကမ်းကို အခြေပြုပြီး စစ်တွေ အထူးစီးပွားရေးဇုန်တစ်ခုလည်း ပေါ်ပေါက်လာမည့် အလားအလာကောင်းများ ရှိနေပြီ ဖြစ်ပါကြောင်း။

အလားတူ ကာကွယ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ စွမ်းအင်၊ အစားအစာနှင့် အဝတ်အထည်ချုပ်လုပ်ငန်းများ၊ နည်းပညာ၊ ကျန်းမာရေး၊ ပညာရေးနှင့်ကျွမ်းကျင်မှုသင်တန်း၊ ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ ဘဏ်နှင့် ငွေရေးကြေးရေးလုပ်ငန်းတို့ အပေါ် တွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ စိတ်ဝင်စားမှု ထပ်တူညီသည့်အတွက် နှစ်နိုင်ငံ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်းကို  ပြောကြားလိုပါကြောင်း။

ထိုကဲ့သို့ မိမိတို့ နှစ်နိုင်ငံသည် သံတမန် ဆက်ဆံရေးကာလ (၇၅)နှစ်တာ အတွင်း အိန္ဒိယနိုင်ငံ၏ ခေါင်းဆောင်ကြီးများဖြစ်သည့် ဝန်ကြီးချုပ် နေရူးလက်ထက် မှ အစပြုပြီး အင်ဒီယာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ၊ မန်မိုဟန်ဆင်း၊ နာရန်ဒရာ မိုဒီ စသည့် ခေါင်းဆောင်များနှင့် မိမိတို့ မြန်မာနိုင်ငံ နိုင်ငံရေးဘက်မှ ခေါင်းဆောင်များ၊ တပ်မတော်ဘက်မှ မိမိအပါအဝင် ခေါင်းဆောင်များသည် အစဉ်အလာမပျက် ရင်းနှီးချစ်ကြည်စွာ ဆက်ဆံပူးပေါင်း လက်တွဲ ဆောင်ရွက်နိုင်ခဲ့မှုများ၊ ဆက်လက် ပူးပေါင်း ဆောင်ရွက်နိုင်မှုများမှ နှစ်နိုင်ငံအကြား အကျိုးဖြစ်ထွန်းမှုများစွာ ရရှိစေခဲ့သည်ဟု ဆိုရမည်ဖြစ်ပါကြောင်း၊ လက်ရှိအိန္ဒိယ ဝန်ကြီး ချုပ် နာရန်ဒရာမိုဒီ (Narendra Modi) လက်ထက်တွင် မြန်မာနှင့် အိန္ဒိယ၏ ဆက်ဆံရေး သည် သမိုင်းတစ်လျှောက် အရေးပါ ဆုံးအနေအထား တစ်ရပ်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါ ကြောင်း။

ချစ်ကြည်ရင်းနှီးမှု၊ ကောင်းမွန်သည့် ဆက်ဆံပေါင်းသင်းမှုများ အစဉ်အဆက် ရှိခဲ့ကြသည်ကို ပြန်ကြည့်မည်ဆိုပါက ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး()ရပ် နှင့်အညီ တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို တစ်နိုင်ငံက လေးစားပြီး အိမ်နီးချင်း ကောင်း၊ မိတ်ဆွေကောင်း ပီသစွာ ဆက်ဆံခဲ့ကြသောကြောင့်ပင် ဖြစ်ပါ ကြောင်း။

လက်ရှိ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တာဝန်ယူဆောင်ရွက် နေစဉ် မှာလည်း ခေတ်အဆက်ဆက်က အစဉ်တစ်စိုက် ကျင့်သုံးခဲ့သည့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး မူကြီး()ရပ်၊ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြား ရေး မူဝါဒနှင့်အညီ ဆောင်ရွက်နိုင်မှုများကြောင့် နှစ်နိုင်ငံအကြား ဘက်စုံ၊ ကဏ္ဍစုံအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးတက်သည်ထက် တိုးတက်အောင်၊ ပိုမိုခိုင်မာ သည်ထက် ခိုင်မာအောင် အကောင်းဆုံးကြိုးပမ်း ဆောင်ရွက် နေတာကို တွေ့မြင်ရမည် ဖြစ်ပါ ကြောင်း။

မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှ သုံးခုလုံး၏ ဆုံရာအရပ်တွင် တည်ရှိနေသည့်နိုင်ငံ ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်ကတည်းက အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ကြွေးကျော်ခဲ့သည့် အိန္ဒိယနိုင်ငံ၏ “အရှေ့နှင့် ထိတွေ့ဆက်ဆံ ရေးမူဝါဒ” အရ အရှေ့တောင်အာရှဒေသနှင့် ကူးလူးဆက်သွယ်မှု မြှင့်တင်လိုသည့် အိန္ဒိယ နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အပြင် မြန်မာနိုင်ငံ သည် အိန္ဒိယနိုင်ငံကို အရှေ့တောင်အာရှဒေသနှင့် ချိတ်ဆက်ပေးထားသည့် ကုန်းမြေ တံတား လည်းဖြစ်သည့်အတွက် အဆိုပါ ပထဝီ နိုင်ငံရေးအားသာချက်ကို အပြည့်အဝ အသုံးချနိုင်မည်ဆိုပါက မိမိတို့ နှစ်နိုင်ငံလုံး၏ ပြည်သူများအတွက် အပြန်အလှန် အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့မှာ အိန္ဒိယစင်တာကို ဖွင့်လှစ်နိုင်ခဲ့သည်မှာလည်း နှစ်နိုင်ငံကြား ချစ်ခင်ရင်းနှီးသည့် ဆက်ဆံရေးပြယုဒ် အဖြစ်သာမကဘဲ နှစ်နိုင်ငံပြည်သူချင်း ထိတွေ့ဆက်ဆံမှုနှင့် နှစ်နိုင်ငံကြား အပြန်အလှန် နားလည်မှုများကို ပိုမိုမြှင့်တင်ခိုင်မာလာစေရေးအတွက် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်မိပါကြောင်း။

            ထို့အပြင် အိန္ဒိယ၏ “အိမ်နီးချင်း ဦးစားပေး မူဝါဒ” တို့ကို အခြေခံပြီး လုပ် ဆောင်မှုများကြောင့် မိမိတို့ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ကူးသန်းရောင်း ဝယ်ရေး၊ ယဉ်ကျေးမှု၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအပါအဝင် ပူးပေါင်း ဆောင်ရွက် မှုများကလည်း နှစ်ဘက်နိုင်ငံများအတွက် ထိရောက်သည့်၊ ကောင်းမွန်သည့်၊ အကျိုးဖြစ် ထွန်းစေသည့် ရလဒ်များ ရရှိစေခဲ့သည့်အတွက် ဝမ်းမြောက်ပီတိ ဖြစ်ရပါကြောင်း ပြောကြား လိုပါကြောင်း။ 

            မြန်မာပြည်သူလူထု မျှော်မှန်းသည့် မြန်မာတိုင်းရင်းသားများ လိုလားသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကြီးကို ထူထောင်နိုင်ရေးတွင် အဓိကကျသည့် လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယနိုင်ငံက ကူညီပေးခဲ့သည် များကိုလည်း ယခုလိုအခွင့်အခါ ကြုံကြိုက်စဉ်မှာ မှတ်မှတ်ထင်ထင် ကျေးဇူးတင် စကား ပြောကြားလိုပါကြောင်း၊ အထင်ရှားဆုံး သာဓကမှာ ၂၀၁၃ ခုနှစ်မှ ၂၀၂၁ ခုနှစ် ကာလအတွင်း မြန်မာနိုင်ငံက အိန္ဒိယနိုင်ငံကို ပညာတော်သင် စုစုပေါင်း (၆၆၀၀) ကျော် စေလွှတ်နိုင်ခဲ့မှုသည် ထင်ရှားသည့်သက်သေ၊ ခိုင်မာသည့် မှတ်တမ်းတစ်ခုပင် ဖြစ်ပါ ကြောင်း။

