နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဧည့်ခံပွဲ တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဧည့်ခံပွဲ တက်ရောက်

 
နေပြည်တော် ဖေဖော်ဝါရီ ၁၈

 
မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်း အမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Hilton ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိ ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများနှင့် သံတမန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

 
ဦးစွာ အခမ်းအနားကို မြန်မာ-ရုရှား နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် ဖွင့်လှစ် ပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ဗ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ထူထောင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ဆက်ဆံရေး သည် ခိုင်မာသထက် ခိုင်မာလျက်ရှိပြီး နှစ်နိုင်ငံလုံးအနေဖြင့် ရင်းနှီးချစ်ကြည်ပြီး နီးကပ်သည့် ဆက်ဆံရေးအား တန်ဖိုးထားထိန်းသိမ်းနိုင်ခဲ့သည်ကို တွေ့မြင်ရကြောင်း၊ ယင်းကာလ တစ်လျှောက်တွင် ရုရှားနိုင်ငံက မြန်မာနိုင်ငံအပေါ် နှစ်နိုင်ငံနှင့် နိုင်ငံတကာမျက်နှာစာ တွင် အစဉ်တစိုက် ထောက်ခံအားပေးခဲ့သည့်အပေါ်တွင်လည်း မိမိတို့အနေဖြင့် တန်ဖိုး ထားပါကြောင်း။
မြန်မာ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးကာလအစ ကောင်းမွန်သည့် ပြယုဂ်များ အနေဖြင့် ရုရှား-မြန်မာ ချစ်ကြည်ရေးအတွက် ရုရှားနိုင်ငံမှ တည်ဆောက်ပေးခဲ့သည့် ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ၁၉၆၁ ခုနှစ်က ဖွင့်လှစ်ခဲ့သော စဝ်စံထွန်းဆေးရုံ၊ ၁၉၆၁ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့သည့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ ၁၉၆၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ရန်ကုန်အင်းယားလိတ်ဟိုတယ်နှင့် ၁၉၆၇ ခုနှစ်တွင် ပြီးစီးခဲ့သည့် ကြက်မောက်တောင်ဆည်တို့သည် နှစ်နိုင်ငံအကြားဆက်ဆံရေး ရေရှည်တည် တံ့ခိုင်မြဲ မှုကို အမြဲတမ်းပေါ်လွင်ထင်ဟတ် နေမည်ဖြစ်ပါကြောင်း။
နှစ်နိုင်ငံ ဆက်ဆံရေး၏ အလယ်ကာလ ၁၉၈၀ - ၁၉၉၀ ပတ်ဝန်းကျင်မှ ယနေ့အချိန်အထိ မြန်မာနိုင်ငံ၏ အနာဂတ်ကို ပိုင်စိုးကြမည့် မျိုးဆက်သစ် မြန်မာ နိုင်ငံသား လူငယ်လူရွယ်များ၏ အသိပညာ၊ အတတ်ပညာများ ပိုမိုတိုးတက်ပြည့်စုံ စေရေးအတွက်နှင့် နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကား မြင့်မားစေရေးတို့အတွက် ရုရှား နိုင်ငံတွင် ပညာတော်သင်များ စေလွှတ်သင်ယူခဲ့သကဲ့သို့ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်၏တာဝန်များကို စတင်တာဝန်ယူချိန် တွင် မြန်မာ-ရုရှား ဆက်ဆံရေးသည် သိသာထင်ရှားစွာ တိုးတက်လာသည်ကိုလည်း မိမိအနေဖြင့် ဝမ်းမြောက်ဖွယ် တွေ့မြင်ရပါကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှုနှင့် နှစ်ဖက်ပူးတွဲ အားထုတ်မှုများကြောင့် မြန်မာ-ရုရှားနှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ယနေ့အချိန်တွင် အမြင့်ဆုံးသို့ ရောက် ရှိနေပြီဟု မိမိတို့အနေဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားနိုင်ပြီဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ အကြား ကောင်းမွန်စွာ လည်ပတ်ဆောင်ရွက်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်မှု ယန္တရားများစွာသည်လည်း ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးအပေါ်တွင် နားလည်မှုနှင့် ယုံကြည်မှုများ ပိုမိုဖြစ်ထွန်းစေခဲ့ပြီး နှစ်နိုင်ငံနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ချဲ့ထွင်နိုင်စေမည်ဟု ယုံကြည်ပါကြောင်း။
