နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော် တပ်နယ်မှ အရာရှိ စစ်သည် မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှု

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လွိုင်ကော် တပ်နယ်မှ အရာရှိ စစ်သည် မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြား၊ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံအားပေး

 
နေပြည်တော်၊ မတ် - ၁၅

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဉီးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့တွင် လွိုင်ကော်တပ်နယ် အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ အမှာစကားပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ က အမှာစကား ပြောကြား ရာတွင် တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာ၌ ၂၄ နာရီတာဝန်ရှိကြောင်း၊ ထိုသို့ ထမ်းဆောင်ရာတွင် တုံးတိုက်တိုက်၊ ကျားကိုက် ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်တို့ဖြင့် မဆုတ်မနစ် ထမ်းဆောင်ကြရန်လိုကြောင်း၊ စစ်ဆင်ရေး၊ လုံခြုံရေးတာဝန်ထမ်းဆောင်ရာတွင် သင်ကြားပေးသည့် စစ်ပညာများကို မှန်မှန်ကန်ကန် အသုံးချရန်နှင့်တပ်ဆင်ပေး ထားသည့် လက်နက်၊ ခဲယမ်း၊ ကိရိယာများကို အပြည့်အဝ ထိရောက်စွာ အသုံးချရန် လိုကြောင်း၊ သို့မှသာ ပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ကို ကောင်းမွန်စွာကာကွယ် စောင့်ရှောက်နိုင်မည်ဖြစ်ကြောင်း။
စစ်ဆင်ရေးနှင့် လုံခြုံရေးလုပ်ငန်းတာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် တပ်တွင်းစည်းလုံးညီညွတ်ရေးသည် အရေးကြီးကြောင်း၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၏ အခက်အခဲနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် အဆင့်ဆင့် သတင်းပို့ စနစ်များ ၊ တပ်တွင်းဆန္ဒဖော်ထုတ်မှုစနစ်များရှိပြီးဖြစ်၍ တာဝန်ရှိသူများက မှန်ကန်စွာ ပြုလုပ်ခြင်း၊ သတင်းပို့တင်ပြခြင်းများကို ချက်ချင်းအရေးတယူ ဖြေရှင်းဆောင်ရွက် ပေးခြင်းများ ပြုလုပ်ပေးရန်လိုကြောင်း။
နိုင်ငံတော်နှင့်တပ်မတော်မှ ပေးအပ်ထားသည့် ရပိုင်ခွင့် နှင့် သက်သာချောင်ချိမှု များဖြစ်သည့် လစာ၊ စရိတ်၊ ရိက္ခာ၊ နေထိုင်ရေး၊ သွားလာရေး၊ စားသောက်ရေး၊ ကျန်းမာ ရေးနှင့် ပညာရေးများကို အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံး အချိန်မီ တစ်ပြေးညီ ရရှိ‌အောင် ဆောင်ရွက်ပေးရန်လိုကြောင်း။
အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် အထက်မှပေးအပ်သော တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်နှင့် မိမိတို့၏ မိသားစုရေးရာ တာဝန်ဝတ္တရားများကို အပြည့်အဝ လုပ်ကိုင်နိုင်ရန်မှာ ကျန်းမာရေးသည်အရေးကြီးကြောင်း၊ ထို့ကြောင့် အထက်ဌာနများမှ လမ်းညွှန်ပေးထားသည့် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ နေထိုင်စားသောက်ရန် လိုကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က တပ်နယ်များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် လွိုင်ကော်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံ ပြည်သူများ၏ ကျန်းမာရေး အခြေအနေများအား ရင်းရင်းနှီးနှီး မေးမြန်းကြည့်ရှု အားပေးစကားပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်သည် လွိုင်ကော်မြို့ရှိ ပြည်နယ် ရဲတပ်ဖွဲ့ရုံးသို့သွားရောက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များအား ရင်းရင်း နှီးနှီးတွေ့ဆုံ၍ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား မှာကြားပြီး တင်ပြချက် များအပေါ်လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။