            ယခုဆိုပါက ပညာတော်သင်စေလွှတ်ခဲ့သည့် ဒေါက်တာဘွဲ့ရ ပုဂ္ဂိုလ်များ၊ မဟာ ဘွဲ့ရပုဂ္ဂိုလ်များသည် ဘာသာရေးကဏ္ဍက ဆရာတော်၊ သံဃာတော်များ၊ သီလရှင် ဆရာကြီးများ ပါဝင်နေသကဲ့သို့ နိုင်ငံ၏ အုပ်ချုပ်ရေးယန္တရားတွင် အရေးကြီးသည့် တာဝန်များဖြစ်သည့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး စသည့် ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများတွင် ဌာနဆိုင်ရာ အကြီး အကဲ များအဖြစ် တာဝန်ထမ်းဆောင်နေကြသည်ကို ဂုဏ်ယူ ဝမ်းမြောက်ဖွယ် တွေ့မြင်ရ မည်ဖြစ်ပါကြောင်း။

            မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများ၊ ကူးလူးဆက်ဆံ မှုများ၊ အပြန်အလှန် ပံ့ပိုးကူညီမှုများသည် နှစ်ကာလ ကြာရှည်သည်နှင့်အမျှ ပြော၍ မကုန်နိုင်အောင် ရှိနေပါကြောင်း၊ ယနေ့အခမ်းအနားမှာ ခင်းကျင်းပြသထားသည့် မှတ်တမ်းဓာတ်ပုံများကို ကြည့်မည်ဆိုပါက နှစ်နိုင်ငံကြားရှိခဲ့သည့် သမိုင်းကြောင်း များ၊ နက်ရှိုင်းသည့် ခင်မင်မှုများ၊ အခက်အခဲနှင့် အကျပ်အတည်းများကို ရင်ဆိုင် ကြုံတွေ့ရသည့် အချိန်များတွင် မိတ်ဆွေကောင်းစိတ်ဓာတ်နှင့် အတူတကွ ဖြတ်ကျော် နိုင်ခဲ့မှုများ၊ ဒီနေ့ဒီချိန်ထိတိုင်အောင်လည်း ခင်မင်ရင်းစွဲ၊ ချစ်ကြည်ရင်းစွဲတို့ကို မပျောက် ပျက်အောင် ခေတ်အဆက်ဆက်သော နှစ်နိုင်ငံ ခေါင်းဆောင်များက အမြော်အမြင် ကြီး ကြီးဖြင့် ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ထားနိုင်မှုများကို အထင်အရှားတွေ့ ရမည် ဖြစ်ပါ ကြောင်း။