နှစ်နိုင်ငံအတွက် အကျိုးစီးပွား ရလဒ်ကောင်းများကို ထပ်လောင်းဖော်ဆောင် ပေးမည့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ် အလားအလာသစ်များ ရှိဆဲဖြစ် သည်ဟုလည်း မိမိအနေဖြင့် ခိုင်မာစွာ ယုံကြည်ပါကြောင်း၊ ယင်း အလားအလာများကို အပြည့်အဝ ဖော်ထုတ်အကောင်အထည် ဖော်ရန် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့နှင့် နိုဗိုစီဗစ်မြို့တို့တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများကို မကြာမီကာလတွင် ဖွင့်လှစ်နိုင် ရေးအတွက် မိမိတို့အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရုရှားနိုင်ငံတွင် မြန်မာ ကောင်စစ်ဝန်ချုပ်ရုံးသစ်များ ဖွင့်လှစ်နိုင်ခြင်းသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြင့်မားသည် အဆင့်တစ်ဆင့်သို့ ရောက်ရှိစေရေး အတွက် မိမိတို့၏ ပူးတွဲကြိုးပမ်းမှုများကို သိသိသာသာ အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း။
မိမိတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတောက်ပသည့် ကဏ္ဍသစ်တစ်ရပ် သို့ တက်လှမ်းနိုင်ရေး ကြိုးပမ်းလျက်ရှိသည့် ကာလတွင် ယခု(၇၅)နှစ်မြောက် စိန်ရတု အခါသမယသည် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား တည်ရှိသည့် အထူးကောင်းမွန်သော ချစ်ကြည်ရင်းနှီးမှုနှင့် မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကို ဂုဏ်ပြုဆင်နွှဲရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ မင်္ဂလာရှိသည့် ညချမ်းအချိန်အခါတွင် မိမိတို့အနေဖြင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ်ပြည့် အထိမ်းအမှတ်ကို အမှတ်ရရုံသာမက နှစ်နိုင်ငံ ပြည်သူများ၏ အပြန်အလှန် အကျိုး စီးပွားအတွက် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာစေရေး၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်ချဲ့ထွင်ရေး ကတိကဝတ်ကို ထပ်လောင်းအတည်ပြု သည့် အခါသမယလည်းဖြစ်ပါကြောင်း၊ (၇၅)နှစ်တာ ခရီးကာလကို အောင်မြင်စွာ အတူတကွ လျှောက်လှမ်းခဲ့ကြသည့် မြန်မာ-ရုရှားအစိုးရများနှင့် ပြည်သူများကို ချီးကျူးဂုဏ်ပြု ပါကြောင်း။
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှု ထာဝရတည်တံ့ ခိုင်မြဲစေရေးအတွက်လည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ရုရှားပြည်သူများ ဆက်လက်ဖွံ့ဖြိုးတိုးတက် သာယာဝပြောစေရေးအတွက်လည်းကောင်း၊ နှစ်နိုင်ငံခေါင်း ဆောင်များနှင့် မိတ်ဆွေများ ကျန်းမာ၊ ချမ်းသာကြစေရေးအတွက် လည်းကောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့သည် မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန် ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ကိတ်ကို ခွဲပေးကြပြီး အခမ်း အနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့သည် ရုရှားအကအဖွဲ့များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုပန်းစည်းများပေးအပ်ကာ အခမ်းအနား သို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြ ကြောင်း သိရသည်။