            ယနေ့ကမ္ဘာကြီးကိုကြည့်မည်ဆိုပါက အင်အားကြီးနိုင်ငံအချို့သည် မိမိတို့ နိုင်ငံ အပါအဝင် နိုင်ငံငယ်များ၏ ပြည်တွင်းရေးများကို ခေါင်းစဉ်အမျိုးမျိုး၊ အကြောင်း အရာ အဖုံဖုံနှင့် နည်းလမ်းမျိုးစုံသုံးပြီး ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို အခြေခံကာ ဝင်ရောက် စွက်ဖက်နေကြသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပထဝီဝင် အနေအထား အရ အရေးပါအရာရောက်မှုများကြောင့် ၎င်းတို့အလိုကျ ပုံဖော်ဆောင်ရွက်နိုင်ရေး၊ ၎င်းတို့ ၏ ရုပ်သေး၊ ၎င်းတို့၏ ဩဇာခံဖြစ်စေရေး၊ ၎င်းတို့ အလိုကျပုံဖော်နိုင်ရေး ဖိအားပေး အကြပ်ကိုင်မှုများ၊ အပြစ်ရှာဝေဖန်တိုက်ခိုက်မှုများ၊ ပိတ်ဆို့ အရေးယူမှုများ စဉ်ဆက် မပြတ် လုပ်ဆောင်နေမှုများကြားမှ “ပြည့်အင်အားသည် ပြည်တွင်း မှာသာရှိသည်”ဟု ခံယူပြီးအခက်အခဲများ၊  အကျပ်အတည်းများကို ရင်ဆိုင် ကျော်လွှားနေရသည့်အချိန်တွင် မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်းများ၏ စစ်မှန်သည့် စိတ်သဘောထားများနှင့် ကူညီအားပေးမှုများသည် မိမိတို့ ပြည်သူများ၏ တစ်နည်းအားဖြင့် မိမိတို့ မြန်မာနိုင်ငံ သားများအပေါ် ကြီးမားသည့်ခွန်အား ဖြစ်စေခဲ့သောကြောင့်လည်း အိန္ဒိယနိုင်ငံအပါအဝင် မိမိတို့နိုင်ငံကို အပြုသဘောဆောင် အားပေးထောက်ပံ့ ကူညီရပ်တည်ပေးနေသည့် နိုင်ငံ တကာက မိတ်ဆွေများကို မြန်မာနိုင်ငံသားများကိုယ်စား အထူးပင် အသိအမှတ်ပြု ကျေးဇူး တင်ကြောင်းကို အမှတ်တရ ဖော်ပြလိုပါကြောင်း။

            မျက်မှောက်ကမ္ဘာကြီးတွင် အတူတကွ တည်ရှိနေကြသည့် နိုင်ငံအားလုံး အရေး အကြီးဆုံးလိုအပ်ချက်သည် ငြိမ်းချမ်းရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့်လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးပင် ဖြစ်ပါကြောင်း၊ ၎င်းလိုအပ်ချက်များ ပြည့်စုံရန်ဆိုပါက နိုင်ငံတကာ ဆက်ဆံရေး ခိုင်မာအားကောင်းရေးကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဟု မိမိတို့အနေဖြင့် အပြည့်အဝ ခံယူထားပြီးဖြစ်ပါကြောင်း။

            ထို့ကြောင့်လည်း မိမိတို့ မြန်မာနိုင်ငံအနေဖြင့် မည်သို့သော စိန်ခေါ်မှုများ ရင်ဆိုင်ရသည်ပင်ဖြစ်စေ မိမိနိုင်ငံ၊ မိမိလူမျိုးအကျိုးစီးပွားကို မထိခိုက်စေမည့်၊ နိုင်ငံ တကာနှင့် ပေါင်းသင်းဆက်ဆံမှုကို မပျက်ယွင်းစေမည့် ကျင့်ဝတ်စည်းကမ်းများကို အလေးထားသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် ဒေသတွင်း အဖွဲ့ အစည်းများ၊ ကမ္ဘာ့နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကို အတိအလင်း ပြောကြားလိုပါ ကြောင်း။

            ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း မိမိတို့တာဝန်ယူစဉ်ကာလ အတွင်း၌ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၁၂)ရပ်တို့ချမှတ်ပြီး “ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ” ဟူသည့် ဆောင်ပုဒ် နှင့်အညီ ဦးလည်မသုန် တစ်စိုက်မတ်မတ် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ အနေဖြင့်လည်း မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံနှင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်မျှော်လင့် ပါကြောင်း။

             (၇၅)နှစ်ဟူသည်မှာ အတိုင်းအတာတစ်ခုအထိ ရှည်လျားသည့်ကာလတစ်ခု ဖြစ်ပါကြောင်း၊ ယင်းကာလအတွင်း ချစ်ကြည်ရင်းနှီးမှုကို အခြေခံသည့်၊ အပြန် အလှန်လေးစားမှုကို တန်ဖိုးထားသည့်၊ တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို တစ် နိုင်ငံက အသိအမှတ်ပြုသည့် ပေါင်းသင်းဆက်ဆံမှုကို ထိန်းသိမ်းနိုင်ခြင်းသည် အမှန် တကယ် ဂုဏ်ယူရမည်ဖြစ်ပါကြောင်း။

            ယခုကဲ့သို့ အသွင်သဏ္ဍာန်ရော အနှစ်သာရပါ ပြည့်ဝမှုရှိသည့် မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံကြား နှစ်နိုင်ငံချစ်ကြည်ရေးနှင့် သံတမန် ဆက်ဆံရေး စိန်ရတု အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ခွင့်ရသည့်အတွက်လည်း မိမိစိတ်ထဲတွင် ကြည်နူးချမ်းမြေ့မှု၊ ကျေနပ်နှစ်သက်မှုများစွာ ဖြစ်ရပါကြောင်း၊ ထို့အတွက်လည်း ယခုအခမ်းအနားကို ဖြစ်မြောက်အောင် စိတ်ကောင်းစေတနာအပြည့်နှင့် ဝိုင်းဝန်း ဆောင်ရွက်ပေးခဲ့ကြသည့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီနှင့် အဖွဲ့အစည်း အသီးသီးတို့ကို နိုင်ငံတော်အစိုးရကိုယ်စား အထူး ပင် ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင် ပြောကြားလိုပါကြောင်း။

            မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံအကြား စိန်ရတုသံတမန်ဆက်ဆံမှုနှင့် ချစ်ကြည် မှုမှသည် ရှေးယခင် အစဉ်အလာများနှင့်အညီ ပိုမိုတိုးတက်ခိုင်မြဲသည့် ရင်းနှီးချစ်ကြည်မှု ကို ဆက်လက်တည်ဆောက်နိုင်ပါစေကြောင်း၊ နှစ်နိုင်ငံကြား အစိုးရအဖွဲ့အစည်းများ သာမက ပြည်သူများ အချင်းချင်းပါ ချစ်ကြည်ရင်းနှီးမှု၊ ကူးလူးဆက်ဆံမှု၊ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းမှုများ တိုးတက်ပေါ်ပေါက်နိုင်ပါစေကြောင်း၊ နှစ်နိုင်ငံကြား ချစ်ကြည် ရင်းနှီးမှုမှသည် နိုင်ငံများ၏ အကျိုး၊ ပြည်သူများ၏အကျိုး၊ ဒေသအကျိုး စီးပွားများ တိုးတက်မြှင့်တင်နိုင်ခြင်းနှင့်အတူ ကမ္ဘာ့နိုင်ငံများ၏ ငြိမ်းချမ်းမှု၊ သာယာ ဝပြောမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆောင်ကြဉ်းပေးနိုင်ပါစေကြောင်း၊ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ခိုင်မြဲပါစေကြောင်းနှင့် မြန်မာ-အိန္ဒိယ နှစ်ပြည်ထောင် လုံး အေးချမ်းစည်ပင် ဖွံ့ဖြိုးတိုးတက်ပါစေကြောင်းကို ဆန္ဒပြု ဆုတောင်းပြောကြား လိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးက မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် သံတမန် ဆက်ဆံခြင်း(၇၅)နှစ်ပြည့် အထိမ်းအမှတ် ချစ်ကြည်ရေး အမှာစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် နှစ်နိုင်ငံယဉ်ကျေးမှုအဖွဲ့များ၏ နှစ်နိုင်ငံယဉ်ကျေးမှုအကပဒေသာများ၊ တေးသီချင်းများဖြင့် သီဆိုတီးမှုတ်ကပြဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေး သည်။ ဖျော်ဖြေတင်ဆက်မှုများအပြီးတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့သည် နှစ်နိုင်ငံ ယဉ်ကျေးမှုအဖွဲ့များကို ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့်ဇနီး၊ အခမ်းအနား တက်ရောက် လာကြသူများသည် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် သံတမန် ဆက်ဆံ ခြင်း(၇၅)နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။